၂၀၁၉ ခုနှစ် အခွန်အကောက် ဥပဒေကြမ်းပါ အပိုဒ် ၂၅ သည် အခွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် နည်းလမ်းတစ်မျိုးဖြစ်နေပြီး အခွန်ကို တာဝန်ကျေပွန်စွာထမ်းဆောင်သူများအတွက် မျှတမှုကင်းမဲ့သည့်လုပ်ရပ်ဖြစ်နေဟု လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

၂၀၁၉ ခုနှစ် အခွန်အကောက် ဥပဒေကြမ်းပါ အပိုဒ် ၂၅ သည် အခွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် နည်းလမ်းတစ်မျိုးဖြစ်နေပြီး အခွန်ကို တာဝန်ကျေပွန်စွာထမ်းဆောင်သူများအတွက် မျှတမှုကင်းမဲ့သည့်လုပ်ရပ်ဖြစ်နေဟု လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 7 September 2019
စိုးမင်းထိုက်၊ စည်သူ

၂၀၁၉ ခုနှစ် အခွန်အကောက်ဥပဒေ ကြမ်းပါ အပိုဒ် ၂၅သည် အခွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် နည်းလမ်းတစ်မျိုးဖြစ်နေပြီး အခွန်တိမ်းရှောင်ခဲ့သူများအား ကင်းလွတ်သက်သာခွင့်ပေးခြင်းသည် အခွန်ကို  တာဝန်ကျေပွန်စွာထမ်းဆောင်သူများအတွက် မျှတမှုကင်းမဲ့သည့်လုပ်ရပ်ဖြစ်နေဟု  ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၃) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်က ဆွေးနွေးခဲ့သည်။

စက်တင်ဘာ ၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဆွေးနွေးစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယင်းအခွန်နှုန်းထားများကို သိသိသာသာလျှော့ချထားကြောင်း၊ လျှော့ချပေးသည့်ရည်ရွယ်ချက်သည် ဖြင့် နိုင်ငံတော်၏ လက်ရှိစီးပွားရေးအခြေအနေကို ပိုမိုကောင်းမွန်လာစေရေးအတွက် ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံမှု တွန်းအားပေးဆောင်ရွက်သည့်အနေဖြင့် စီးပွားရေးနှိုးဆွမှု ဖန်တီးမည်ဖြစ်ကြောင်း၊ ပြည်သူများလက်ဝယ်ရှိသည့် စည်းကြပ်မှုမှ ကင်းလွတ်နေသည့် ဝင်ငွေများ ပြန်လည်ပေါ်ထွက်လာစေရန် ဖြစ်သည်ဆိုပြီး ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ပြောထားကြောင်း၊ လက်ရှိအခြေအနေတွင် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်နေသည့်လုပ်ငန်းရှင်များ၊ အထူးသဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းရှင်များ ငွေကြေး ကျပ်တည်းမှုနှင့် ရင်ဆိုင်နေရကြောင်း၊ ယင်း အခြေအနေတွင် ကုစားပေးရန်အတွက် တရား ဝင်စျေးကွက်အတွင်း စီးဝင်လာခြင်းမရှိသေးသည့် ငွေသေများစီးဝင်လာပြီး စုစုပေါင်း ပြည်တွင်းဝယ်လိုအားကို တိုးမြှင့်လာစေခြင်းဖြင့် စီးပွားရေးကို ပြန်လည်နှိုးဆွပေးနိုင်သည့်အတွက် အခွန်သက်သာလွတ်ငြိမ်းခွင့်ပေးခြင်း သည် စီးပွားရေးတိုးတက်မှုကို အထောက်အ ကူပြုစေမည်ဖြစ်ကြောင်း၊ ထို့အတွက် ကြိုဆိုလက်ခံသင့်သည့် အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း၊ ရည်ရွယ်ချက်ကောင်းမွန်သော်လည်း အကောင်အထည်ဖော်သည့်နည်းလမ်းကို ဂရုပြုစဉ်းစားရမည့်အချက်များရှိကြောင်း ဒေါ်ရွှေရွှေစိန်လတ်က ဆွေးနွေးခဲ့သည်။

ဒေါ်ရွှေရွှေစိန်လတ်က “ပထမဦးစွာအနေနဲ့ အခွန်ရှောင်တိမ်းခဲ့သူတွေအပေါ် ကင်း လွတ်သက်သာခွင့်ပေးခြင်းဟာ အခွန်ကို တာဝန်ကျေပွန်စွာထမ်းဆောင်သူတို့အတွက် မျှတမှုကင်းမဲ့တဲ့လုပ်ရပ်ဖြစ်နေပါတယ်။ အခွန်ကင်းလွတ်သက်သာခွင့်ပေးတဲ့အစီအစဉ်ဟာ အခွန်ထမ်းပြည်သူတွေရဲ့အခွန်စနစ်အပေါ် ယုံစားမှုကို လျော့ပါးကျဆင်းမှုမရှိစေဖို့ နဲ့အခွန်စည်းမျဉ်းတွေလိုက်နာမှုကို အားနည်း မှုမရှိစေဖို့ စီစဉ်ဆောင်ရွက်ဖို့လိုပါတယ်။ ပြီး ခဲ့တဲ့ ဇွန်လမှ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပါ အချက်တွေ နဲ့အညီ အခွန်ကင်းလွတ်သက်သာခွင့် လုပ် ငန်းစဉ်ကို ဆောင်ရွက်ဖို့လိုအပ်မှာဖြစ်ပြီး ယင်းဥပဒေပါအချက်အလက်တွေနဲ့ကျော်လွန်ဆန့်ကျင်ပြီး မဆောင်ရွက်မိစေဖို့ သတိ ပြုဖို့ လိုအပ်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။

ထို့ပြင် အပိုဒ် ၂၅ တွင်ပါဝင်သည့် အခြေပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်းဆို သည့်အချက်အား အလေးအနက် စဉ်းစား ရန်လိုအပ်ကြောင်း၊ ကုန်စည်ပစ္စည်းအသစ် ဖန်တီးထုတ်လုပ်ခြင်းမရှိဘဲ အခြေပစ္စည်း တစ်ရပ်ရပ်ကို ရောင်းဝယ်စျေးကစားမှုကို  အားပေးသလိုဖြစ်နေကြောင်း၊ ဤအခွန်သက်သာခွင့်ကြောင့် စီးဝင်လာသောငွေများ သည် အိမ်ခြံမြေရောင်းဝယ်ဖောက်ကားမှု စျေးကွက်သို့သာ အဓိကစီးဝင်သွားပါက စျေး ကစားမှုများ ပိုမိုအားကောင်းလာမည်ဖြစ် ကြောင်း၊ အဆမတန်ဖောင်းပွလာခဲ့သည့် အိမ်ခြံမြေစျေးများသည် လွန်ခဲ့သည့် နှစ်အ နည်းငယ်အတွင်းတွင် အနည်းငယ်ကျဆင်း လာခဲ့ကြောင်း၊ ယခုပြဋ္ဌာန်းမည့် အခွန်ကင်း လွတ်သက်သာခွင့်အစီအစဉ်ကြောင့် အိမ်ခြံ မြေစျေးကွက်များ ပြန်လည်မြင့်တက်လာပြီး အမှန်တကယ်ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းများ အတွက် အခက်အခဲဖြစ်စေနိုင်ကြောင်း၊ ထို့ အပြင် နေစရာအိမ်လေးတစ်လုံးလောက် ရရှိနိုင်ရေးအတွက် ကြိုးစားရုန်းကန်နေကြရ သည့် သာမန်ပြည်သူလူထုများ၏ မျှော်လင့် ချက်မဲ့သလိုဖြစ်သွားနိုင်ကြောင်း၊ ထို့အတွက်  ဤဥပဒေကြမ်းတွင် အဆိုပြုထားသော အခွန်ကင်းလွတ်သက်သာခွင့်အစီအစဉ်အရ စီးဝင်လာသည့်ငွေကြေးများကို နိုင်ငံအတွက် လွန် စွာလိုအပ်လျက်ရှိသည့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးတို့တွင် ရင်းနှီးမြှုပ်နှံလာစေရေးအတွက် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့်လုပ်ငန်းများ၊ ပြည်ပပို့  ကုန်တိုးတက်ရေးအထောက်အကူပြုလုပ် ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ စသည့် နိုင်ငံ့ စီးပွားရေး ရေရှည်တိုးတက်မှုအတွက် အ ထောက်အကူပြုသည့်လုပ်ငန်းများတွင် ရင်း နှီးသုံးစွဲလာစေရန် ဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းက ဆွေးနွေးခဲ့သည်။

 

 

Most Read

Most Recent