ကမ္ဘာ့ဘဏ်၏ ၁၇ ကြိမ်မြောက် ရန်ပုံငွေဖြည့်တင်းမှု အစီအစဉ်အောက်မှ ဖွံ့ဖြိုးမှုမူဝါဒချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ပယ်ဖျက်မှုကို ပြည်ထောင်စုလွှတ်တော် မှတ်တမ်းတင်

ကမ္ဘာ့ဘဏ်၏ ၁၇ ကြိမ်မြောက် ရန်ပုံငွေဖြည့်တင်းမှု အစီအစဉ်အောက်မှ ဖွံ့ဖြိုးမှုမူဝါဒချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ပယ်ဖျက်မှုကို ပြည်ထောင်စုလွှတ်တော် မှတ်တမ်းတင်
Published 21 September 2019

ကမ္ဘာ့ဘဏ်၏ ၁၇ ကြိမ်မြောက် ရန်ပုံငွေဖြည့်တင်းမှု အစီအစဉ်အောက်မှ ဖွံ့ဖြိုးမှု မူဝါဒချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ပယ်ဖျက်မှုအား ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

စက်တင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကမ္ဘာ့ဘဏ်၏ ၁၇ ကြိမ်မြောက် ရန်ပုံငွေဖြည့်တင်းမှု အစီအစဉ်အောက်မှ ဖွံ့ဖြိုးမှုမူဝါဒချေး ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကို ပယ်ဖျက်ရန်ကိစ္စနှင့်ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ ရှင်းလင်း တင်ပြခဲ့သည်။

ဒုတိယဝန်ကြီးက အဆိုပါဖွံ့ဖြိုးမှု မူဝါဒ ချေးငွေသည် လုပ်ငန်းစီမံကိန်းတစ်ရပ်ရပ် အတွက် ထုတ်ချေးခြင်းမဟုတ်ဘဲ နိုင်ငံတော် ၏  ဘတ်ဂျက်သို့ တိုက်ရိုက်ထည့်ဝင်ပေးပြီး နိုင်ငံတော်အစိုးရ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် အသုံးစရိတ်များကို လွတ်လပ်စွာ သုံးစွဲခွင့်ရှိသော ချေးငွေဖြစ်ကြောင်း၊ ချေး ငွေစာချုပ်အသက်ဝင်မည့်နေ့မှာ မူလလျာထား သတ်မှတ်ချက်အရ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၆ ရက်ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်၏ မေတ္တာရပ်ခံချက်အရ သက်တမ်တိုးမြှင့်ရန် ညှိနှိုင်းခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါချေးငွေ၏ ချေးငွေစာချုပ် အသက်ဝင်မည့်နေ့ကို ကြေညာရန်ရက်မှာ၂၀၁၉ ခုနှစ် ဧပြီ ၂၇ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့ ပြီဖြစ်၍ ချေးငွေစာချုပ်ပါ ချေးငွေပမာဏအား ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ၂၀၁၉ ခုနှစ် ဇွန် ၁၂ ရက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ အကြောင်းလာကြောင်း၊ လက်ရှိတွင် ၎င်းချေးငွေအစား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်သည့် လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ အာဟာရပြည့်ဝရေးလုပ်ငန်းစဉ်များစသည့် အခြားမူဝါဒချေးငွေများကို ထုတ်ချေးရန် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦး မောင်မောင်ဝင်းက ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်၏ ၁၇ ကြိမ်မြောက် ရန်ပုံငွေ ဖြည့်တင်းမှုအစီအစဉ်အောက်မှ ဖွံ့ဖြိုးမှု မူဝါဒချေးငွေ အမေရိကန်ဒေါ်လာသန်း ၂၀၀ ကို ပယ်ဖျက်ရန်ကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။