ကမ္ဘာတွင် စီးပွားရေးယှဉ်ပြိုင်လုပ်ကိုင်နိုင်စွမ်း အကောင်းဆုံးနိုင်ငံအဖြစ် စင်ကာပူက အမေရိကန်ကို ကျော်တက်

ကမ္ဘာတွင် စီးပွားရေးယှဉ်ပြိုင်လုပ်ကိုင်နိုင်စွမ်း အကောင်းဆုံးနိုင်ငံအဖြစ် စင်ကာပူက အမေရိကန်ကို ကျော်တက်
သြဂုတ် ၁၉ ရက်တွင် စင်ကာပူ၌ တန်ဂျုံပါဂါနှင့် ပူလာအူဘရာနီ ကုန်သေတ္တာစခန်းများအား တွေ့ရစဉ်
သြဂုတ် ၁၉ ရက်တွင် စင်ကာပူ၌ တန်ဂျုံပါဂါနှင့် ပူလာအူဘရာနီ ကုန်သေတ္တာစခန်းများအား တွေ့ရစဉ်
Published 9 October 2019
Ref: AFP, AP

စင်ကာပူသည် ကမ္ဘာတွင် စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်း အမြင့်ဆုံးနိုင်ငံအဖြစ် အမေရိကန်ကို ကျော်တက်သွားခဲ့ကြောင်း World Economics Forum (WEF) က အောက်တိုဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ကုန်သွယ်ရေးစစ်ပွဲများကြောင့် အမေရိကန်သည် အချို့ကဏ္ဍများတွင် အဆင့်လျော့ကျသွားခဲ့ပြီး လွန်ခဲ့သည့်တစ်နှစ်ကထက် ယှဉ်ပြိုင်နိုင်စွမ်း နိမ့်သွားခဲ့ကြောင်း WEF က ပြောကြားခဲ့သည်။ အလုပ်အကိုင်နှင့်စီမံခန့် ခွဲမှုအကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာခြင်း၊ အဆင့်မြင့် အခြေခံအဆောက်အအုံ ရှိထားခြင်းကြောင့် ထုတ်လုပ်နိုင်စွမ်းနှင့် ရေရှည်စီးပွားရေးတိုးတက်မှုတို့ကို သုံးသပ်သော WEF ၏ အစီရင်ခံစာတွင် စင်ကာပူက အမေရိကန်ထက် သာလွန်ခဲ့သည်။

အမေရိကန်သည် ကျန်းမာသော လူမှုဘဝသက်တမ်း၊ ၂၁ ရာစုတွင် လိုအပ်သော အနာဂတ်ကျွမ်းကျင်မှုများအတွက် ပြင်ဆင်ထားမှုကဲ့သို့သော ကဏ္ဍများတွင် နောက်ကျနေကြောင်း သက်တမ်းနှစ် ၄၀ ရှိလာပြီဖြစ်သည့် Global Competitiveness Report တွင် ဖော်ပြခဲ့သည်။

ဟောင်ကောင်၊ နယ်သာလန်နှင့် ဆွစ်ဇာလန်တို့က ထိုစာရင်း၏ ထိပ်ဆုံးငါးနေရာကို အစဉ်လိုက် ဆက်လက်ရရှိခဲ့ကြသည်။

ကျန်းမာရေး၊ ဘဏ္ဍာရေးစနစ်၊ စျေးကွက်အရွယ်အစား၊ စီးပွားရေးစွွမ်းအား၊ တီထွင်ဖန်တီးနိုင်စွမ်းကဲ့သို့သော ကဏ္ဍများအပါအဝင် အမျိုးအစား ဒါဇင်ခန့်ရှိသော ကဏ္ဍများအတွက် အညွှန်း ၁၀၀ ကျော်ကို အခြေခံထားသော ယင်းစာရင်းတွင် ကမ္ဘာ့စီးပွားရေး ၁၄၁ ခုကို ယှဉ်ပြိုင်နိုင်စွမ်းနှိုင်း ယှဉ်တွက်ချက်ထားသည်။

စင်ကာပူသည် အညွှန်းမှတ် ၁၀၀ တွင် ၈၄.၈ ရရှိခဲ့ပြီး ကမ္ဘာ့ထိပ်တန်းစီးပွားရေးအင် အားကြီးများအကြား စည်းကြပ်ခွန်ပြဋ္ဌာန်းမှုများကြောင့် စင်ကာပူဆိပ်ကမ်းများမှတစ်ဆင့် ကုန်သွယ်လမ်းကြောင်းပြောင်းလဲမှုများကို စင်ကာပူက အကျိုးခံစားခဲ့ရကြောင်း WEF က မှတ်ချက်ချခဲ့သည်။ အမေရိကန် သည် ၂၀၁၈ ခုနှစ်တွင် WEF ၏ အညွှန်း၌ ၈၅.၆ ရရှိခဲ့ရာမှ ယခုနှစ်တွင် ၈၃.၇ သို့ ကျဆင်းသွားခဲ့သည်။

အမေရိကန်သည် တီထွင်ဖန်တီးနိုင်စွမ်းနှင့် ကမ္ဘာတွင် ယှဉ်ပြိုင်လုပ်ကိုင်နိုင်စွမ်း ကြီးမားသော ဧရာမစီးပွားရေးအဖြစ် ဆက်လက်ရှိနေပြီး ကျွမ်းကျင်အလုပ်သမား အလွယ်တကူ ရှာဖွေရရှိနိုင်မှုတွင်လည်း အဆင့်မြင့်မားနေဆဲဖြစ်ကြောင်း WEF ၏ အစီရင်ခံစာက သုံးသပ်ခဲ့သည်။

ဆန်းသစ်တီထွင်နိုင်စွမ်းက ယှဉ်ပြိုင်နိုင်စွမ်း၏ အဓိကအချက်ဖြစ်လာသော စီးပွားရေးပုံစံသစ်တွင် WEF ၏ အညွှန်းက လမ်းပြဖြစ်လိမ့်မည်ဟု WEF တည်ထောင်သူ ကလော့ရှဝပ်က ပြောကြားခဲ့သည်။

ယမန်နှစ်က ကမ္ဘာ့စီးပွားရေးတွင် အချို့သက်ရောက်မှုများကို အပြည့်အဝသုံးသပ်ရန် စောလွန်းနေသေးကြောင်း၊ အထူးသဖြင့် အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်ရေးစစ်ပွဲ၏ သက်ရောက်မှုကို သုံးသပ်ရန် စောသေးကြောင်း အစီရင်ခံစာရေးသူများက ပြောကြားခဲ့သည်။

ဒေါ်လာဘီလျံနှင့်ချီသော ကုန်ပစ္စည်းများကို အမေရိကန်က စည်းကြပ်ခွန်ပြဋ္ဌာန်းမှုသည် အချို့သော စီးပွားရေးအင်အားများအတွက် တရုတ်အပြင် တခြားရွေးချယ်စရာများကို ရှာဖွေရန် ဖြစ်လာခဲ့ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

ဗီယက်နမ်သည် ယမန်နှစ်က အဆင့် (၇၇) တွင် ရှိနေခဲ့ရာမှ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်နေစဉ် ဒေသတွင်းကုန်သွယ်ရေးဗဟိုချက်ဖြစ်လာရန် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်စွမ်းကြောင့် ယခုနှစ်တွင် အဆင့် (၁၀) ခုန်တက်ခဲ့ကြောင်း WEF ၏ Center for the New Economy and Society ၏ ဥက္ကဋ္ဌ ဆာဒီရာဇာဟီဒီက ပြောကြားခဲ့သည်။