စကားလက်ဂျိုဟန်ဆန်က Forbes ၏ ဝင်ငွေအများဆုံး အမျိုးသမီးသရုပ်ဆောင်စာရင်းတွင် နှစ်နှစ်ဆက်တိုက် ဦးဆောင်

စကားလက်ဂျိုဟန်ဆန်က Forbes ၏ ဝင်ငွေအများဆုံး အမျိုးသမီးသရုပ်ဆောင်စာရင်းတွင် နှစ်နှစ်ဆက်တိုက် ဦးဆောင်
(Photo – AFP)
(Photo – AFP)
Published 25 August 2019

Marvel ၏ စူပါဟီးရိုးဇာတ်ကားများတွင် Black Widow ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့သည့် စကားလက်ဂျိုဟန်ဆန်သည် ဝင်ငွေအများဆုံး အမျိုးသမီးသရုပ်ဆောင်စာရင်း၏ နံပါတ် (၁) နေရာတွင် နှစ်နှစ်ဆက်တိုက် ဦးဆောင်ခဲ့သည်ဟု Forbes မဂ္ဂဇင်းက သြဂုတ် ၂၃ ရက်တွင် ထုတ်ပြန်သည်။

အသက် ၃၄ နှစ်အရွယ် ဂျိုဟန်ဆန်သည် ပြီးခဲ့သည့် ၁၂ လအတွင်း ဝင်ငွေ ဒေါ်လာ ၅၆ သန်းရရှိခဲ့ပြီး ယင်းငွေများအနက် ဒေါ်လာ ၃၅ သန်းသည် ကမ္ဘာတစ်ဝန်း အောင်မြင်ခဲ့သည့် Avengers း Endgame ဇာတ်ကားမှ ရရှိခဲ့သည်။ ဂျိုဟန်ဆန်၏ ယခုနှစ်ဝင်ငွေသည် ပြီးခဲ့သည့်နှစ်ကထက် ၁၅.၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်ဟု Forbes က ထုတ်ပြန်ခဲ့သည်။

ဂျိုဟန်ဆန်သည် ၂၀၂၀ ပြည့်နှစ်တွင် ထွက်ရှိမည့် စူပါဟီးရိုးဇာတ်ကားတွင်လည်း Black Window ဇာတ်ကောင်အဖြစ် ပြန်လည်ပါဝင်မည် ဖြစ်သည်။

ဝင်ငွေအများဆုံး အမျိုးသမီးသရုပ် ဆောင်စာရင်း၏ ထိပ်တန်း ၁၀ တွင် ပါဝင်သည့် အမျိုးသမီးသရုပ်ဆောင်များသည် ဝင်ငွေဒေါ်လာ သန်း ၂၀ အထက် ရရှိခဲ့ကြသော်လည်း ဟောလိဝုဒ်တွင် သရုပ်ဆောင်ကြေး မမျှတမှုက ရှင်သန်နေဆဲဖြစ်သည်။ ဂျိုဟန်ဆန်သည် ဒေါ်လာ ၅၆ သန်းဖြင့် Forbes ၏ ဝင်ငွေအများဆုံး အမျိုးသမီးစာရင်းတွင် ဖော်ပြခံခဲ့ရသော်လည်း ယင်းငွေပမာဏသည် ဝင်ငွေအများဆုံး အမျိုးသားသရုပ်ဆောင် စာရင်းတွင်မူ နံပါတ်ရှစ်နေရာ၌သာ ဖော်ပြခံခဲ့ရသည်။ Avengers း Endgame ဇာတ်ကားတွင် ဂျိုဟန်ဆန်၏ တွဲဖက်သရုပ်ဆောင်ဖြစ်သည့် ရောဘတ်ဒေါင်းနင်းဂျူနီယာသည် Iron Man ဇာတ်ကောင်အတွက် သရုပ်ဆောင်ကြေး ဒေါ်လာ ၅၅ သန်း ရရှိခဲ့သည်။

The Modern Family ရုပ်သံဇာတ်လမ်းတွဲတွင်ပါဝင်ခဲ့သည့် ဆိုဗီယာဗာဂါနာသည် အဆိုပါစာရင်း၏ ဒုတိယနေရာတွင် ဖော်ပြခံရသည်။ ဗာဂါနာသည် ၂၀၁၈ ခုနှစ် ဇွန် ၁ ရက်နှင့် ၂၀၁၉ ခုနှစ် ဇွန် ၁ ရက်အတွင်း ဝင်ငွေဒေါ်လာ ၄၄ သန်းရရှိခဲ့သည်ဟု Forbes က ထုတ်ပြန်ခဲ့သည်။ Forbes ၏ အဆိုပါစာရင်းတွင် ရိစ်ဝှစ်သာစပွန်းက ဒေါ်လာ ၃၅ သန်းဖြင့် တတိယနေရာတွင် ဖော်ပြခံရပြီး နီကိုးလ်ကစ်မန်းက ဒေါ်လာ ၃၄ သန်းဖြင့် စတုတ္ထနေရာတွင် ဖော်ပြခံခဲ့ရသည်။ ဂျနီဖာအန်နစ္စတန်သည် ဝင်ငွေဒေါ်လာ ၂၈ သန်းဖြင့် အဆိုပါစာရင်း၏ ပဥ္စမနေရာတွင် ဖော်ပြခံခဲ့ရသည်။

ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ခဲ့သည့်စာရင်းတွင် နံပါတ် (၂) နေရာတွင် ဖော်ပြခံခဲ့ရသည့် အင်ဂျလီနာဂျိုလီသည် ယခုနှစ်စာရင်းတွင် ပါဝင်ခဲ့ခြင်း မရှိပေ။

Most Read

Most Recent