ရွှေလင်ပန်းစက်မှုဇုန်ရှိ မြန်မုအထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃၀၀ ခန့် ILO ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်

ရွှေလင်ပန်းစက်မှုဇုန်ရှိ မြန်မုအထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃၀၀ ခန့် ILO ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်
Published 12 September 2019
ရှိုင်းလင်းအောင်

ရန်ကုန်တိုင်းဒေသကြီး ရွှေလင်ပန်းစက်မှုဇုန် မြန်မုအထည်ချုပ်စက်ရုံရှိ အလုပ်သမား ဆက်ဆံရေးဦးစီးဌာနက အသိအမှတ်ပြုထားသော အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃၀၀ ခန့်သည် စက်တင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ရုံးရှေ့သို့ လာရောက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

မြန်မုအထည်ချုပ်စက်ရုံတွင် အလုပ်သမား ဆက်ဆံရေးဦးစီးဌာနက အလုပ်သမားသမဂ္ဂအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားသည့် အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့ အစည်းရှိထားပြီးဖြစ်သော်လည်း အလုပ်ရှင်က အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့အစည်းတစ်ခုကို ထပ်မံဖွဲ့စည်းပေးခဲ့သည်။ ယင်းသို့ အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့အစည်း နှစ်ခုရှိနေခြင်းအပေါ် ဖြေရှင်းပေးရန်အတွက် ရန်ကင်းမြို့နယ် ကန်ဘဲ့လမ်းရှိ ILO ရုံးရှေ့သို့ လာရောက်ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ ဆန္ဒထုတ်ဖော်ရခြင်းအကြောင်းရင်းက ညီမတို့စက်ရုံမှာအဖွဲ့အစည်း ၂  ပြောမယ်ဆိုရင် Yellow Union ပေါ့။ အဖွဲ့အစည်း ၂ ဖြစ်ပေါ်လာရခြင်းအကြောင်းရင်း၊ ငါးလပိုင်းမှာ ညီမတို့စက်ရုံအပြင်ထွက်ပြီး တောင်းဆိုမှုပြုလုပ်နေတဲ့အချိန်မှာ အလုပ်ရှင်က အလုပ်သမား ၂၀၀ ကျော်ကိုခေါ်ပြီး ဖယ်ရီကား စီစဉ်ပေးပြီး အလုပ်သမားအဖွဲ့အစည်း နောက်တစ်ဖွဲ့ ဖွဲ့လိုက်တယ်။ ကျွန်မတို့က အလုပ်သမားအချင်းချင်း ပဋိပက္ခမဖြစ်ချင်ဘူး။ ဒီမှာအကုန်လုံးက စက်ယန္တရားပစ္စည်းတွေနဲ့ လုပ်နေတာဖြစ်တဲ့အတွက်ကြောင့် တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အကြမ်းဖက်မှုတွေဖြစ်လာမှာ စိုးရိမ်တယ်။ ILO ကိုလည်း အသိပေးချင်တာက လုပ်ငန်းရှင်က ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းကို သူတို့ဘက်က အသိအမှတ်ပြုတဲ့ အနေအထားမှာရှိနေတယ်။ ဒါကို ILO ကို ပြန်လည်သုံးသပ်စေချင်တယ်။ ဒီအဖွဲ့အစည်းက ဖြစ်သင့် မဖြစ်သင့် ဆိုတာကို” ဟု မြန်မုအထည်ချုပ်စက်ရုံအလုပ်သမား မသီရိတုံက ပြောကြားသည်။

မြန်မုအလုပ်သမားများ ဆန္ဒထုတ်ဖော်နေစဉ်ရုံးမှ တာဝန်ရှိသူနှစ်ဦး လာရောက်၍ အလုပ်သမားခေါင်းဆောင်များအား ဆွေးနွေးရန် ILO ရုံးအတွင်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။  

“ILO နဲ့ ဆွေးနွေးခဲ့ပေမဲ့ ညီမတို့လိုချင်တဲ့ အနေအထားကိုမရသေးဘူး” ဟု ILO ရုံး တာဝန်ရှိသူများနှင့် ဆွေးနွေးပြီးနောက် မြန်မာအထည်ချုပ်စက်ရုံ အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောကြားသည်။

မြန်မုအထည်ချုပ်စက်ရုံတွင် အလုပ်သမား ၁၃၀၀ ကျော်ရှိပြီး မူလကဖွဲ့စည်းထားသော အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၆၀၀ ကျော်ရှိကြောင်း သိရသည်။ ထပ်မံဖွဲ့စည်းထားသော အခြေခံအလုပ်သမားသမဂ္ဂတွင် အဖွဲ့ဝင် ၂၀၀ ကျော်ရှိကြောင်း သိရသည်။ အဆိုပါ အခြေခံအလုပ်သမားသမဂ္ဂ အဖွဲ့နှစ်ဖွဲ့အကြားတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပွတ်တိုက်မှုများရှိနေကြောင်း သိရသည်။

 

 

Most Read

Most Recent