တရုတ်နိုင်ငံရှိမြို့များနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အကြား ခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းခြင်း၊ ဗီဇာဖြေလျှော့ခြင်းများကြောင့် ရန်ကုန်လေဆိပ်၌ တရုတ်ခရီးသွားဝင်ရောက်မှု ယမန်နှစ်ကာလတူဖြင့် နှိုင်းယှဉ်ပါက ၁၅၁ ရာခိုင်နှုန်းအထိ တိုးတက်

တရုတ်နိုင်ငံရှိမြို့များနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အကြား ခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းခြင်း၊ ဗီဇာဖြေလျှော့ခြင်းများကြောင့် ရန်ကုန်လေဆိပ်၌ တရုတ်ခရီးသွားဝင်ရောက်မှု ယမန်နှစ်ကာလတူဖြင့် နှိုင်းယှဉ်ပါက ၁၅၁ ရာခိုင်နှုန်းအထိ တိုးတက်
 ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံသားခရီးသွားများကို တွေ့ရစဉ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံသားခရီးသွားများကို တွေ့ရစဉ်
Published 2 September 2019
ရွှန်းလဲ့ဝင်း

တရုတ်နိုင်ငံရှိမြို့များနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အကြား ခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းလာခြင်း၊ ဗီဇာဖြေလျှော့ထားခြင်းတို့ကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တရုတ်ခရီးသွားဝင်ရောက်မှု ယမန်နှစ်ကာလတူဖြင့် နှိုင်းယှဉ်ပါက ၁၅၁ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

၂၀၁၉ ခုနှစ်ခုနှစ်လတာအတွင်း နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုတွင် ဗီဇာဖြေလျှော့မှုများ ပြုလုပ်ထားသည့် နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံမှ ခရီးသွား ၁၅၁ ရာခိုင်နှုန်း၊ ကိုရီးယားနိုင်ငံမှ ခရီးသွားရာခိုင်နှုန်း ၈ဝနှင့် ဂျပန်နိုင်ငံမှ ခရီးသွားရာခိုင်နှုန်း ၂၀ အထိ တိုးတက်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဇွန်လကုန်အထိ တရုတ်လေကြောင်းလိုင်းများဖြစ်သည့် Hainna Airlines၊ Sichuan Airlines၊ China Eastern Airlines၊ Xiamen Airlines နှင့် Spring Airlines တို့မှ ရန်ကုန်လေဆိပ်နှင့် တရုတ်နိုင်ငံရှိ မြို့ကြီးများဖြစ်သည့် ချုံချင်း၊ ချန်ဒူး၊ ဟူးဟန် Hohhot၊ ဝူဟန် Wuhan၊ ရှန်ဟိုင်း၊ ရှာ့မန်စသည့် မြို့များသို့ ခရီးစဉ်သစ်ပျံသန်းမှုများ စတင်ခဲ့သည်။

ယင်းပြင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI သည် လက်ရှိတွင် ရန်ကုန်လေဆိပ်အခြေပြု၍ တရုတ်နိုင်ငံရှိမြို့များသို့ စင်းလုံးငှားလေကြောင်းခရီးစဉ်များ ပျံသန်းနေရာ ဟန်ကျိုးမြို့သို့ စင်းလုံးငှားလေကြောင်းခရီးစဉ်အနေဖြင့် ရန်ကုန်-ဟန်ကျိုးခရီးစဉ်အား တစ်ပတ်လျှင်တစ်ကြိမ်၊ မန္တလေးလေဆိပ် အခြေပြု၍ မန္တလေး- ဟန်ကျိုးခရီးစဉ်အား တစ်ပတ်လျှင် နှစ်ကြိမ်၊ မန္တလေး-နန်ချန်း Nachang ခရီးစဉ်အား တစ်ပတ်လျှင်သုံးကြိမ်၊ မန္တလေး-ဟေးဖေ Hefei ခရီးစဉ်အား တစ်ပတ်သုံးကြိမ် ပျံသန်းနေခြင်းဖြစ်ပြီး ယခုစတင်ပျံသန်းသည့် မန္တလေး-ဖူချို Fuzhou ခရီးစဉ်သည် တရုတ်နိုင်ငံသို့ပျံသန်းသည့် ငါးခုမြောက်လေကြောင်း ခရီးစဉ်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ဇူလိုင်ကုန်အထိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်ကာ ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်ခွင့်ပြုထားသည့် တရုတ်နိုင်ငံမှ ၃၈၅၉၄၂ ဦးအထိရှိခဲ့ပြီး ယမန်နှစ်ကာလတူဖြင့် နှိုင်းယှဉ်ပါက ခရီးသည်ဦးရေ နှစ်သိန်းကျော် တိုးတက်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၁၅၁ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ခြင်းဖြစ်သည်။

ယင်းပြင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်ကာ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ခွင့်ပြုခဲ့သည့် နိုင်ငံများဖြစ်သည့် ဂျပန်နိုင်ငံမှ ခရီးသွား ၆၉၇၅၆ ဦးဝင်ရောက်ခဲ့ပြီး ယမန်နှစ်ကာလတူဖြင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၂၀၊ ကိုရီးယားနိုင်ငံမှ ခရီးသွား ၆၇၈၇၃ ဦး ဝင်ရောက်ခဲ့ပြီး ယမန်နှစ်ကာလတူဖြင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၈၀ အထိ တိုးတက်ဝင်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်းပြင် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု တိုးတက်ရန်အတွက် အီတလီ၊ စပိန်၊ သြစတြေးလျ၊ ဆွစ်ဇာလန်၊ ဂျာမနီနှင့် ရုရှားသာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ ဆိုက်ရောက်ဗီဇာ Visa on Arrival ခွင့်ပြုမည်ဖြစ်ပြီး စမ်းသပ်ကာလ တစ်နှစ်သတ်မှတ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက မကြာသေးခင်က ထုတ်ပြန်ထားသည်။

 

 

Most Read

Most Recent