ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်တွင် AA ၊ MNDAA ၊ TNLA သုံးဖွဲ့က အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ခြင်းသည် ၎င်းတို့၏အဓိကစီးပွားရေး လုပ်ငန်းဖြစ်သော မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းဝယ်ခြင်းလုပ်ငန်းများအား နှိမ်နင်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်းနှင့် အဆိုပါအဖွဲ့များကို တုံ့ပြန်အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော် သတင်းထုတ်ပြန်

ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်တွင် AA ၊ MNDAA ၊ TNLA သုံးဖွဲ့က အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ခြင်းသည် ၎င်းတို့၏အဓိကစီးပွားရေး လုပ်ငန်းဖြစ်သော မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းဝယ်ခြင်းလုပ်ငန်းများအား နှိမ်နင်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်းနှင့် အဆိုပါအဖွဲ့များကို တုံ့ပြန်အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော် သတင်းထုတ်ပြန်
Published 17 August 2019
မင်းနိုင်စိုး

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ၊ကိုး ကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်ရှိ မူးယစ် ဆေးဝါးစစ်ဆေးရှာဖွေရေးစခန်း၊ စစ်ဆေးရေးယာဉ်၊ လမ်းတံတားနှင့် ကျောင်း/တပ် ဌာနချုပ်များအား သြဂုတ် ၁၅ ရက်တွင် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ခြင်းသည် ၎င်းတို့၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်ခြင်းများအား နှိမ်နင်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သြဂုတ် ၁၆ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

အဆိုပါသုံးဖွဲ့အနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ခဲ့ခြင်း၏ နောက်ခံအကြောင်းရင်းမှာ တပ်မတော်က ၂၀၁၉ ခုနှစ် ဇူလိုင် ၂၅ ရက်မှ ၂၈ ရက်အထိ ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော်ကျေးရွာ အ ရှေ့တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာ ချောင်းဆုံနေရာ ဝန်းကျင်တစ်ဝိုက်၌ ၎င်းတို့၏ မူးယစ်ဆေးဝါး ချက်လုပ်နေသည့် စခန်းများအား ရှာဖွေရှင်းလင်းခဲ့ခြင်းကြောင့်ဖြစ်ပြီး အဆိုပါစခန်းများမှ တန်ဖိုးငွေကျပ် ၁၆ ဘီလျံကျော်ရှိ (WY+88) ပန်းရောင်ဆေးပြား အပြား ၉၀၀၀၊ အိုက်စ်ကီလို ၇၅၀ တို့ကို သိမ်း ဆည်းရမိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်သည်။

ဆက်လက်၍ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ငါးဂါလန်ဆံ့ အက်စစ် ၂၂၆၂ ပုံး၊ ၁၀ ဂါလန်ဆံ့အက်စစ် ၃၅၆ ပုံး၊ ဂါလန် ၅၀ ဆံ့ အက်စစ်၁၉၅ ပုံး၊ အက်စစ် သံပီပါ ၄၇၈ လုံး၊ အက်ဆစ်ပုလင်း ၅၂၈၀၊ အိတ် (အညို) (Washing Soda ) အိတ် ၉၀၊ အရိုးမီးသွေးအိတ် ၂၀၊ အဖြူရောင်အမှုန့် (ဆိုဒီယမ်အိတ်ဇောဒိုက်) အိတ် ၁၂၂၀ ၊ အဖြူရောင်အမှုန့် (ဆိုဒီယမ်ဆာလ်ဖိတ်)အိတ် ၅၀၊ လူနေတဲများနှင့် မူးယစ်ဆေးဝါး ချက်ဆောင်တဲများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဂတ်စ်အိုးအရှည် ၁၁၄၄ လုံး၊ မီးဖိုဘွိုင်လာ ၆၉ လုံး၊ ဖန်ပေါင်းချောင်/ပေါင်းအိုး ၉၅ လုံး၊ မီးစက် (အကြီး) ခြောက်လုံး၊ ရေခဲသေတ္တာအလုံး ၃၀၊ ဒီဖရီ ဇာခုနစ်လုံး၊ အဝတ်လျှော်စက် ၁၁ လုံး၊ အ ခြောက်ခံစတီးဗန်း အချပ် ၄၀၊ စတီးမွှေစက် ရှစ်လုံး၊ ဆေးပြားရိုက်စက်ငါးလုံး၊ ကတ္တား ခြောက်ခု၊ စတီးဇလုံ/စတီးဗန်းမျိုးစုံနှင့် ယာဉ်နှစ်စီးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် AA အမာခံဖြစ်သည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ တံခွန်တိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံသာကျော်နေအိမ်၌လည်း ၂၀၁၉ ခုနှစ် သြဂုတ် ၈ ရက်တွင် ခန့်မှန်း တန်ဖိုးငွေ ကျပ် ငါးဘီလျံကျော်ရှိ WY စာတန်းပါ စိတ်ကြွဆေးပြား ၂ သန်း ၅ သိန်းခန့် ၊ ကြိုးဆွဲလက်ပစ်ဗုံး ၃၆ လုံး၊ အိုင်ကွန် ၅၂ လုံး၊ မိုင်းပြုလုပ်ရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တပ်မတော်အနေဖြင့် ယခုကဲ့သို့ ၎င်းတို့၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချနေသည့် စခန်းများနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ခြင်းကြောင့် ၎င်းတို့၏ အဓိက စီးပွားရေးလုပ်ငန်းကို ကြီးမားစွာ ထိခိုက်ခဲ့ရခြင်းအပေါ် AA  ၊ TNLA နှင့် MNDAA အဖွဲ့တို့က မကျေနပ်သဖြင့် ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်း TNLA အဖွဲ့က ကိုးကြိမ်၊ MNDAA အဖွဲ့က နှစ် ကြိမ် တပ်မ တော်နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်များအနေဖြင့် TNLA အဖွဲ့နှင့်  ရှမ်း ပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်၊ တာမိုးညဲ၊ မော်ဟန်ဒေသတွင်လည်းကောင်း၊ MNDAA အဖွဲ့ တာမိုးညဲ၊ ချင်းရွှေဟော်ဒေသတွင် လည်းကောင်း အသီးသီးခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း အုပ်ချုပ်မှု ကိစ္စများဆောင်ရွက်ရန် လောက်ကိုင်မြို့မှ လားရှိုးမြို့သို့ သွားရောက်သည့် တပ်မတော်ယာဉ်တန်းအား သြဂုတ် ၁၂ ရက် ည ၁၁ နာရီခွဲခန့်တွင် ချင်းရွှေဟော်မြို့၏ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာသို့ အရောက်၌ MNDAA အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်တိုက် ခိုက်ခဲ့ရာ MNDAA အဖွဲ့သည် အရှေ့ မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး တပ်မတော်ဘက်မှ အရာရှိ၊ စစ်သည်တချို့ ကျဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း သြဂုတ် ၁၆ ရက် ညပိုင်းတွင် တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်အနေဖြင့် တိုင်းရင်းသား ပြည်သူလူထု၏ လိုအင်ဆန္ဒဖြစ်သည့် ဒီမိုကရေစီလမ်းကြောင်းအား မှန်ကန်ခိုင်မာစွာ လျှောက်လှမ်းနိုင်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ ဖြိုး တိုးတက်ရေးတို့အတွက် ရည်ရွယ်၍ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအား မည်သည့်ဖိအားမျှ မရှိစေဘဲ လွတ်လပ်စွာ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆောင်ရွက်နိုင်ရန် စိတ်ရင်းစေတနာအမှန်ဖြင့် တပ်မတော်က ၂၀၁၈ ခုနှစ်၊ ဒီဇင် ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်အထိ လည်းကောင်း၊ ၂၀၁၉ ခုနှစ် မေ ၁ ရက်မှ ဇွန် ၃၀ ရက်အထိလည်းကောင်း၊ ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိလည်းကောင်း တိုင်းစစ်ဌာနချုပ် နယ်မြေငါးခုတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းပေးခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

သို့သော်လည်း AA ၊ MNDAA ၊ TNLA တို့အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုသည့် ဆန္ဒသဘောထားမရှိသည့်အပြင် အပြစ်မဲ့အရပ်သားများအား ပစ်ခတ်ခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်း ခြင်း၊ တပ်မတော်မှ အုပ်ချုပ်မှုလုပ်ငန်းဆောင်ရွက်သည့် စစ်ကြောင်းများနှင့် မော်တော်ယာဉ်များအား ပစ်ခတ်ခဲ့ခြင်း၊ မူးယစ်ဆေး ၀ါးထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းတို့ကို ပြုလုပ်ခဲ့သည်ကိုတွေ့ရကြောင်း တပ်မတော် ၏ ယခုထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယခုကဲ့သို့ ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်ရှိ မူးယစ်ဆေးဝါး စစ်ဆေးရှာဖွေရေးစခန်း၊ စစ်ဆေးရေးယာဉ်၊ လမ်းတံတား နှင့် ကျောင်း၊ တပ်ဌာနချုပ်များအား တိုက်ခိုက်ခဲ့ခြင်းသည် ၎င်းတို့ ပြောကြားသကဲ့သို့ တပ်မတော်မှ စစ်ရေးဖိအားပေးမှုကြောင့် တုံ့ပြန်တိုက်ခိုက်ရခြင်း မဟုတ်ဘဲ တပ်မတော်၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကြောင့် ၎င်းတို့၏ နစ်နာဆုံးရှုံးရ ခြင်းအတွက် တုံ့ပြန်ခြင်း၊ နယ်စပ်ကုန်သွယ်ရေး၌ အဓိကကျသည့် လမ်းကြောင်းအား ဖျက်ဆီး၍ လမ်းပန်းဆက်သွယ်မှု လုံခြုံချော မွေ့ရေးကို နှောင့်ယှက်ဖျက်ဆီးခြင်းနှင့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အမှန်တကယ်ဆန္ဒမရှိသောလုပ်ရပ်ကို ပြသခြင်းပင်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ယခုကဲ့သို့ ငြိမ်းချမ်းရေးရယူရန် အမှန်တကယ်ဆန္ဒမရှိသော လုပ်ရပ်များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် အ မြတ်ထုတ်၍ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သော AA ၊ TNLA နှင့် MNDAA အဖွဲ့ များအပေါ် လိုအပ်သည့် တုံ့ပြန်အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

Most Read

Most Recent