အရှုံးကိုသင်ခန်းစာယူပြီး ဂျပန်အသင်းကို ရင်ဆိုင်မည်ဟု မြန်မာအသင်းအုပ်ချုပ်သူ ပြောကြား

အရှုံးကိုသင်ခန်းစာယူပြီး ဂျပန်အသင်းကို ရင်ဆိုင်မည်ဟု မြန်မာအသင်းအုပ်ချုပ်သူ ပြောကြား
Photos : MFF
Photos : MFF
Published 9 September 2019

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်အသင်း အုပ်ချုပ်သူ ဦးသန်းတိုးအောင်က မွန်ဂိုလီးယားနှင့်ပွဲမှ အရှုံးကိုသင်ခန်းစာယူပြီး ဂျပန်အသင်းကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာ ၅ ရက်က ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်အုပ်စုအဖွင့်ပွဲအဖြစ် မွန်ဂိုလီးယားအသင်းနှင့် အဝေးကွင်းယှဉ်ပြိုင်ကစားရာ (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲအဖြစ် စက်တင်ဘာ ၁၀ ရက်တွင် ဂျပန်အသင်းနှင့် အိမ်ကွင်းပွဲ ကစားရမည်ဖြစ်သည်။

''ဂျပန်အသင်းနဲ့ ကျွန်တော်တို့အသင်းက အများကြီးကွာခြားပါတယ်။ နည်းပြချုပ် ကလည်း ဒီပွဲအတွက် အကြိုပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ကျွန်တော်တို့မျှော်လင့်တာတော့ ဂျပန်အသင်းကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ ဖြစ်ပါတယ်။ နိုင်ဖို့မဖြစ်နိုင်ပေမဲ့ သရေတစ်မှတ် ရခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက် အောင်မြင်မှုပါ။ ဒုတိယ အနေနဲ့ ရှုံးခဲ့မယ်ဆိုရင်တောင် ပေးဂိုးနည်းအောင် ကြိုးစားမှာပါ။ သေချာတာကတော့ ဂျပန်အသင်းကို တိုက်စစ်ကစားဖို့ မဖြစ်နိုင် ပါဘူး။ ဒါကြောင့် ခံစစ်ဦးစားပေးကစားမှာဖြစ်ပြီး ဂျပန်အသင်း ကို ဘယ်လောက်တောင့်ခံနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။  မွန်ဂိုလီးယားနဲ့ပွဲမှာ ကျွန်တော်တို့အသင်းက Play သာပေမဲ့ အားနည်းချက်တွေများခဲ့ပါတယ်။ ရှေ့၊ လယ်၊ နောက် အားနည်း ချက်ကိုယ်စီရှိခဲ့ပြီး နည်းပြသင်ကြားထားတဲ့ပုံစံအတိုင်း မကစား နိုင်ခဲ့ပါဘူး။ ဘောလုံးမှာ မထင်မှတ်တဲ့ရလဒ်ဆိုတာ ဖြစ်တတ် ပြီး အရှုံးကိုသင်ခန်းစာယူပြီး လုပ်ဆောင်ရမှာပါ။ ဂျပန်နဲ့ပွဲမှာ တစ်ခုခုလုပ်ပြနိုင်ခဲ့ရင် ပရိသတ်တွေရဲ့အားပေးမှုကို ပြန်ရလာ မှာပါ။ ဒါကြောင့် ကစားသမားတွေကိုလည်း မှာကြားထားပါတယ်။ နိုင်ငံနဲ့ ပရိသတ်တွေအတွက် တစ်ခုခုလုပ်ပြနိုင်အောင် ကြိုးစား ဖို့ဖြစ်ပါတယ်''ဟု ဦးသန်းတိုးအောင်က ပြောကြားသည်။

ဦးသန်းတိုးအောင်သည် ဂျပန်လက်ရွေးစင်အသင်းနှင့် နောက်ဆုံးတွေ့ဆုံခဲ့သည့် ၁၉၉၄ အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ကစားခဲ့သူဖြစ်ပြီး ယခုပြန်လည်တွေ့ဆုံရာတွင်လည်း မြန်မာ့လက်ရွေးစင်အသင်း၏ အုပ်ချုပ်သူအဖြစ် ဆောင်ရွက် လျက်ရှိသည်။

မြန်မာအသင်းနှင့် ဂျပန်အသင်းသည် ၁၉၉၄ အာရှအားကစားပြိုင်ပွဲတွင် နောက်ဆုံးတွေ့ဆုံခဲ့ပြီး ဂျပန်အသင်း က (၅-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပထမဆုံးအိမ်ကွင်းပွဲအဖြစ် ဂျပန် အသင်းနှင့် ကစားရခြင်းဖြစ်သည်။