လာမည့်လတွင် အရေးကြီးသော ကုန်သွယ်ရေး ဆွေးနွေးပွဲ မစတင်မီ ပေကျင်းက ငြိမ်းချမ်းရေး သံလွင်ခက် ကမ်းလှမ်းမှုဖြစ်သည်ဟု ရှုမြင်ခံရသည့် လုပ်ရပ်အဖြစ် ပြင်းထန်သော စည်းကြပ်ခွန်ချမှတ်မှု စာရင်းများမှနေ၍ အမေရိကန် ကုန်ပစ္စည်း အများအပြားအား ဖယ်ရှားပေးသွားမည်ဖြစ်ကြောင်း တရုတ်က စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
သို့သော် ကမ္ဘာ့စီးပွားရေးအား ထိခိုက်စေသော နှစ်နိုင်ငံအကြား မည်သည့်သဘောတူညီချက် အတွက်မဆို အဆုံးစွန် အောင်မြင်ရန် အလွန်အမင်း အရေးပါသော လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များသည် ထိုဖယ်ရှားပေးသည့် စာရင်းတွင် မပါဝင်ခဲ့ပေ။
ထိုစည်းကြပ်ခွန် ချမှတ်မှုမှ ကင်းလွတ်ခွင့်ပေးမှုသည် စက်တင်ဘာ ၁၇ ရက်တွင် စတင်သက်ဝင်မည်ဖြစ်ပြီး တစ်နှစ် အကျုံးဝင်မည်ဖြစ်ကြောင်း ပင်လယ်စာ ထုတ်ကုန်များနှင့် ကင်ဆာတိုက်ဖျက်ရေး ဆေးဝါးများ ပါဝင်သော စာရင်းနှစ်ခုအား ထုတ်ပြန်ခဲ့သည့် တရုတ်နိုင်ငံတော်ကောင်စီ၏ Customs Tariff Commission က ထုတ်ပြန်ခဲ့သည်။
ထိုစာရင်းများသည် တရုတ်က စည်းကြပ်ခွန်များမှ ကင်းလွတ်ခွင့်ပြုသော ကုန်ပစ္စည်းများအား ပထမဆုံး ကြေညာမှုဖြစ်ပြီး နောက်ထပ် ကင်းလွတ်ခွင့်ပေးရန်လည်း စဉ်းစားနေကြောင်း ထိုကော်မရှင်က ထုတ်ပြန်ခဲ့သည်။
အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးသူများသည် အောက်တိုဘာ အစောပိုင်းတွင် ၀ါရှင်တန်၌ ကုန်သွယ်ရေး ဆွေးနွေးပွဲ ထပ်မံပြုလုပ်ရန် စီစဉ်ထားရာ ကမ္ဘာ့အင်အားအကြီးဆုံး စီးပွားရေး နှစ်နိုင်ငံအကြား တင်းမာမှု ပြေလျော့စေရန် မျှော်လင့်ချက်ကို မြင့်တက်စေခဲ့သည်။
နှစ်နိုင်ငံစလုံးက နောက်ဆုံးအကြိမ် စည်းကြပ်ခွန်များ ချမှတ်မှုအဖြစ် စက်တင်ဘာ ၁ ရက်တွင် စည်းကြပ်ခွန်များအား အပြန်အလှန် တိုးမြှင့်ခဲ့ရာ ယခုအခါ ဒေါ်လာ ဘီလျံရာပေါင်းများစွာ တန်ဖိုးရှိ ကုန်များအား စည်းကြပ်ခွန် ချမှတ်ထားကြသည်။
ယခုကဲ့သို့ စည်းကြပ်ခွန် ကင်းလွတ်ခွင့် ပေးခြင်းသည် တရုတ်က အောက်တိုဘာ ကုန်သွယ်ရေး ဆွေးနွေးပွဲများတွင် တိုးတက်မှု ရရှိစေရန် ဆန္ဒရှိနေမှုကို အချက်ပြလိုက်ခြင်းဖြစ်ပြီး တရုတ်က အမေရိကန် ကုန်ပစ္စည်းများအား ပိုမိုဝယ်ယူပြီး အပြန်အလှန်အားဖြင့် အမေရိကန်က စည်းကြပ်ခွန်များ ထပ်မံတိုးမြှင့်မည့် အစီအစဉ်များအား ဆိုင်းငံ့ခြင်းတို့ ပါဝင်မည့် ကျဉ်းမြောင်းသော သဘောတူညီချက်တစ်ခု ရရှိနိုင်ခြေရှိကြောင်း Barclays ၏ သုံးသပ်မှုတွင် မှတ်ချက်ပြုခဲ့သည်။ ပေကျင်းသည် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံမှုများနှင့် ပတ်သက်၍ မကြာသေးမီ သီတင်းပတ်များအတွင်း ပို၍ အပြုသဘော ဆောင်လာနေကြောင်းလည်း သုံးသပ်ထားသည်။
တရုတ်တွင် ရှိသော အမေရိကန်စီးပွားရေး လုပ်ငန်းများကလည်း ၎င်းတို့၏ အလားအလာများနှင့် ပတ်သက်၍ အဆိုးမြင်မှု မြင့်တက်လာနေပြီး ၎င်းတို့၏ ဝင်ငွေများနှင့် ရင်းနှီးမြှုပ်နှံမှုများသည် ကျုံ့သွားမည်ဟု မျှော်လင့်မှု မြင့်တက်လာနေကြောင်း စက်တင်ဘာ ၁၁ ရက်ထုတ် အစီရင်ခံစာ တစ်စောင်၌ ဖော်ပြခဲ့သည်။
ထိုအစီရင်ခံစာတွင် ဖြေဆိုခဲ့ကြသည့် ကုမ္ပဏီ ၄၇ ရာခိုင်နှုန်းကသာ ၂၀၁၉ ခုနှစ်တွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖြေဆိုခဲ့ကြပြီး ပြီးခဲ့သောနှစ်ကရှိသော ၆၂ ရာခိုင်နှုန်းမှ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ရှန်ဟိုင်းရှိ အမေရိကန် ကုန်သည်ကြီးများအသင်းက ထုတ်ပြန်ခဲ့သည်။ ဖြေဆိုသည့် ကုမ္ပဏီများ၏ လေးပုံသုံးပုံကမူ ကုန်သွယ်ရေး သဘောတူညီချက်ရရှိရန် တရုတ်အား အမေရိကန်၏ စည်းကြပ်ခွန်ချမှတ်မှုကို ဆန့်ကျင်ခဲ့ကြသည်။
Ref : AFP














