ဆီးရီးယားရှိ ဂျီဟတ်များ ထိန်းချုပ်ထားသော အဓိကမြို့သို့ တူရကီစစ်ယာဉ်တန်း ဦးတည်ထွက်ခွာ

ဆီးရီးယားရှိ ဂျီဟတ်များ ထိန်းချုပ်ထားသော အဓိကမြို့သို့ တူရကီစစ်ယာဉ်တန်း ဦးတည်ထွက်ခွာ
သြဂုတ် ၁၉ ရက်တွင် အိုင်ဒလစ်ပြည်နယ်သို့ ဦးတည်နေသည်ဟု ယူဆရသော တူရကီစစ်ဘက်ယာဉ်တန်းကို တွေ့ရစဉ် (Photo : AFP)
သြဂုတ် ၁၉ ရက်တွင် အိုင်ဒလစ်ပြည်နယ်သို့ ဦးတည်နေသည်ဟု ယူဆရသော တူရကီစစ်ဘက်ယာဉ်တန်းကို တွေ့ရစဉ် (Photo : AFP)
Published 19 August 2019

ဆီးရီးယား အနောက်မြောက်ပိုင်းတွင် သမ္မတဘာရှားအယ်အာဆတ် အစိုးရတပ်များက ဂျီဟတ်များ၊ သူပုန်များနှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် အဓိက မြို့တစ်မြို့သို့ တူရကီစစ်ယာဉ်တန်းတစ်ခုက ဦးတည်ထွက်ခွာနေမှုကို ဆီးရီးယားအစိုးရက သြဂုတ် ၁၉ ရက်တွင် ရှုတ်ချခဲ့သည်။ လက်နက်ခဲယမ်းများ တင်ဆောင်ထားသော တူရကီစစ်ယာဉ်တန်းသည် အကြမ်းဖက်သမားများအား ကူညီရန် ခန်ရှိတ်ခန်မြို့သို့ ဦးတည်သွားနေကြောင်း၊ ယင်းသည် အကြမ်းဖက်အဖွဲ့များအား တူရကီအစိုးရက ထောက်ပံ့နေမှုကို ထပ်မံအတည်ပြုခြင်း ဖြစ်ကြောင်း ဆီးရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းရင်းမြစ်အား ကိုးကား၍ ဆီးရီးယားအစိုးရ သတင်းအေဂျင်စီ SANA က ဖော်ပြခဲ့သည်။

အိုင်ဒလစ်ပြည်နယ်သို့ တူရကီစစ်ယာဉ်တန်းများ သွားရောက်မှုအား နှောင့်နှေးစေရန် ဆီးရီးယားနှင့် ရုရှားတို့က လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း သတင်းရခဲ့သည်ဟု ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သောနှစ် စက်တင်ဘာတွင် ဆီးရီးယားအစိုးရ၏ မဟာမိတ် ရုရှားနှင့် ဆီးရီးယား သူပုန်များအား ထောက်ခံသည့် တူရကီတို့အကြား လက်မှတ်ထိုးခဲ့သော သဘောတူညီချက်အရ အိုင်ဒလစ်ဒေသသည် ဆီးရီးယား အစိုးရ၏ ဧရာမထိုးစစ်ဆင်မှုမှ ရှောင်လွှဲနိုင်ခဲ့သည်။ သို့သော် စီစဉ်ထားသော စစ်မဲ့ဇုန်မှ ဆုတ်ခွာရန် ဂျီဟတ်များက ငြင်းဆန်ခဲ့ကြစဉ် ထိုသဘောတူညီချက်ကို မည်သည့်အခါကမျှ အပြည့်အဝ အကောင်အထည် မဖော်နိုင်ခဲ့ကြပေ။

၂၀၁၄ ခုနှစ်တွင် ထိန်းချုပ်မှုဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း အိုင်ဒလစ်ပြည်နယ်၏ ခန်ရှိတ်ခန်မြို့ကို ဆီးရီးယား အစိုးရတပ်များက သြဂုတ် ၁၈ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်နိုင်ခဲ့သည်။ အစိုးရ ထိန်းချုပ်ထားသော မြို့တော်အား ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် သူပုန်များလက်ထဲမှ ပြန်လည်သိမ်းယူနိုင်ခဲ့သည့် နိုင်ငံမြောက်ပိုင်း၏ အလက်ပိုမြို့နှင့် ချိတ်ဆက်ထားသည့် အဓိကအဝေးပြေးလမ်းမ တစ်ခုအား သိမ်းယူရန် အစိုးရဘက်တော်သား တပ်ဖွဲ့ဝင်များနှင့် ဂျီဟတ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

နောက်ဆုံးဖြစ်ပွားခဲ့သော ထိုတိုက်ခိုက်မှုများအတွင်း နှစ်ဘက်စလုံးမှ ဒါဇင်များစွာ သေဆုံးခဲ့ရကြောင်း သိရသည်။

ဆီးရီးယား၏ အယ်ကေးဒါးအဖွဲ့ခွဲဟောင်း Hayat Tahrir al-Sham ဦးဆောင်သော ဂျီဟတ်အဖွဲ့သည် အိုင်ဒလစ်ပြည်နယ်၏ နေရာအများစုအပြင် အနီးရှိဟာမား၊ အလက်ပိုနှင့် လက်တာကီယာပြည်နယ်များ၏ နေရာအချို့ကိုလည်း ထိန်းချုပ်ထားသည်။

အိုင်ဒလစ်ပြည်နယ်သည် ပြီးခဲ့သော ဧပြီနှောင်းပိုင်းကတည်းက ဆီးရီးယားနှင့် ရုရှားတို့၏ လေကြောင်း တိုက်ခိုက်မှုများ အဆက်မပြတ်ကြုံခဲ့ရပြီး အရပ်သား ၈၆၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းအချက်အလက်များ အတွက် ဆီးရီးယားနိုင်ငံထဲရှိ သတင်းရင်းမြစ်များအား မှီခိုနေရသည့် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

အိုင်ဒလစ်ပြည်နယ် တောင်ပိုင်းတွင် သြဂုတ် ၁၈ ရက်၌ ဆီးရီးယားအစိုးရနှင့် ရုရှားတို့၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး အပါအဝင် လူနှစ်ဦး သေဆုံးခဲ့ကြောင်း ထိုစောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဧပြီနောက်ပိုင်း တိုက်ခိုက်မှုများအတွင်း ဂျီဟတ်နှင့်သူပုန် ၁၄၀၀ ကျော်၊ အစိုးရဘက်တော်သား တပ်ဖွဲ့ဝင် ၁၂၀၀ ကျော် သေဆုံးခဲ့ရကြောင်း ထိုစောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ယင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၄၀၀၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

Ref : AFP

Most Read

Most Recent