အိမ်ထောင်သက် သုံးနှစ်အကြာတွင် ဂိုဟေးဆန်းနှင့် အန်ဂျေဟွန်းတို့ ကွာရှင်းမည်

အိမ်ထောင်သက် သုံးနှစ်အကြာတွင် ဂိုဟေးဆန်းနှင့် အန်ဂျေဟွန်းတို့ ကွာရှင်းမည်
Published 19 August 2019

Boys Over Flowers ဇာတ်လမ်းတွဲဖြင့် အောင်မြင်ခဲ့သည့်  ကိုရီးယားအမျိုးသမီးသရုပ်ဆောင် ဂိုဟေးဆန်းနှင့် မော်ဒယ်၊သရုပ်ဆောင် အန်ဂျေဟွန်းတို့သည် အိမ်ထောင်သက် သုံးနှစ်အကြာတွင် လမ်းခွဲရန် ဆုံးဖြတ်ခဲ့သည်ဟု ၎င်းတို့၏ အေဂျင်စီက သြဂုတ် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ပရိသတ်တွေရဲ့ အားပေးတိုက်တွန်းမှုတွေ၊ မျှော်လင့်စောင့်စားမှုတွေ ရှိနေပေမဲ့လည်း ဂိုနဲ့ အန်က အမျိုးမျိုးသော ပြဿနာတွေကြောင့် သူတို့ရဲ့ အိမ်ထောင်ရေးကို ရှေ့မဆက်ချင်တော့ဘူး။ အလေးအနက်ဆွေးနွေးပြီးတဲ့နောက်မှာ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ကြတယ်”ဟု  HB Entertainment က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လနှင့်ချီ အလေးအနက်ထား ဆွေးနွေးခဲ့သည့် ၎င်းတို့နှစ်ဦး၏ ဆုံးဖြတ်ချက်ကို အေဂျင်စီက လေးစားလိုက်နာမည်ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦး လမ်းခွဲပြီးနောက် ပိုမိုပျော်ရွှင်စွာ နေထိုင်နိုင်မည်ဟု မျှော်လင့်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဂိုက ကွာရှင်းခွင့်အတွက် တရားရုံးသို့ ယခုလအတွင်း လျှောက်ထားလိုသောကြောင့် တရားဝင်ကွာရှင်းမှုသည် စက်တင်ဘာမတိုင်မီ ပြီးပြတ်မည်ဟုလည်း အေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်မှုသည် ၎င်း၏ ခွင့်ပြုချက်မရဘဲထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု Instagram တွင် ရေးသားခဲ့ပြီး ငြင်းဆိုခဲ့သည်။

“ကျွန်မတို့ ကွာရှင်းဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ အခုထိ သဘောတူညီမှု မရသေးပါဘူး။ ကျွန်မက ကျွန်မမိသားစုကို တည်မြဲစေချင်တယ်” ဟု ဂိုက ပြောကြားခဲ့သည်။

Blood ဇာတ်လမ်းတွဲတွင် အဓိကဇာတ်ကောင်များအဖြစ်တွဲ ဖက်သရုပ်ဆောင်ခဲ့သည့် ဂိုနှင့်အန်သည်  ၂၀၁၅ ခုနှစ်တွင်ချစ်သူအဖြစ် တွဲခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် လက်ထပ်ခဲ့ကြသည်။

အသက် ၃၅ နှစ်အရွယ်ရှိ ဂိုသည်၂၀၀၂ ခုနှစ်တွင် ရုပ်သံကြော်ငြာဖြင့် အနုပညာလောကသို့ ဝင်ရောက်ခဲ့ပြီး Nonstop ၊ Boys Over Flowers စသည့် ဇာတ်လမ်းတွဲများဖြင့် အောင်မြင်ခဲ့သည်။ အဆိုတော် ဖြစ်ချင်သော်လည်း သရုပ်ဆောင်အလုပ်ကို ဦးစားပေးခဲ့သည့် ဂိုသည်၂၀၀၈ ခုနှစ်တွင် Breath နှင့်  ၂၀၁၅ ခုနှစ်တွင် Breath 2 အယ်လ်ဘမ်တို့ကို ဖြန့်ချိခဲ့သည်။ ဂိုသည် ၂၀၀၈ ခုနှစ်တွင် The Madonna ဇာတ်ကားကို ဒါရိုက်တာအဖြစ် ပွဲဦးထွက်ရိုက်ကူးခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်ရုပ်ရှင် ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့သည်။

အသက် ၃၂ နှစ်အရွယ် အန်သည်၂၀၁၄ ခုနှစ်က ထုတ်လွှင့်ခဲ့သည့် My Love From the Star ဇာတ်လမ်းတွဲတွင် ဇာတ်ပို့ဇာတ်ကောင်ဖြင့်ပါဝင်ခဲ့ပြီး ထင်ရှားလာခဲ့သည်။ အန်သည် New Journey to the  West ရုပ်သံအစီအစဉ်၏ ပင်တိုင်အစီအစဉ်တင်ဆက်သူတစ်ဦးလည်း ဖြစ်သည်။

ဂိုနှင့် အန်တို့သည် ယခုနှစ်အတွင်း ကွာရှင်းမည့် ဒုတိယမြောက်ကိုရီးယား ထိပ်တန်းစုံတွဲဖြစ်သည်။  ကိုရီးယားထိပ်တန်းအနုပညာရှင်စုံတွဲဖြစ်သည့် ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုတို့သည်လည်း ပြီးခဲ့သည့်လတွင် ကွာရှင်းခဲ့သည်။

Most Read

Most Recent