၎င်း၏ အစိုးရလက်ထက်တွင် မြို့တော် ဘန်ကောက်အား ရွှေ့ပြောင်းနိုင်ခြေရှိကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အရိပ်အမြွက်ပြောကြားခဲ့ပြီးနောက် ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် မြို့တော်အား နေရာရွှေ့ပြောင်းသည့် နောက်ထပ်နိုင်ငံတစ်နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။ အိမ်နီးချင်း မြန်မာနှင့် အင်ဒိုနီးရှားတွင် ကြေညာထားသော အလားတူ အစီအစဉ်များ၏ စေ့ဆော်မှုများကြောင့် မြို့တော်အား နေရာရွှေ့ပြောင်းမှုသည် မြင့်တက်လာနေသော မြို့ပြဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင် ရန် ကူညီပေးနိုင်လိမ့်မည်ဟု ပရာယွတ်က ပြောကြားခဲ့သည်။
ဂျကာတာကဲ့သို့ပင် ဘန်ကောက်သည် လူနေအလွန်အမင်းထူထပ်ခြင်း၊ ညစ်ညမ်းခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း နှင့် ယာဉ်ကြောပိတ်ဆို့မှု အလွန်အမင်းဆိုးရွားခြင်းတို့၏ ဖိစီးမှုကို ခံစားနေရသည်။
မြို့တော်ရွှေ့ပြောင်းနိုင်ခြေအလားအလာအတွက် အငြိမ်းစားစစ်ဦးစီးချုပ် ပရာယွတ်က ရွေးချယ်စရာနှစ်ခု ပေးခဲ့ပြီး ပထမတစ်ခုမှာ ဘန်ကောက်နှင့် မဝေးလွန်း မနီးလွန်းသည့် မြို့တစ်မြို့ကို ရှာဖွေရမည်ဖြစ် ကြောင်း၊ ဒုတိယနည်းမှာ လူဦးရေထူထပ်မှုကို လျှော့ချရန် ဘန်ကောက်မြို့ပြင်သို့ ရွှေ့ ပြောင်းခြင်းဖြစ်ကြောင်း စက်တင်ဘာ ၁၈ ရက်တွင် ကျင်းပခဲ့သော ထိုင်းနိုင်ငံအား ကမ္ဘာကြီးနှင့် ချိတ်ဆက်ခြင်းဆိုင်ရာညီလာခံမိန့်ခွန်း၌ ပြောကြားခဲ့သည်။
အစိုးရအဖွဲ့အား မြို့တော်ဘန်ကောက် အပြင်ဘက်သို့ ရွှေ့ပြောင်းမှုသည် ယာဉ်ကြောသွားလာမှုကို သက်သာစေပြီး မြို့လယ်သို့သွားလာရန် လိုအပ်ခြင်းအား လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း ပရာယွတ်က ပြောကြားခဲ့သည်။ ထိုကဲ့သို့ ရွှေ့ပြောင်းရန်အတွက် လူ မှုရေးနှင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှု များအား ကျယ်ပြန့်သော သုတေသနနှင့် လေ့ လာမှုများကို လုပ်ဆောင်ရန် လိုအပ်မည်ဖြစ် ကြောင်း၊ သို့သော် ထိုရွှေ့ပြောင်းမှုသည် ၎င်း၏အစိုးရလက်ထက်တွင် ဖြစ်နိုင်ခြေရှိကြောင်း ပရာယွတ်က ပြောကြားခဲ့သည်။
အုပ်ချုပ်ရေးမြို့တော်အား ပြဿနာပတ်လည်ဝိုင်းနေသော ဂျကာတာမှနေ၍ အရှေ့ ကာလီမန်တန် သို့မဟုတ် အင်ဒိုနီးရှား၏ ဘော်နီယိုကျွန်းစုသို့ ရွှေ့ပြောင်းမည် ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို က ကြေညာခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် ပရာယွတ်၏ ထိုအကြံပြုချက် ထွက်လာခဲ့ခြင်းဖြစ်သည်။
ထိုင်းအုပ်ချုပ်ရေးမြို့တော်ကို နေရာရွှေ့ ပြောင်းရန် စိတ်ကူးသည် ယခုအကြိမ်က ပထမဆုံးအကြိမ် မဟုတ်ဘဲ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကလည်း ဘန် ကောက်အား မြို့တော်မှ ကီလိုမီတာ ၁၀၀ ခန့် ဝေးကွာသော Nakhon Nayok ပြည်နယ်သို့ ရွှေ့ပြောင်းရန် အကြံပြုခဲ့ဖူးသည်။
ထို့ပြင် အစိုးရရုံးများအား ဘန်ကောက် အရှေ့ဘက်ခြမ်းရှိ စိုက်ပျိုးရေးဆိုင်ရာဗဟို ချက်ဖြစ်သော Chachoengsao သို့ ရွှေ့ ပြောင်းရန်လည်း လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။ ဂျကာတာအား ရွှေ့ပြောင်းမှုအစီအစဉ်အတိုင်း ဘန်ကောက်အား ရွှေ့ပြောင်းမည့်အစီအစဉ်သည် ရောထွေးသော သုံးသပ် မှုများကို ထွက်ပေါ်စေခဲ့ပြီး ထိုအစီအစဉ်အား အကောင်အထည်ဖော်ဖြစ်၊ မဖြစ်ကို သံသယများ ရှိနေကြသည်။
၂၀၁၈ ခုနှစ် ကမ္ဘာပေါ်တွင် အဆိုးရွား ဆုံးယာဉ်ကြောကျပ်တည်းမှုစာရင်း၌ မွမ်ဘိုင်းက နံပါတ် (၁) တွင် ရှိနေပြီး ဘန်ကောက် က အဆင့် (၈)ဖြင့် ဂျကာတာနောက်တွင် ရပ်တည်ခဲ့သည်။














