မော်ဒယ် Mဆိုင်းလူရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ

မော်ဒယ် Mဆိုင်းလူရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
Published 23 August 2019
လင်းလင်းခိုင်

Model Runway လမ်းကြောင်းထက်မှာ ထိပ်တန်းမော်ဒယ်အနေနဲ့ ရပ်တည်နေသူတွေထဲက လှပတဲ့မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားသလို မော်ဒယ်ဟန်ပန်အပြည့်နဲ့ ပရိသတ်အားပေးမှုကို ရယူထားနိုင်သူတစ်ဦးက မော်ဒယ် Mဆိုင်းလူဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုတိုင်တော့မှာဖြစ်တဲ့ အနုပညာခရီးလမ်းကို ဖြတ်သန်းလာခဲ့သလို ခရီးလမ်းတစ်လျှောက်လုံးမှာလည်း မော်ဒယ်တစ်ဦးအနေနဲ့သာ သီးသန့်ရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သရုပ်ဆောင်အဖြစ် ကမ်းလှမ်းမှုတွေရှိလာခဲ့ရင်လည်း လိုက်ဖက်တဲ့ဇာတ်ရုပ်တွေမှာ ပါဝင်သွားဖို့ပြင်ဆင်နေသူပါ။ မော်ဒယ် Mဆိုင်းလူရဲ့ဇာတိ ကချင်ပြည်နယ်က အမှတ်တရတွေ၊ မော်ဒယ်ခရီးလမ်းတစ်လျှောက် အတွေ့အကြုံတွေကို  မေးမြန်းတင်ပြပေးဖြစ်ပါတယ်။

ကချင်တိုင်းရင်းသူမော်ဒယ် Mဆိုင်းလူကို မတ် ၂၄ ရက် ၁၉၉၃ ခုနှစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မွေးချင်းမောင်နှမ လေးယောက်ရှိသူလည်းဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝမှာ အမှတ်တရများစွာ ပိုင်ဆိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ “ဆိုင်းလူ မူလတန်းကျောင်းသူဘဝမှာ မြစ်ကြီးနားကနေ ရန်ကုန်ကို ပြောင်းလာတော့ စကားပြောရတာ အခက်အခဲရှိခဲ့တယ်။ အဲဒါလေးတွေက အမှတ်တရပါ” လို့ Mဆိုင်းလူက ဆိုပါတယ်။ ငယ်စဉ်ကလေးဘဝမှာ ကစားမက်သလို အစားလည်းမက်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါသေးတယ်။

Mဆိုင်းလူက ကျောင်းပညာရေးကို တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့အထိ အ.ထ.က (၂) လသာမှာ တက်ရောက်ခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ ဆက်တက်ခဲ့တယ်လို့ဆိုပါတယ်။ ကျောင်းပညာရေးမှာ သာမန်အဆင့်ပဲရှိခဲ့ပြီး ထူးချွန်သူတစ်ယောက်တော့ မဟုတ်ခဲ့ဘူးလို့လည်း ပြောပြခဲ့ပါတယ်။ ငယ်စဉ်ကတည်းက အနုပညာဝါသနာပိုးကရှိခဲ့ပြီး သေချာတော့ မလုပ်ဖြစ်ခဲ့ဘူးလို့ဆိုပါတယ်။ ခရစ်ယာန်ဘာသာဝင်ဖြစ်တာကြောင့် ဘုရားကျောင်းမှာ ပြဇာတ်ကတာမျိုးတွေ၊ Talent Show တွေမှာ ပါဝင်ဖြစ်တာတွေ ရှိတယ်လို့လည်းဆိုပါတယ်။ ကျောင်းကပွဲတွေမှာ ပါဝင်ဖြစ်တာမျိုးထက် ဘုရားကျောင်းမှာပဲ အနုပညာနဲ့ပတ်သက်လို့ လုပ်ဖြစ်တာ ပိုများတယ်လို့လည်း ဆိုခဲ့ပါသေးတယ်။

အနုပညာနဲ့ပတ်သက်တဲ့ပထမဆုံး ခြေလှမ်းကိုတော့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးချိန်မှာ May & Mark Calendar မှာ ပါဝင်ခဲ့ရာကနေ စတင်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ်မှာ မော်ဒယ်လမ်းကြောင်းပေါ်ကို စတင်ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ မော်ဒယ်တစ်ယောက်အနေနဲ့ ပရော်ဖက်ရှင်နယ်လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေပေမယ့် သရုပ်ဆောင်ခြင်းကိုလည်း ၀ါသနာပါတာကြောင့် အခွင့်အရေးပေးခဲ့မယ်ဆိုရင် လက်ခံဖြစ်မှာပါလို့ ဆိုပါတယ်။

ဖြတ်သန်းခဲ့တဲ့ခရီးလမ်းက စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့တော့ “စိန်ခေါ်မှုတွေကတော့ အများကြီးပါပဲ။ ဆိုင်းလူတို့ အရင်လုပ်ခဲ့တာနဲ့ အခုလက်ရှိအချိန်က အားလုံးကွာသွားပြီ။ ဒီဘက်ပြောင်းလဲမှုတွေက စနစ်တကျရှိလာတဲ့အတွက် ပိုပြီးလည်းကောင်းလာတယ်လို့ မြင်ပါတယ်။ ဆိုင်းလူတို့ မော်ဒယ်စလုပ်ခါစတုန်းကဆိုရင် ဓာတ်ပုံရိုက်မယ်ဆိုတာကအစ အဝတ်အစားမိတ်ကပ် အစစအရာရာ  ကိုယ်တိုင်စီစဉ်ရတယ်။ အခုကတော့ Stylish, make up သူ့အပိုင်းကဏ္ဍနဲ့သူ အားလုံးပြင်ဆင်ထားတဲ့အခါ ကိုယ့်ရဲ့ပရော်ဖက်ရှင်နယ်အပိုင်းကိုပဲ အစွမ်းကုန် အားထုတ်ဖို့လိုတယ်။ အဲဒါမျိုးတွေ အများကြီး ပြောင်းလဲသွားတယ်” လို့ ဆိုပါတယ်။

လက်ရှိဖြတ်သန်းခဲ့ပြီးသလောက် အနုပညာခရီးလမ်းမှာလည်း အကောင်းဆုံးကြိုးစားခဲ့ပြီးဖြစ်တာကြောင့် ကျေနပ်အားရမှုရှိတယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။ ဒီထက်ပိုပြီးကြိုးစားသွားဖို့ ဆုံးဖြတ်ထားတယ်လို့ ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ်။

Mဆိုင်းလူက လက်ရှိမှာတော့ ပရော်ဖက်ရှင်နယ်မော်ဒယ်တစ်ယောက်အနေနဲ့ မော်ဒယ်ရှိုးတွေ လျှောက်လှမ်းနေသလို ကြော်ငြာတွေလည်း ရိုက်ကူးနေတာပါ။ ဇာတ်ကားရိုက်ကူးဖို့ ကမ်းလှမ်းလာမယ်ဆိုရင်လည်း လုပ်နိုင်တဲ့အတိုင်းအတာအပေါ်မူတည်ပြီး လိုက်ဖက်တဲ့ ကာရိုက်တာမျိုးဆိုရင်တော့ လက်ခံရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။

ဆက်လက်လုပ်ဆောင်သွားမယ့် ခရီးလမ်းနဲ့ပတ်သက်လို့ “အကောင်းဆုံးတော့ ကြိုးစားသွားမှာပါ။ လုပ်ဆောင်ခွင့်ရတဲ့ အလုပ်တစ်ခုချင်းစီတိုင်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားပါမယ်။ ကိုယ့်ကိုယ်ကိုယ်ပဲယှဉ်ပြိုင်ပြီး အားနည်းချက်တွေရှိခဲ့ရင်လည်း ပြင်ဆင်သွားပါမယ်။ ဆိုင်းလူရဲ့ ခရီးလမ်းတစ်လျှောက်လုံးမှာ ချစ်ပေးတဲ့ ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” လို့ Mဆိုင်းလူက ဆိုပါတယ်။

မော်ဒယ် Mဆိုင်းလူက အချစ်ရေးနဲ့ပတ်သက်လို့လည်း ဒီလိုပါပဲလို့ ရယ်မောရင်းဆိုပါတယ်။ ချစ်ပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်သလို အားပေးမှုနဲ့ ထိုက်တန်တဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားသွားမယ်လို့ဆိုပါတယ်။ မော်ဒယ် Mဆိုင်းလူက မော်ဒယ်ရှိုးတစ်ခုမှာ မတော်မဆထိခိုက်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပေမယ့် စိတ်ဓာတ်မကျဘဲ အကောင်းဆုံးရင်ဆိုင်ပြီး အောင်မြင်တဲ့လမ်းကြောင်းပေါ်ကို ပြန်လည်ဦးတည် ချီတက်နိုင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာလည်း ထိပ်တန်းမော်ဒယ်တစ်ယောက်အနေနဲ့ ရပ်တည်နေသလို နိုင်ငံတကာ မော်ဒယ်လမ်းကြောင်းအထိ လျှောက်လှမ်းနိုင်ဖို့လည်း ရည်မှန်းချက်ရှိသူ တစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ယုံကြည်မှုရှိရှိလုပ်ဆောင်နိုင်ဖို့ လေ့လာပြင်ဆင်တာတွေ လုပ်နေတယ်လို့ Mဆိုင်းလူက သတင်းစကားပါးခဲ့ပါတယ်။

ဒီတစ်ပတ်မှာ ဖတ်ရှုခဲ့ကြရတာကတော့ ကချင်တိုင်းရင်းသူမော်ဒယ် Mဆိုင်းလူရဲ့ ငယ်စဉ်ဘဝက အမှတ်တရတချို့နဲ့ မော်ဒယ်ခရီးလမ်းတစ်လျှောက် ကြိုးစားအားထုတ်မှုတွေပဲဖြစ်ပါတယ်။ နောက်တစ်ပတ်တွေမှာလည်း ထင်ရှားသူတစ်ယောက်ဖြစ်လာဖို့အတွက် အားထုတ်ခဲ့ရတဲ့ လူငယ်တွေရဲ့ အားမာန်နဲ့ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းခဲ့ပုံတွေကို မေးမြန်းတင်ပြ ပေးသွားပါဦးမယ်။

Most Read

Most Recent