Game of Thrones သရုပ်ဆောင် ကစ်ဟာရင်တန်က မာဗယ်၏ စူပါဟီးရိုးဇာတ်ကားတွင် ပါဝင်မည်

Game of Thrones သရုပ်ဆောင် ကစ်ဟာရင်တန်က မာဗယ်၏ စူပါဟီးရိုးဇာတ်ကားတွင် ပါဝင်မည်
Published 26 August 2019

Game of Thrones ဇာတ်လမ်းတွဲတွင် ဂျွန်စနိုးဇာတ်ကောင်ဖြင့် အောင်မြင်ခဲ့သည့် ကစ်ဟာရင်တန်က မာဗယ်၏ စူပါဟီးရိုးဇာတ်ကား The Eternals တွင် ပါဝင်မည်ဟု  သြဂုတ်၂၄ ရက်တွင် အတည်ပြုခဲ့သည်။

ဒါရိုက်တာ ကလိုရီကျောင်း ရိုက်ကူးမည့် ယင်းဇာတ်ကားတွင်  ကစ်ဟာရင်တန်က Dane Whitman (Black Knight) ဇာတ်ကောင်အဖြစ် သရုပ်ဆောင်မည်ဖြစ်သည်။

ဗြိတိန်သရုပ်ဆောင် ဟာရင်တန်သည် Pompeii နှင့် Testament of Youth ဇာတ်ကားများတွင် ပါဝင်ခဲ့သော်လည်း HBO ရုပ်သံတွင် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့သည့် Game of Thrones ဇာတ်လမ်းတွဲဖြင့် နိုင်ငံတကာတွင် အောင်မြင်မှုရရှိခဲ့သည်။

Game of Thrones ဇာတ်လမ်းတွဲတွင် Robb Stark အဖြစ် ပါဝင်ခဲ့သည့် ရစ်ချက်မက်ဒန်သည်လည်း The Eternals ဇာတ်ကားတွင် Icarus ဇာတ်ကောင်အဖြစ် ပါဝင်မည်ဟု မာဗယ်က ထုတ်ပြန်ခဲ့သည်။

Celestial များက ဖန်တီးခဲ့သည့် ထာဝရရှင်သန်သော ဂြိုဟ်သားမျိုးနွယ်စု Eternals ကမ္ဘာမြေသို့ ရောက်ရှိလာပြီး လူသားများအား ရန်ပြုသည့် မကောင်းဆိုးဝါး Deviants များကို တိုက်ခိုက်နှိမ်နင်းသည့်အကြောင်း ရိုက်ကူးမည့် ယင်းဇာတ်ကားတွင် အင်ဂျလီနာဂျိုလီ၊ ဆယ်မာဟေယက်၊ ရစ်ချက်မက်ဒန်၊ Kumail Nanjiani နှင့် ကိုရီးယားသရုပ်ဆောင် Ma Dong Seok တို့လည်း ပါဝင်မည်ဖြစ်သည်။ ယင်းဇာတ်ကားကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာတွင် ဖြန့်ချိရန် စီစဉ်ထားသည်ဟု မာဗယ်စတူဒီယိုက ထုတ်ပြန်ခဲ့သည်။

စူပါဟီးရိုးဇာတ်ကောင်များစွာ ပါဝင်သည့် Avengers း Endgame ဇာတ်ကားပြီးဆုံးခဲ့ပြီးနောက် မာဗယ်၏ စူပါဟီးရိုးအဖွဲ့မှ Iron Man နှင့် Captain America ဇာတ်ကောင်များနေရာတွင် စူပါဟီးရိုး ဇာတ်ကောင်အသစ်များဖြင့် အစားထိုးနိုင်ခြေရှိသည်ဆိုသော သုံးသပ်ချက်များထွက်ရှိနေစဉ် The Eternals ရိုက်ကူးမည့် အစီအစဉ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Spider  - Man ဇာတ်ကောင်အတွက် ဒစ္စနေကပိုင်ဆိုင်သည့် မာဗယ်ကုမ္ပဏီနှင့် သဘောတူညီမှုများ အဆုံးသတ်လိုက်ပြီဟု ဆိုနီက အတည်ပြုခဲ့ပြီးနောက် မာဗယ်၏ နောက်ထပ်ရိုက်ကူးမည့်စူပါဟီးရိုး ဇာတ်ကားများတွင်  Spider - Man သည် ပါဝင်တော့မည် မဟုတ်ပေ။

Most Read

Most Recent