ဒေါ်လာ ၈ ဒသမ ၉ ဘီလျံအထိ ရင်းနှီးမြှုပ်နှံမှု ပမာဏရှိသည့် မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်းကို မြန်မာ့မီးရထားက ပြန်သုံးသပ်၍ လမ်းအူကြောင်း အတည်ပြုလိုက်ပြီဖြစ်ကြောင်း အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြ

ဒေါ်လာ ၈ ဒသမ ၉ ဘီလျံအထိ ရင်းနှီးမြှုပ်နှံမှု ပမာဏရှိသည့် မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်းကို မြန်မာ့မီးရထားက ပြန်သုံးသပ်၍ လမ်းအူကြောင်း အတည်ပြုလိုက်ပြီဖြစ်ကြောင်း အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြ
Published 1 September 2019
ဖြိုးဝေ

 

ဒေါ်လာ ၈ ဒသမ ၉ ဘီလျံ အထိ ရင်းနှီးမြှုပ်နှံမှု ပမာဏရှိသည့် မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်းကို မြန်မာ့မီးရထားက ပြန်သုံးသပ်ကာ လမ်းအူကြောင်း အတည်ပြုလိုက်ပြီဖြစ်ကြောင်း Sandhi Governance Institute (SGI) က ထုတ်ပြန်လိုက်သည့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။

မူဆယ်-မန္တလေး ရထားလမ်း ကို ယခင်က ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းအဖြစ် ဖော်ပြခဲ့ပြီး ယခင် ရထားပို့ဆောင်ရေး ဝန်ကြီးဟောင်းဖြစ်သည့် ဦးအောင်မင်း၊ တာဝန်မှ အနားယူသွားခဲ့သည့် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ ဦးဆောင်ကာ တရုတ်နိုင်ငံဘက်မှ China Railway Engineering Corporation တို့ ၂၀၁၁ ခုနှစ် ဧပြီလအတွင်း နားလည်မှုစာချွန်လွှာ MoU စာချုပ်ရေးထိုးခဲ့ကြသည်။ သို့သော် အဆိုပါ စီမံကိန်းမှာ ၂၀၁၄ ခုနှစ် အတွင်း MoU သက်တမ်းကုန်ဆုံးကာ ရပ်တန့်ခဲ့သော စီမံကိန်း ဖြစ်ခဲ့သည်။

ထိုသို့ ရပ်တန့်ခဲ့သည် ဆိုသော်လည်း တရုတ်နိုင်ငံအနေဖြင့် အဆိုပါ စီမံကန်း ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းနေခဲ့ပြီး တရုတ်နိုင်ငံ ဘက်ခြမ်းတွင် အဆိုပါ ရထားလမ်း စီမံကိန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေခဲ့သည်။

“၂၀၁၈ မှာ ကျွန်တော်တို့ အသစ်ပြန်ပြီး Sign ထိုးတယ်။ Sign ထိုးတဲ့အခါကျတော့ Fesibility ကိုလည်း အသစ်ပြန်ပြီးလုပ်တယ်။ အသစ်ပြန်လုပ်ပြီးတော့ ၂၀၁၉ ဧပြီမှာ တာဝန်ရှိတဲ့သူတွေကို အသစ်လုပ်ထားတဲ့ Fesibility ကိုပေးတယ်။ အခုကျွန်တော်တို့ ကြားသိရသလောက် သတင်းမီဒီယာတွေကလည်း ရေးတယ်။ အဲဒီ Fesibility ကို မြန်မာ့မီးရထားက ပြန်သုံးသပ်ပြီးတော့ လမ်းအူကြောင်း အတည်ပြုလိုက်ပြီလို့ နောက်ဆုံးအနေနဲ့ သိရတယ်” ဟု Sandhi Governance Institute (SGI) မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးခိုင်ဝင်းက ပြောကြားသည်။

မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်းကို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းမှု မူဘောင်အောက်တွင် အကောင်အထည် ဖော်မည်ဖြစ်ပြီး Y ပုံသဏ္ဍာန် ဆောင်ရွက်မည်ဖြစ်ကာ မြောက်ဘက်တွင် ယူနန်ပြည်နယ်မှ စတင်ပြီး တောင်ဘက်တွင် မန္တလေးမြို့၊ အရှေ့ဘက်တွင် ရန်ကုန်မြို့နှင့် အနောက်ဘက်တွင် ကျောက်ဖြူမြို့တို့ကို ချိတ်ဆက်သွားမည် ဖြစ်သည်။

မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်းအတွက် ဖြစ်နိုင်ခြေ လေ့လာမှုအသစ်ကို ယခုနှစ် ဇန်နဝါရီနှင့် မတ်လအတွင်း ပြန်လည် လုပ်ဆောင်ခဲ့ပြီး ရင်းနှီှးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၈ ဒသမ ၉ ဘီလျံရှိကာ စီမံကိန်းနှင့် ပတ်သက်သည့် နည်းပညာဆိုင်ရာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာမှုကို ဂရုတစိုက် လုပ်ကိုင်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကိုးကား ဖော်ပြထားကာ လေ့လာမှုအသစ်အတွက် China Railway Engineering Corporation က ကုန်ကျစရိတ်များ ကျခံခဲ့ရကြောင်းနှင့် သတင်းမီဒီယာများ၏ ဖော်ပြချက်အရ အမြန်ပြေး မီးရထားမဟုတ်ဘဲ ကီလို ၁၆၀ ထက်မပိုသည့် လျှပ်စစ်သုံးရထား (သို့မဟုတ်) လျှပ်စစ် အသုံးမပြုသည့် ရထားဖြစ်နိုင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

Most Read

Most Recent