လစာဝင်ငွေအား အခွန်စည်းကြပ်ရာ၌ နှစ်တစ်နှစ်အတွင်း လစာဝင်ငွေကျပ် ၄၈ သိန်းအထက်ရရှိသူ နေရာတွင် ဝင်ငွေကျပ်သိန်း ၆၀ အထက်ရရှိသူဟုပြင်ဆင်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

လစာဝင်ငွေအား အခွန်စည်းကြပ်ရာ၌ နှစ်တစ်နှစ်အတွင်း လစာဝင်ငွေကျပ် ၄၈ သိန်းအထက်ရရှိသူ နေရာတွင် ဝင်ငွေကျပ်သိန်း ၆၀ အထက်ရရှိသူဟုပြင်ဆင်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 7 September 2019
စိုးမင်းထိုက်၊ စည်သူ

လစာဝင်ငွေအား အခွန်စည်းကြပ်ရာတွင် နှစ်တစ်နှစ်အတွင်း လစာဝင်ငွေကျပ် ၄၈ သိန်းအထက် ရရှိသူနေရာတွင် ဝင်ငွေ ကျပ်သိန်း ၆၀ အထက်ရရှိသူဟု ပြင်ဆင်သင့်ကြောင်း ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် ၁၁ မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်က ဆွေးနွေးခဲ့သည်။

စက်တင်ဘာ ၆ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်  ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးကျော်နီနိုင်က “မူလဥပဒေကြမ်းရဲ့  အခန်း ၇ ပုဒ်မ ၁၉(က) (ခ)တို့တွင်ပါရှိတဲ့ လစာ နှစ်တစ်နှစ်မှာ ဝင်ငွေကျပ် ၄၈ သိန်းအထက် ရရှိနေသူနေရာမှာ ဝင်ငွေကျပ်သိန်း ၆၀ အထက်ရရှိသူဟု ပြင်ဆင်သင့်တယ်လို့ အကြံ ပြုလိုပါတယ်။ သို့မှသာ တိကျတဲ့ ဝင်ငွေခွန်အလွှာကို စနစ်တကျ သတ်မှတ်နိုင်မှာဖြစ်ပါ တယ်။ ပုဒ်မခွဲ(က)မှာ မြေငှားရမ်းခြင်း၊ အခန်း ငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်းက ရရှိတဲ့ စုစုပေါင်းငှားရမ်းခ ကျပ်ငွေအပေါ် ပုဒ်မ ၆ ပုဒ်မခွဲ(က)အရ သက်သာခွင့်တွေကို နှုတ်ပယ်ပြီး ကျန်ငွေတွေအပေါ် ၁၀ ရာခိုင် နှုန်းနဲ့ ဝင်ငွေခွန် သီးခြားစည်းကြပ်ရမယ်လို့  ဖော်ပြထားပါတယ်။ ကျွန်တော့်အနေနဲ့က တော့ ငါးရာခိုင်နှုန်းအဖြစ်သာ စည်းကြပ်စေ လိုပါတယ်။ အခွန်ထမ်းယဉ်ကျေးမှုကို ထွန်းကားလာစေဖို့ ဖြေလျော့ပေးစေလိုပါတယ်” ဟု ဆွေးနွေးခဲ့သည်။

ပြီးခဲ့သည့်နှစ် အခွန်အကောက်ဥပဒေကြမ်း ဆွေးနွေးစဉ်တွင်လည်း လစာနှစ် တစ်နှစ်ဝင်ငွေ ကျပ် ၄၈ သိန်းအစား ကျပ်သိန်း ၆၀ ဟုပြင်ဆင်ရန် ဆွေးနွေးမှုများရှိခဲ့သော်လည်း အတည်ပြုသည့်အချိန်တွင် ကျပ် ၄၈ သိန်းအထက် ရရှိနေသူဟုသာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။                                  

 

Most Read

Most Recent