အမရပူရမြို့အနီးက ရတနာ့ဂူပွဲတော်

အမရပူရမြို့အနီးက ရတနာ့ဂူပွဲတော်
 ရတနာ့ဂူပွဲတော်သို့ လာရောက်ကြသူများအား တွေ့ရစဉ် (ဓာတ်ပုံ-သက်ထွန်းအောင်)
ရတနာ့ဂူပွဲတော်သို့ လာရောက်ကြသူများအား တွေ့ရစဉ် (ဓာတ်ပုံ-သက်ထွန်းအောင်)
Published 29 August 2019
သက်ထွန်းအောင်

မြန်မာတစ်နိုင်ငံလုံးက ဧည့်သည်တွေနဲ့ ခြိမ့်ခြိမ့်သဲကျင်းပခဲ့တဲ့ တောင်ပြုန်းပွဲတော်ကြီး ပြီးသွားပေမယ့် နောက်ဆက်တွဲပွဲတစ်ပွဲကျန်နေပါသေးတယ်။ အဲဒါကတော့ အမရပူရမြို့အနီးမှာ ကျင်းပတဲ့ ရတနာ့ဂူပွဲတော်ပါပဲ။ တောင်ပြုန်းပွဲမပြီးခင်ကတည်းက ရတနာ့ဂူဘုရားဝန်းကျင်မှာ နတ်နန်းတွေ၊ စျေးဆိုင်တွေဟာ စတင်ဆောက်လုပ်နေပါပြီ။

နှစ်စဉ်နှစ်တိုင်း ၀ါခေါင်လဆန်း ၈ ရက်နေ့မှစတင်ပြီး ၀ါခေါင်လကွယ်နေ့ထိ ကျင်းပတဲ့ ရတနာ့ဂူပွဲဟာ တောင်ပြုန်းပွဲလိုပဲထင်ရှားတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ တောင်ပြုန်းပွဲဟာ ပုဂံခေတ် အနော်ရထာမင်းလက်ထက်က ရွှေဖျဉ်းညီနောင်ကို ကနားပေးတဲ့ ပွဲလမ်းသဘင်ကြီးအဖြစ် ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီ တောင်ပြုန်းပွဲတော်က နတ်ထိန်း၊ နတ်ကတော်တွေ ကူးပြောင်းလာတဲ့ ရတနာ့ဂူပွဲတော်ဟာ ပုပ္ပားတောင်တော်ကို ပြန်ကြွမယ့်မယ် ဝဏ္ဏရဲ့ ကွန်းထောက်စခန်းချပွဲ၊ တောင်ပြုန်းမင်းညီနောင်တို့က မယ်တော်ကိုပုပ္ပားတောင်ကို လိုက်ပါပို့ဆောင်တဲ့ ပွဲလည်းဖြစ်ပါတယ်။ သက္ကရာဇ် ၁၂၇၁ ခုနှစ် ၀ါခေါင်လမှာ ဧရာဝတီမြစ်ရေ အဆမတန်တိုးမှုကြောင့် မြင်းတိုင်ရပ်အပါအဝင် အမရပူရမြို့နယ်တချို့ ရေဖုံးလွှမ်းခဲ့သော်လည်း နတ်ပွဲကို အပျက်မခံဘဲ ဆင်တိုင်းရပ်မှာရှိတဲ့ အောင်ချမ်းသာဘုရားအနီးမှာ ပြောင်းရွှေ့ကျင်းပခဲ့ကြရာ နောက်နှစ်မှာတော့ မူလနေရာဖြစ်တဲ့ မြင်တိုင်းရပ်မှာပဲ ပြောင်းရွှေ့ကျင်းပခဲ့ကြတယ်။ ဆင်တိုင်းရပ်မှာလည်း စင်ပြိုင်နတ်ပွဲ ဖြစ်လာတဲ့အတွက် ရတနာ့ဂူပွဲတော်ဟာ နတ်နန်းနှစ်ခု အပြိုင်အဆိုင်ပေါ်ပေါက်ခဲ့ပြီး အရှေ့နန်း၊ အနောက်နန်းဆိုပြီးခေါ်ကြသလို အောက်နန်း၊ အထက်နန်းလို့လည်း ခေါ်ခဲ့ကြပါတယ်။

ဒါ့အပြင် ၁၉၆၅ ခုနှစ်မှာ ဦးရာမဆိုတဲ့ ဒါယကာတစ်ဦးရဲ့ အိပ်မက်အရ ရတနာ့ဂူဘုရားကို ပြုပြင်မွမ်းမံပြီး ရတနာ့ဂူဘုရား ဂေါပကအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ရတနာ့ဂူနတ်နန်းအသစ်တစ်ခု ပေါ်ပေါက်လာပြန်ပါတယ်။ အဲဒီအချိန်ကစပြီး အထက်နန်း၊ အလယ်နန်းနဲ့ အောက်နန်းဆိုပြီး နန်းသုံးနန်း ပေါ်ပေါက်လာခဲ့တယ်။

ရတနာ့ဂူပွဲတော်ရဲ့ မူလအစက ဘုရားပွဲတော်သာဖြစ်ပါတယ်။ အင်းဝခေတ် မင်းကြီးစွာစော်ကဲလက်ထက်က အစပြုကာ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ကုန်းဘောင်ခေတ် ဘကြီးတော်ဘုရားလက်ထက်မှာ ရတနာ့ဂူပွဲဆိုပြီး စတင်ပြောင်းလဲလာခဲ့တာပါ။ ပေါ်ပေါက်လာပုံက ၁၁၀၃ ခုနှစ်မှာ အမရပူရနေပြည်တော် မီးဘေးသင့်တာကြောင့် မင်းနှင့်တကွပြည်သူတွေ စိတ်နှလုံးမရွှင်လန်းဘဲရှိနေတဲ့အချိန်မှာ နန်းမတော်မိဖုရားခေါင်ကြီးနဲ့ စလင်းမြို့စား မောင်အိုတို့က ပွဲလမ်းသဘင်နဲ့ ပြည်သူတွေ ပျော်ရွှင်စေမယ်လို့ အကြံရကာ ရတနာ့ဂူပွဲကို စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ နန်းမတော်မယ်နုနဲ့ စလင်းမင်းသား မောင်အိုတို့စတင်ဖန်တီးခဲ့တဲ့အချိန်ကစလို့ ရတနာ့ဂူနတ်ပွဲဆိုပြီး နှစ်စဉ်ကျင်းပလာခဲ့အတွက် ရတနာ့ဂူဘုရားပွဲဟာ ကွယ်ပခဲ့ပြီး နတ်ပွဲအဖြစ်နဲ့ ထင်ရှားကျော်ကြားလာခဲ့ပါတယ်လို့ သမိုင်းမှတ်တမ်းတွေအရ ဆိုထားပါတယ်။

ရတနာ့ဂူဘုရားပွဲစတင်ဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီး ရတနာ့ဂူဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်စိုးက “ရတနာ့ဂူ ဘုရားပွဲဖြစ်ပေါ်လာတာက မြန်မာသက္ကရာဇ် ၇၄၅ ခုနှစ်မှာ အင်းဝပြည်ကြီး မငြိမ်မသက် ဖြစ်တဲ့အခါမှာ အင်းဝဘုရင်မင်းကြီးစွာစော်ကဲက ယတြာချေတဲ့အနေနဲ့ စေတီတည်ခဲ့ပါတယ်။ စေတီတည်အပြီး ၀ါခေါင်လပြည့်ကျော် ၈ ရက်နေ့ကနေ ၀ါခေါင်လကွယ်နေ့အထိ ဘုရားပွဲကျင်းပနေတာ ဒီနေ့အချိန်အထိပါပဲ” လို့ ပြောပြပါတယ်။

၎င်းက ဆက်လက်ပြီး “ရတနာ့ဂူဘုရားကတော့ ဘုရားပွဲပါ။ နတ်ပွဲမဟုတ်ပါဘူး။ ဒီဘုရားပွဲကိုအမှီပြုပြီး အမရပူရတစ်မြို့လုံး ဘုရားပွဲလိုဖြစ်သွားတာပါ။ အဲဒီမှာ အထက်နန်းအပြင် ပုဂ္ဂလိကနန်းပွားလေးတွေလည်း ပေါ်လာတယ်။ အလယ်နန်းအပြင် ပုဂ္ဂလိက အမွေဆိုင်နန်းတွေလည်းပေါ်လာတယ်။ ရတနာ့ဂူအောက်နန်းဖြစ်တဲ့ ပုပ္ပားမယ်တော်ကြီးနန်းကတော့ သာသနာပြုနန်း၊ နန်းထိန်းမရှိဘူး။ ရတနာဂူဘုရားဂေါပကအဖွဲ့က ကြီးကြပ်ပါတယ်။ ဆက်သတဲ့ငွေတွေ၊ တက်ပွဲရတဲ့ငွေတွေက ဘုရားငွေဖြစ်ပါတယ်။ အခြားနန်းတွေကတော့ အမွေဆိုင်နန်းတွေဖြစ်တဲ့အတွက် သူတို့မိသားစုတွေ အချိုးကျခွဲဝေယူ ကြပါတယ်” လို့ ရှင်းပြပါတယ်။

ဒီနှစ်မှာတော့ ၀ါခေါင်လပြည့်ကျော် ၇ ရက် ညနေ ၆ နာရီမှာ ညီလာခံဖွင့်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။ ၈ ရက်၊ ၉ ရက်နေ့များမှာတော့ ရိုးရာအစဉ်အလာအတိုင်း တက်ပွဲ၊ ချွတ်ပွဲများကို နေ့ညမပြတ် ကျင်းပခဲ့ကြပြီး ၀ါခေါင်လပြည့်ကျော် ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီမှာ ပုပ္ပားမယ်တော်ကြီး ချိုးရေသုံးပွဲ ကျင်းပတာဖြစ်ပါတယ်။ ဒီနှစ်မှာ ဧရာဝတီမြစ်ရေနည်းပါးတဲ့အတွက် ငှက်သမ္ဗန်ပေါ်ကို မဏ္ဍပ်မထိုး၊ ဖောင်မဖွဲ့ဘဲ၊ ငှက်လှေ ၃၁ စီးနဲ့ ချိုးရေတော်သုံးမှာ ဖြစ်ပါတယ်။

“၀ါခေါင်လပြည့်ကျော် ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်များတွင် ရိုးရာစဉ်အလာအတိုင်း တက်ပွဲချွတ်ပွဲတွေ ကျင်းပသွားမှာဖြစ်ပါတယ်။ ၀ါခေါင်လကွယ်နေ့ နံနက် ၇ နာရီ အချိန်မှာ သံဃာအပါး ၁၅၀ ကို ဆွမ်းလောင်းပွဲကျင်းပမှာ ဖြစ်ပါတယ်။ ၀ါခေါင်လကွယ်နေ့ မွန်းလွဲ ၂ နာရီအချိန်မှာ ထိန်ခုတ်ပွဲအခမ်းအနား ကျင်းပပြီး ၃ နာရီအချိန်မှာ မယ်တော်ပို့ပွဲကျင်းပမှာ ဖြစ်ပါတယ်။ မယ်တော်ပို့ပွဲက မူလနန်းရင်းနေရာဖြစ်တဲ့ ညောင်လေးပင်နေရာမှာ ကျင်းပမှာဖြစ်ပါတယ်။ ညပိုင်းမှာဆိုရင် သက်ဆိုင်ရာချော့တဲ့နတ်တွေ ပြန်ပို့မှာဖြစ်ပါတယ်။ ညပိုင်းမှာ ပိတ်မှာဖြစ်ပါတယ်” လို့ ရတနာ့ဂူဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်စိုးက ပြောပါတယ်။

ပွဲတော်အမှီပြုပြီး မုန့်ခေါပျဉ်ရောင်းချတဲ့ စျေးသည် မသီတာအေးက “အစ်မက အိုးပုတ်ပွဲကနေစပြီး ရောင်းချပါတယ်။ တစ်နေ့ကို ငါးပြည်၊ ခြောက်ပြည်လောက် ကုန်ပါတယ်။ ကောက်ညှင်းဆန်က စျေးကြီးနေတော့ သိပ်မကျန်ဘူး” ဟု ဆိုပါတယ်။

မသီတာအေးက မတ္တရာဘက်ကနေ လာရောက်ရောင်းချတာဖြစ်ပါတယ်။ ပွဲတော်အတွင်း စျေးရောင်းချရန် မိတ်ဆွေအိမ်တည်းကာ ရောင်းချခြင်းဖြစ်တယ်လို့ သူမကပြောပါတယ်။

စျေးသည် မသီတာအေးလို မုန့်ခေါပျဉ်ရောင်းချတဲ့ စျေးသည်တွေကလည်း ပွဲစျေးတန်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ရှိနေပါတယ်။ ကရေကရာ၊ ထိုးမုန့်၊ အနုဆုပ်ရောင်းချတဲ့ စျေးသည်တွေ၊ အလှကုန်ပစ္စည်းဆိုင်တွေ၊ အထည်ဆိုင်တွေ၊ ကတ်ကြေး၊ ဓား၊ တူ၊ လွှရောင်းချတဲ့ စျေးသည်တွေ၊ ဆီကြော်မုန့်မျိုးစုံတွေနဲ့ အခြားလူသုံးကုန်ပစ္စည်းတွေ ရောင်းချခြင်းတွေကြောင့် ပွဲတော်အပြန် အိမ်ပြန်လက်ဆောင်အတွက် စိတ်ပူစရာမလိုပါဘူး။

အင်းဝခေတ်ကစတင်ကျင်းပခဲ့တဲ့ အမရပူရမြို့အနီးက ရတနာ့ဂူပွဲတော်ဟာ နှစ်ကာလဘယ်လိုပဲ ကြာညောင်းနေပေမယ့် တောင်ပြုံးပွဲတော်ကဲ့သို့ မလိုင်ကရေကရာသည်တွေ၊ အရုပ်သည်တွေ၊ အဝတ်အထည်သည်တွေ၊ မီးဖိုချောင်သုံးပစ္စည်းသည်တွေ၊ အစားအသောက်ရောင်းချသူတွေ၊ နတ်ကိုးကွယ်မှု ယုံကြည်သူတွေ၊ လာရောက်လည်ပတ်သူတွေနဲ့ ယနေ့အချိန်ထိ စည်းကားမြဲ စည်ကားဆဲ ဖြစ်နေပါတော့တယ်။

 

Most Read

Most Recent