ဗုဒ္ဓအား ဂျပန်စူပါဟီးရိုးအဖြစ် ပုံဖော်ထားသည့် ပန်းချီကားများကို ဖျက်ဆီးပစ်ရန် ထိုင်းဗုဒ္ဓဘာသာအဖွဲ့တစ်ဖွဲ့က တောင်းဆို

ဗုဒ္ဓအား ဂျပန်စူပါဟီးရိုးအဖြစ် ပုံဖော်ထားသည့် ပန်းချီကားများကို ဖျက်ဆီးပစ်ရန် ထိုင်းဗုဒ္ဓဘာသာအဖွဲ့တစ်ဖွဲ့က တောင်းဆို
 စက်တင်ဘာ ၁၂ ရက်တွင် ဘန်ကောက်ရှိ နေအိမ်၌ ပန်းချီကားစုဆောင်းသူ Pakorn Porncheewangkul က အငြင်းပွားဖွယ် ပန်းချီကားအား နေရာချနေစဉ်
စက်တင်ဘာ ၁၂ ရက်တွင် ဘန်ကောက်ရှိ နေအိမ်၌ ပန်းချီကားစုဆောင်းသူ Pakorn Porncheewangkul က အငြင်းပွားဖွယ် ပန်းချီကားအား နေရာချနေစဉ်
Published 12 September 2019
Ref: AFP

ဗုဒ္ဓအား ဂျပန်စူပါဟီးရိုးဇာတ်ကောင် Ultraman အဖြစ် ပုံဖော်ရေးဆွဲထားသည့် ပန်းချီကားများအား ဖျက်ဆီးပစ်ရန် ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များက စက်တင်ဘာ ၁၂ ရက်တွင် တောင်းဆိုခဲ့ကြပြီး အထွတ်အမြတ်ထားသောအရာအား အနုပညာလက်ရာအဖြစ် ပုံဖော်မှုနှင့် ပတ်သက်၍ အချေအတင် ငြင်းခုံမှုများကို ဖြစ်ပေါ်စေခဲ့သည်။

ထိုင်းနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်အများစု နေထိုင်နေကြပြီး ကိုးကွယ်မှုဘာသာအား စော်ကားပါက ဥပဒေအရ အမြင့်ဆုံးထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်သည်။ သို့သော် ယင်းကဲ့သို့ တရားစွဲဆိုမှုသည် အလွန်အမင်း ရှားပါးသည်။

ကျောင်းသူတစ်ဦး ရေးဆွဲသော ထိုပန်းချီကားများအား မြို့တော်ဘန်ကောက် အပြင်ဘက်တွင် ပြပွဲတစ်ခု၌ သုံးနာရီကြာပြသခဲ့ပြီးနောက် ပြီးခဲ့သောသီတင်းပတ်တွင် လူမှုမီဒီယာ၌ ထိုရုပ်ပုံများ ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ လုံခြုံရေးအတွက် စိုးရိမ်သောကြောင့် တက္ကသိုလ်က အမည်ထုတ်ပြန်ခြင်း မပြုသော ထိုကျောင်းသူက ထိုပန်းချီကားလေးကားအတွက် သံဃာများအား ဝန်ချတောင်းပန်ခဲ့သည်။ ထိုပန်းချီကားများအနက် အချို့၏နောက်ခံတွင် နာမည်ကျော်အမှတ်တံဆိပ် Louis Vuitton ၏ လိုဂိုများလည်း ရေးဆွဲထားခဲ့သည်။

ထိုကျောင်းသူက သူသည် ဗုဒ္ဓအား Ultraman ကဲ့သို့ပင် ကမ္ဘာကြီးအား ကာကွယ်ပေးနေသည့် သူရဲကောင်းတစ်ဦးအဖြစ် ပုံဖော်ခဲ့ခြင်းသာဖြစ်ကြောင်းနှင့် Louis Vuitton အမှတ်တံဆိပ်မှာမူ ဆွဲဆောင်မှုရှိရန် စာလုံးရေးထိုးထားခြင်းသာဖြစ်ကြောင်း တောင်းပန်မှုတွင် ရှင်းပြထားခဲ့သည်။

သို့သော် Buddhist Power of Land ဟုခေါ်သော အဖွဲ့တစ်ဖွဲ့က ထိုကျောင်းသူနှင့် အခြားလေးဦးတို့အား ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ယင်းသည် တရားရုံးအပေါ် မူတည်သော်လည်း မိမိတို့ကမူ ထိုပန်းချီကားများအား ဖျက်ဆီးပစ်ရန်လိုလားကြောင်း ထိုအဖွဲ့၏ကိုယ်စားလှယ် Jaroon Wannakasin က စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ထိုအငြင်းပွားမှု ပြင်းထန်လာနေစဉ် ထိုပန်းချီကားများအနက် တစ်ကားအား ပန်းချီကားစုဆောင်းသူတစ်ဦးက ဘတ် ၄၅၀၀ (ဒေါ်လာ ၁၅၀ ခန့်) ဖြင့် ဝယ်ယူခဲ့သည်။ ထိုပန်းချီကား၏ စျေးနှုန်းသည် Facebook တွင် လေလံဆွဲပွဲ၌ အလျင်အမြန် မြင့်တက်ခဲ့ပြီး စုဆောင်းသူ Pakorn Porncheewangkul က ထိုပန်းချီကားအား စက်တင်ဘာ ၁၂ ရက်တွင် ဘတ် ၆၀၀၀၀၀ (ဒေါ် လာ ၁၉၀၀၀) ဖြင့် ပြန်လည်ရောင်းချခဲ့သည်။

ထိုပန်းချီကားသည် အငြင်းပွားဖွယ်ဖြစ်စေခဲ့ကြောင်း၊ ယင်းပန်းချီကားအား ပြန်လည်ရောင်းချသင့်ပြီး ရရှိသောငွေများအား  လူမှုဝန်းကျင် အကျိုးရှိစေရန်အတွက် လှူဒါန်းသွားရန် စဉ်းစားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထိုလေလံဆွဲမှုမှ ရရှိသော အကျိုးအမြတ် ရာခိုင်နှုန်း ၉၀ အား ဒေသဆိုင်ရာ ဆေးရုံတစ်ရုံသို့ လှူဒါန်းသွားမည်ဖြစ်ပြီး ကျန်ငွေများအား ထိုပန်းချီကားရေးဆွဲသူထံ ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent