လက်ရှိဘဏ္ဍာနှစ် ၁၁ လအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၄၀ ကျော် ခွင့်ပြုထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၂၄၀ နီးပါးရှိကာ တရုတ်နိုင်ငံက အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံထား

လက်ရှိဘဏ္ဍာနှစ် ၁၁ လအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၄၀ ကျော် ခွင့်ပြုထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၂၄၀ နီးပါးရှိကာ တရုတ်နိုင်ငံက အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံထား
Published 31 August 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ၁၁ လအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၄၀ ကျော်ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၂၄၀ နီးပါးရှိကာ တရုတ်နိုင်ငံက အများဆုံး လာ ရောက်ရင်းနှီးမြှုပ်နှံထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၄/၂၀၁၉) ကြိမ်မြောက်အစည်းအဝေး သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်ကနေ အခု သြဂုတ် ၂၈ အထိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့ လုပ်ငန်းပေါင်း ၁၄၂ ခုကို ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏကတော့ အမေရိကန်ဒေါ်လာ ၂၃၉ ဒသမ  ၃၀၄ သန်းဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးက ပြောကြားသည်။

လာရောက်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများအနက် တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၈၅ ခု အထိရှိကြောင်း သိရသည်။

“နိုင်ငံအရေအတွက် တရုတ်က ၈၅ ခု၊ ဟောင်ကောင်က ၂၄ ခု၊ ထိုင်ဝမ်က ခြောက်ခု၊ ကိုရီးယားက ခြောက်ခု၊ ဂျပန်နိုင်ငံက လေး ခု၊ ကျန်တဲ့နိုင်ငံတွေကဟာတွေကိုလည်း ခွင့်ပြုပေးထားတာ ရှိပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးက ပြောကြားသည်။

ထို့ပြင် အဆိုပါကာလအတွင်း နိုင်ငံသားများက ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ရှစ်ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၃၅ ဘီလျံကျော်ရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေနဲ့တော့ လုပ်ငန်းပေါင်း ရှစ်ခုကို ခွင့်ပြုပေးပြီး ဖြစ်ပါတယ်။ ကျပ်ငွေအနေနဲ့ကတော့ ၃၅ ဒသမ ၆၅၃ ဘီလျံ ခွင့်ပြုပေးပြီးဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးက ပြောကြားသည်။

မြန်မာတစ်နိုင်ငံလုံးသို့ ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ သီလဝါအထူးစီးပွားရေး ဇုန်အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ် ငန်းပေါင်း ၁၉၀၀ ခန့်အထိခွင့်ပြုပေးထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၈၃ ဘီလျံနီးပါးအထိရှိကြောင်း ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိ ရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ရရှိသောစာရင်းများအရ  ၁၉၈၈ -၁၉၈၉ ဘဏ္ဍာနှစ်မှ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ နိုုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ စင်ကာပူနိုင်ငံက  အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၈၅ ဘီလျံ ဖြင့် ထိပ်ဆုံးမှရပ်တည်နေပြီး တရုတ်နိုင်ငံ က အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၈ ဘီလျံ ကျော်ဖြင့် ဒုတိယ၊ ဟောင်ကောင်က အမေရိ ကန်ဒေါ်လာ ၈ ဒသမ ၂၇၆ ဘီလျံဖြင့် တတိယ၊ UK က အမေရိကန်ဒေါ်လာ ၄ ဒသမ  ၅၂၈ ဘီလျံဖြင့် စတုတ္ထ၊ ကိုရီးယားက အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၆၅ ဘီလျံဖြင့် ပဥ္စမနေရာတွင် ရပ်တည်နေကြောင်း သိရ သည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသည်  ဝင်ငွေ အလယ်အလတ်အဆင့်ရှိသည့်နိုင်ငံ ဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာ ဆောင်ရွက်မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းကို အကောင်အထည် ဖော်လျက်ရှိပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် နှစ်ပေါင်း၂၀ အတွင်း မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာဘီလျံ ၂၂၀ ကျော်ရရှိစေရန် နှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေး မျှော်မှန်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းကို  ကာလတိုငါးနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ အထိ)၊ ကာလလတ် ငါးနှစ ်  (၂၀၂၁-၂၀၂၂   ခုနှစ်မှ ၂၀၂၅-၂၀၂၆ အထိ)၊ ကာလရှည် ၁၀ နှစ် (၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၅-၂၀၃၆ အထိ) အသီးသီးဆောင်ရွက်မည်ဟု သိရသည်။              

 

 

 

Most Read

Most Recent