မွတ်စလင်အများစုနေထိုင်သော ကက်ရှ်မီးယားဒေသ၏ အိန္ဒိယဘက်ခြမ်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားမှုအား ရုပ်သိမ်းရန် နယူးဒေလီက ပြီးခဲ့သောလတွင် ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ကက်ရှ်မီးယား၌ ဖြစ်ပေါ်နေသောအခြေအနေအတွက် အလွန်အမင်းစိုးရိမ်မိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ မီချယ်လီဘာချီလက်က စက်တင်ဘာ ၉ ရက်တွင် သတိပေးပြောကြားခဲ့သည်။
ကက်ရှ်မီးယားဒေသခံများ၏ လူ့အခွင့်အရေးအား အိန္ဒိယအစိုးရ၏ မကြာသေးမီက လုပ်ဆောင်မှုများ၏ သက်ရောက်မှုများကို အလွန်အမင်းစိုးရိမ်မိကြောင်း ဂျီနီဗာတွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ ပြောကြားသော အဖွင့်ကြေညာချက်တွင် ဘာချီလက်က ပြောကြားခဲ့သည်။
ကက်ရှ်မီးယားဒေသတွင် အင်တာနက်ဆက်သွယ်မှုများနှင့် ငြိမ်းချမ်းစွာစုဝေးမှုများ အားကန့်သတ်ခြင်း၊ ဒေသဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများအား ထိန်းသိမ်းခြင်းတို့သည် စိုးရိမ်စရာအခြေအနေများထဲတွင် ပါဝင်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
ပါကစ္စတန်နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသော ကက်ရှ်မီးယားဒေသတွင် အိန္ဒိယက နေရာအနည်းငယ်မှလွဲ၍ မိုဘိုင်းဖုန်းကွန်ရက်များနှင့် အင်တာနက်များအား ဖြတ်တောက်ထားစဉ် မငြိမ်သက်မှုဖြစ်ပေါ်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် သြဂုတ် ၅ ရက်မှစတင်၍ စစ်ဘက်ဆိုင်ရာ ဖိနှိပ်မှုကိုလည်း လုပ်ဆောင်ခဲ့သည်။
၁၉၄၇ ခုနှစ်နောက်ပိုင်း အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား ကွဲထွက်ခဲ့သော ကက်ရှ်မီးယားဒေသနှင့်ပတ်သက်၍ နျူကလီးယားလက်နက်များတပ်ဆင်ထားသော ရန်ဘက်နှစ်နိုင်ငံအကြား အဓိကစစ်ပွဲနှစ်ရပ် ဖြစ်ပွားခဲ့သည်။
အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားအခြမ်းတွင် ပါကစ္စတန်က ထောက်ခံအားပေးခဲ့သည်ဟု နယူးဒေလီက စွပ်စွဲထားသည့် လက်နက်ကိုင်သူပုန်ထမှုများသည် ဆယ်စုနှစ်နှင့်ချီ ဖြစ်ပွားခဲ့သည်။ အိန္ဒိယအုပ်ချုပ်မှုအား ဆန့်ကျင်သည့် ထိုတိုက်ခိုက်မှုများကြောင့် အရပ်သားအများစုအပါအဝင် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည်။
ကက်ရှ်မီးယားဒေသခံများ၏ အခွင့်အရေးများအား လေးစားမှုနှင့် ကာကွယ်ပေးမှုရှိစေရန်အတွက် လုပ်ဆောင်ကြရန် အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံစလုံးအား တိုက်တွန်းခဲ့ကြောင်း ဘာချီလက်က ပြောကြားခဲ့သည်။ သို့သော်ဒေသခံများက အခြေခံဝန်ဆောင်မှုများအား ရရှိနိုင်ရန်အတွက် လတ်တလော ချမှတ်ထားသည့် ပိတ်ဆို့မှုများနှင့် ကာဖျူးထုတ်ပြန်မှုများအား ဖြေလျှော့ပေးရန် အထူးသဖြင့် အိန္ဒိယကို တိုက်တွန်းထားကြောင်း၊ ထို့ပြင်ထိန်းသိမ်းခံထားရသူများ၏ အခြေခံအခွင့်အရေးများရရှိစေရန်လည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ကက်ရှ်မီးယားဒေသခံများအား ၎င်းတို့၏အနာဂတ်ကို သက်ရောက်မှုရှိစေမည့် မည်သည့်ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်တွင်မဆို ပါဝင်ခွင့်နှင့် ဆွေးနွေးခွင့် ပေးရန်လည်း အလွန်အရေးကြီးကြောင်း ဘာချီလက်က ပြောကြားခဲ့သည်။
ပိတ်ပင်မှုကို အာခံလျက်ရှီအိုက် မွတ်စလင်များက ပြုလုပ်ခဲ့သည့် ဘာသာရေးအခမ်းအနားများအား ဖြိုခွင်းခဲ့ပြီးနောက် အိန္ဒိယက ကက်ရှ်မီးယားတွင် စက်တင်ဘာ ၈ ရက်၌ လုံခြုံရေးဆိုင်ရာပိတ်ဆို့မှုအား တင်းကျပ်ခဲ့ပြီးနောက် ဘာချီလက်၏သတိပေးမှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။














