ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကာလအတွင်း လက်မှတ်ရေးထိုးခဲ့သည့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မည့် ငါးနှစ်ဖွံ့ဖြိုးမှုအစီအစဉ် ရေးဆွဲရန် ဆွေးနွေးလျက်ရှိ

ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကာလအတွင်း လက်မှတ်ရေးထိုးခဲ့သည့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မည့် ငါးနှစ်ဖွံ့ဖြိုးမှုအစီအစဉ် ရေးဆွဲရန် ဆွေးနွေးလျက်ရှိ
Published 26 September 2019

ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကာလအတွင်း လက်မှတ်ရေးထိုးခဲ့သည့် မြန်မာ- တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် ငါးနှစ်ဖွံ့ဖြိုးမှု အစီအစဉ် ရေးဆွဲရေးဆွေးနွေးလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါဆွေးနွေးပွဲကို စက်တင်ဘာ ၂၃ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာဘက်မှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးနှင့် တရုတ်ဘက်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန Department of Outward Investment and Economic Cooperation ၏ ညွှန်ကြားရေးမှူးချုပ် Mr. Wang Shengwen တို့က ဦးဆောင်၍ နှစ်ဖက်ကိုယ်စားလှယ် ၇၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသည် ၂၀၁၉ ခုနှစ် ဧပြီလအတွင်း တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ်ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကာလအတွင်း လက်မှတ်ရေးထိုးခဲ့သည့် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မည့် ငါးနှစ်ဖွံ့ဖြိုးမှုအစီအစဉ် ရေးဆွဲရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ဖြစ်သည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးစင်္ကြံစီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၉ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။

တရုတ် - မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းအတွက် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MoU တရားဝင်လက်မှတ် ရေးထိုးလိုက်ပြီးနောက် စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေး အဆင့်လိုက် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက The Daily Eleven သတင်းစာသို့ ၂၀၁၈ ခုနှစ်အတွင်းက ပြောကြားထားသည်။

National Development and Reform Commission NDRC ၏ ထုတ်ပြန်ချက်အရ ဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲခြင်း၊ ရင်းနှီးမြှုပ်နှံမှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ စွမ်းအင်ကဏ္ဍနှင့် နယ်စပ်စီးပွားရေးဇုန် ပူးပေါင်းဆောင်ရွက်မှု ဇုန်များအပါအဝင် ကွဲပြားခြားနားသည့် ဧရိယာ ၁၂ ခုကို ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့များ ဖွဲ့စည်းသွားရန် နှစ်နိုင်ငံ သဘောတူညီခဲ့ကြကြောင်း သိသည်။

တရုတ်-မြန်မာ စီးပွားစင်္ကြံလမ်း၏ မြန်မာဘက်ခြမ်းစီမံကိန်းများတွင် စက်မှုဥယျာဉ်ဇုုန်များ တည်ထောင်ခြင်း၊ ကားလမ်း၊ ရထားလမ်း၊ လေကြောင်း၊ ပိုက်လိုင်းနှင့် အင်တာနက်အခြေခံ အဆောက်အအုံကွန်ရက်များ တည်ဆောက်ခြင်း၊ တရုတ်ရွှေလီ၊ ကျန်းဖုန်းမှ မြန်မာဗန်းမော်ဆိပ်ကမ်း ချိတ်ဆက်နိုင်မည့် တရုတ်-မြန်မာ ဧရာဝတီမြစ်ကုန်းကြောင်း  ရေကြောင်းပူးတွဲပို့ဆောင်ရေး ကားလမ်းမစီမံကိန်း၊ ရွှေလီ-မန္တလေး ကားလမ်းအဆင့် မြှင့်တင်မှုစီမံကိန်း၊ တရုတ်-မြန်မာစီးပွားရေး စင်္ကြံ၏ ရထားလမ်း၊ အမြန်လမ်းတည်ဆောက်မှု စီမံကိန်းများပါဝင်ကြောင်း  တရုတ်အခြေစိုက်သတင်းစာ ပေါက်ဖော်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။