တပ်မတော်နှင့် TNLA အကြား ကွတ်ခိုင်မြို့နယ်နှင့် ကျောက်မဲမြို့နယ်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ကျောက်မဲမြို့နယ်အတွင်း နယ်မြေရှင်းလင်းရာတွင် TNLA ယာယီစခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ပြောကြား

တပ်မတော်နှင့် TNLA အကြား ကွတ်ခိုင်မြို့နယ်နှင့် ကျောက်မဲမြို့နယ်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ကျောက်မဲမြို့နယ်အတွင်း နယ်မြေရှင်းလင်းရာတွင် TNLA ယာယီစခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ပြောကြား
Published 20 August 2019
မင်းနိုင်စိုး

တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့  (TNLA) အကြား ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်နှင့် ကျောက်မဲမြို့နယ်တွင် သြဂုတ် ၂၀ ရက်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ကျောက်မဲမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် TNLA ယာယီစခန်းတစ်ခုနှင့် ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သြဂုတ် ၂၀ ရက် ညနေပိုင်းတွင် ပြောကြားသည်။

သြဂုတ် ၂၀ ရက် နံနက် ၉ နာရီတွင် ကွတ်ခိုင်မြို့၏ တောင်ဘက်၊ မန်ပိန်းလုံကျေးရွာအနီးတွင် ပြည်ထောင်စုလမ်းမကြီးလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းကို ကွတ်ခိုင်မြို့၏ အရှေ့ဘက်တွင် နေရာယူထားသော TNLA  အဖွဲ့က ပစ်ခတ်ခဲ့သည့် အတွက်နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ သြဂုတ် ၂၀ ရက် ညနေ ၅ နာရီအချိန်အထိ ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

“ခုချိန်အထိ ကြိုးကြားကြိုးကြား ပစ်ခတ်မှုတွေရှိတယ်။ အဲဒါက သိန္နီဘက်က တက်လာရင်ဖြစ်တာပေါ့။ ကွတ်ခိုင်ဘက်ကနေ ပြန်ဆင်းရင်လည်း ရှင်းလင်းနေတာရှိတယ်။ ခုချိန်ထိ ဖြစ်နေတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ညနေ ၅ နာရီခန့်တွင် ပြောကြားသည်။

ထို့ပြင် သြဂုတ် ၁၅ ရက် နံနက်ပိုင်းက ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်အား ပစ်ခတ်ပြီးနောက် ဆုတ်ခွာသွားသော လက်နက်ကိုင်အဖွဲ့များသည် ကျောက်မဲမြို့နယ်၏ အနောက်မြောက်ဘက်တွင် ယာယီစခန်းချ ခိုလှုံနေသည့်အတွက် အဆိုပါ နေရာတွင် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိပြီး ထိုသို့နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် သြဂုတ် ၂၀ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အဲဒါက ကျောက်မဲရဲ့ အနောက်မြောက်ဘက် ပန်ဆန်ကျေးရွာဘက်မှာ နယ်မြေရှင်းလင်းနေတာ ရှိတယ်။ မနက်ကတော့ ထိတွေ့တိုက်ပွဲတစ်ပွဲ ဖြစ်တယ်။ TNLA ဘက်က ယာယီစခန်းချထားတဲ့ နေရာတစ်နေရာ ရလိုက်တယ်။ အဲဒီမှာတော့ ကျွန်တော်တို့ လက်နက်တစ်လက်နဲ့ ခဲယမ်းဆက်စပ်ပစ္စည်းတွေ ရလိုက်တယ်။ ပစ်ကျင်း ၂၂ ကျင်းတွေ့တယ်။ အဲဒါကတော့ မနက်ပိုင်း ၅ နာရီလောက်မှာ ဖြစ်တာ။ နေ့ခင်းပို်င်းမှာ ထပ်မံရှင်းလင်းတော့ ၁၂ နာရီလောက်မှာ တစ်ကြိမ်ဖြစ်တယ်။ အဲဒီမှာတော့ ကျွန်တော်တို့ဆီက ထိခိုက်ဒဏ်ရာရရှိမှု ရှိတယ်။ ဆန်ဟေးကျေးရွာနားလေးမှာပေါ့” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

သြဂုတ် ၁၅ ရက်မှ ၂၀ ရက် ညနေပိုင်းအထိ တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့  (TNLA) ၊ ရခိုင်လက်နက်ကိုင် အဖွဲ့ (AA) ၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA ) တို့အကြား ထိတွေ့တိုက်ပွဲ ၁၈ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး နှောင့်ယှက်ပစ်ခတ်မှု ၁၀ ကြိမ်ကျော်ရှိကာ တံတားမိုင်းခွဲတိုက်ခိုက်ခံရမှု လေးကြိမ်ရှိကြောင်း၊ တပ်မတော်အနေဖြင့် ရှမ်းမြောက်ဒေသ နယ်မြေစိုးမိုးနိုင်ရေးအတွက် အင်အားဖြည့်တင်းကာ ဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့် ထိုသို့ နယ်မြေစိုးမိုးနိုင် ရေးဆောင်ရွက်နေဆဲတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်သုံး အဖွဲ့အကြားတိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၃၈၀၀ နှင့် ၄၀၀၀ ကြား တွင်ရှိနေပြီး လားရှိုးမြို့ပေါ်တွင် စစ်ဘေးရှောင် ၂၇၀၀ ကျော်နှင့် ကွတ်ခိုင်မြို့နယ်တွင် ၇၀၀ နှင့် ၈၀၀ ခန့်ရှိကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အတွင်းရေးမှူး ဦးဟောင်းဒေါင်းက ပြောကြားသည်။

“လက်ရှိမှာတော့ လားရှိုးရယ်၊ သိန္နီရယ်၊ ကွတ်ခိုင်ရယ်မှာ ခိုလှုံနေကြပါတယ်။ လောလောဆယ်မှာတော့ အဓိကအခက်အခဲကတော့ အခြေခံစားသောက်ကုန်နဲ့ အသုံးအဆောင်ပစ္စည်း အရေးတကြီး လိုအပ်နေပါတယ်။ ကျွန်တော်တို့ ဒီဘက်က ဒေသခံအဖွဲ့အစည်းတွေ ကူညီပံ့ပိုးနိုင်တာကတော့ လက်လှမ်းမီတဲ့ မြို့နဲ့နီးစပ်တဲ့ မြို့ပေါ်နဲ့နီးတဲ့ ပတ်ဝန်းကျင်မှာပဲ ကျွန်တော်တို့ ပိုပြီးတော့ ကူညီထားနိုင်ပါတယ်။ အခုအချိန်မှာ လမ်းပိတ်ထားတဲ့ သွားလို့မရတဲ့ ဒေသက စစ်ရှောင်တွေကတော့ ဘယ်သူမှ မကူညီနိုင်ပါဘူး။ အဲဒီဒေသမှာရှိတဲ့ အဖွဲ့တွေက ဝိုင်းပြီးတော့ ကူညီထားတဲ့အနေအထားပဲ ရှိပါတယ်။ ခက်ခက်ခဲခဲ ရပ်တည်နေရတဲ့အနေအထားမှာ ရှိပါတယ်” ဟု ဦးဟောင်းဒေါင်းက ပြောကြားသည်။

ထိုသို့ သွားလာ၍မရဘဲ ပိတ်မိနေသူများမှာ ကွတ်ခိုင်မြို့၏ အောက်ဘက် ၃၈ မိုင် မန်ပိန်းတွင် လူဦးရေ ၁၇၀ ခန့်ရှိကြောင်း၊ ကွတ်ခိုင်၏ အပေါ်ဘက်တွင်လည်း သွားလာ၍မရဘဲ ပိတ်မိနေသော ရွာသုံးရွာရှိကြောင်း ဦးဟောင်းဒေါင်းက ပြောသည်။

“ဒီနေ့တော့ ကွတ်ခိုင်မှာတော့ တိုက်ပွဲက တော်တော်ပြင်းထန်နေသေးတယ်။ မဖြစ်တဲ့နေရာမှာလည်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတဲ့အတွက် သူတို့အတွက် အသက်မွေးဝမ်းကျောင်းက ရပ်တန့်နေရတဲ့အနေအထားပေါ့။ ဒီအခြေအနေကတော့ တော်တော်ကို ဒေသအားလုံးကို ရိုက်ခတ်တဲ့ အနေအထားရှိပါတယ်” ဟု ဦးဟောင်းဒေါင်းက ဆိုသည်။            

Most Read

Most Recent