သရုပ်ဆောင် စည်သူဝင်းရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ

သရုပ်ဆောင် စည်သူဝင်းရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
Published 30 August 2019
လင်းလင်းခိုင်

မြန်မာရုပ်သံဇာတ်လမ်းတွဲတွေကို ပရိသတ်စိတ်ဝင်စားအားပေးမှုက အခုနှစ်ပိုင်းမှာတော့ ပိုမိုများပြားသထက် များပြားလာပါတယ်။ ဇာတ်လမ်းတွဲတွေရဲ့ အရှိန်အဟုန် မြင့်မားလာမှုနဲ့အတူ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်ခွင့်ရလာတဲ့ လူငယ်မျက်နှာသစ်သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်စွမ်းအင်ကိုလည်း ပရိသတ်တွေက ပိုလို့သတိပြုအားပေးလာကြတာပါ။ မိုးကောင်းကင်အိပ်မက် ရုပ်သံဇာတ်လမ်းတွဲကနေအစပြုလို့ ပရိသတ် သတိထားမိစေခဲ့သလို လက်ရှိထုတ်လွှင့်ပြသနေတဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲမှာလည်း လူရှုပ်လူပွေ ကိုကိုကျော်နေရာက ပါဝင်ထားသူက သရုပ်ဆောင်စည်သူဝင်းပါ။ ဒီတစ်ပတ်မှာတော့ သရုပ်ဆောင်စည်သူဝင်းပြောပြတဲ့ ငယ်ဘဝအမှတ်တရတွေကို ပြန်လည်ဝေငှပေးချင်ပါတယ်။

သရုပ်ဆောင်စည်သူဝင်းကိုဇန်နဝါရီ ၃၁ ရက် ၁၉၉၅ ခုနှစ်မှာ ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်းအနေနဲ့ အစ်ကိုတစ်ယောက်ရှိပြီး ငယ်စဉ်က ကစားမက်သူတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ အစ်ကိုနဲ့ ပုံစံကွဲပြားသူဖြစ်သလို ငယ်စဉ်ကအမှတ်တရအနေနဲ့တော့ အမေ့ရဲ့ မတော်တဆလုပ်မှုတစ်ခုကြောင့် နဖူးမှာဒဏ်ရာရခဲ့ဖူးတာ ပါလို့ဆိုပါတယ်။ ငယ်စဉ်က တင်ပါးမှာ ရေနွေးပူလောင်တာလည်း ရှိခဲ့တယ်လို့ဆိုပါတယ်။ ကလေးဘဝမှာ အဆော့အရမ်းမက်သလို သူငယ်ချင်းအရမ်းမင်တဲ့အထဲမှာလည်း ပါတယ်လို့ စည်သူဝင်းကဆိုပါတယ်။

အနုပညာနဲ့ ပတ်သက်လို့ကတော့ ငယ်စဉ်ကလေးဘဝမှာ စစ်ကားတွေကြည့်ရတာအရမ်းကြိုက်သလို စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းတွေကိုလည်း တစ်ချိန်လုံးနားထောင်နေတတ်တယ်လို့ ဆိုပါတယ်။ သီချင်းတွေအားလုံးရသလို တစ်ချိန်လုံးလည်းလိုက်ဆိုတတ်တာတော့ အမှတ်တရပါလို့ ပြောပြခဲ့ပါတယ်။ ကျောင်းပညာရေးကိုတော့ သာကေတမြို့နယ်က အ.မ.က(၃၉)၊ အ.လ.က(၆)၊ အ.ထ.က(၃)ကျောင်း တွေမှာ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းစာမှာတော့ အလယ်အလတ်အဆင့်ပဲရှိပါတယ်လို့ ရယ်မောရင်းဆိုပါတယ်။ အစ်ကိုဖြစ်သူက စာတော်ပေမယ့် ကိုယ်တိုင်ကတော့ အလယ်အလတ်လောက်ပဲ ရှိပါတယ်လို့ပြောပြခဲ့ပါတယ်။ ငယ်စဉ်ကလေးဘဝမှာ ရှက်တတ်သူဖြစ်တာကြောင့် ကျောင်းကပွဲလိုမျိုး အနုပညာလှုပ်ရှားမှုတွေမှာ ပါဝင်ဖြစ်တာမျိုးမရှိခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။

“ကျွန်တော်ငယ်ငယ်က စစ်ဗိုလ်လုပ်မယ်လို့ရည်မှန်းခဲ့တာ။ ကိုးတန်းနှစ်လောက်မှာ F4 ဇာတ်ကားကြည့်တော့ မင်းသားတွေကိုကြိုက်သလို တီဗွီမှာလည်း စတိုင်ရှိမှ စတားဖြစ်မယ် ပြိုင်ပွဲတွေဘာတွေလွှင့်တာကိုကြည့်ရင်း အနုပညာပိုးဝင်လာတာပေါ့။ ၁၀ တန်းအောင်ပြီးလို့ တကယ်စလုပ်မယ်ဆိုတဲ့အခါ ဆရာဂျွန်လွင်ရဲ့ မော်ဒယ်သင်တန်းတက်ရောက်ပြီး ဒီလောကထဲရောက်လာခဲ့တာပါ။ ကိုယ်တိုင်က အနုပညာမျိုးရိုး၊ အသိုင်းအဝိုင်းမရှိတော့ အရမ်းခက်ခဲပါတယ်။ မော်ဒယ်အနေနဲ့ ဆုတွေဘာတွေရပြီးတော့ ကျွန်တော့်ရည်မှန်းချက်ကလည်း သရုပ်ဆောင်ဖြစ်ချင်တာဆိုတော့ ဘဘဦးအုန်းခိုင်ရဲ့ စကားဝါသင်တန်းမှာ တစ်နှစ်လောက်သွားပြီး သင်ယူခဲ့တယ်။ အဲဒီကနေမှ မြဝတီရုပ်မြင်သံကြားမှာ ပြသတဲ့ဇာတ်ကားတိုလေးတွေမှာ စပြီးပါဝင်ခွင့်ရခဲ့ပါတယ်” လို့ သရုပ်ဆောင်စည်သူဝင်းက ဆိုပါတယ်။

သရုပ်ဆောင်စည်သူဝင်းက စနိုးဝှိုက်ရုပ်ရှင်ထုတ်လုပ်ရေးနဲ့လက်တွဲပြီး ဇာတ်ကားအချို့မှာ ပါဝင်ခွင့် ရရှိခဲ့ပြီးနောက်ပိုင်း MRTV 4 နဲ့ ဆက်လက်လက်တွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ MRTV 4 က ထုတ်လွှင့်တဲ့ ဟာသကျေးရွာရုပ်သံဇာတ်လမ်းတွဲမှာ ပထမဆုံးပါဝင်ခွင့်ရခဲ့သလို မိုးကောင်းကင်အိပ်မက်ဇာတ် လမ်းတွဲမှာပါဝင်ခဲ့တဲ့ ရဲသွေးကာရိုက်တာနဲ့ အားပေးမှုများပြားခဲ့တယ်လို့ စည်သူဝင်းကပြောပြခဲ့ပါတယ်။ ဒီနောက်မှာတော့ ဝင်္ကပါရှင်းတမ်းဇာတ်လမ်းတွဲမှာလည်း လျှို့ဝှက်သည်းဖိုဆန်တဲ့ ကာရိုက်တာတစ်ခုနဲ့ ပါဝင်ခဲ့ပါတယ်။ လက်ရှိပြသနေတဲ့ နှင်းဆီဇာတ်လမ်းတွဲမှာတော့ ပွေတတ်ရှုပ်တတ် မိန်းကလေးတွေကို လှည့်စားတတ်တဲ့ ကိုကိုကျော်ဆိုတဲ့ ကာရိုက်တာကနေပါဝင်ထားတာပါ။

“ကျွန်တော်က အဲဒီလို မတူတဲ့ကာရိုက်တာတွေမှာ ပြောင်းပြီးသရုပ်ဆောင်ရတာကိုကြိုက်တယ်။ ပရိသတ်တွေကို ပုံမှန်အတိုင်းမသွားချင်ဘူး။ ပရိသတ်ချစ်ချင်ချစ်မယ်။ မုန်းချင်မုန်းမယ်။ ကြိုက်ချင်မှလည်း ကြိုက်လိမ့်မယ်။ ကျွန်တော်ရူးသွပ်တာက အနုပညာရူးသွပ်တာဖြစ်တဲ့အတွက် တစ်ကားနဲ့ တစ်ကား မတူတဲ့ ကာရိုက်တာတွေမှာ ပါဝင်ရတာကို ကြိုက်တယ်။ ဂိမ်းကစားသလိုပေါ့လေ။ တစ်ခုက ခက်ခဲတဲ့အဆင့်ကိုကျော်ပြီး နောက်တစ်ဆင့် ရောက်သွားတာမျိုးကိုကြိုက်တယ်။ အဲဒီလိုပဲ ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်နေတဲ့ ဇာတ်ရုပ်မျိုးတွေမှာ ပါဝင်ရတာကိုကြိုက်ပါတယ်” လို့ ကွဲပြားတဲ့ဇာတ်ရုပ်ပုံစံတွေနဲ့ တွေ့မြင်ရတဲ့အပေါ် စည်သူဝင်းက ဆိုပါတယ်။

သရုပ်ဆောင်စည်သူဝင်းက နောက်ထပ်လည်း ကွဲပြားတဲ့ကာရိုက်တာတွေနဲ့ တွေ့မြင်ရဦးမှာဖြစ်သလို ရုပ်သံဇာတ်လမ်းတွဲတွေလည်း ထပ်ရိုက်ဖို့စီစဉ်ထားတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ကားကြီးအနေနဲ့လည်း ကမ်းလှမ်းမှုရှိခဲ့မယ်ဆိုရင် ဇာတ်ရုပ်ပိုင်းဆိုင်ရာ လိုက်ဖက်မှုရှိမယ်ဆိုရင် လက်ခံဖြစ်မယ်လို့လည်း ပြောပြခဲ့ပါတယ်။

စည်သူဝင်းက အားပေးတဲ့ပရိသတ်တွေကိုတော့ ကျေးဇူးတင်သလို အများကြီးဆက်ပြီးကြိုးစားသွားမှာဖြစ်သလို လိုအပ်ချက်တွေလည်း ဝေဖန်အကြံပေးဖို့ပြောကြားခဲ့ပါတယ်။

 

 

Most Read

Most Recent