လက်ရှိဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၅၀၀ အထိလျော့ကျရန် ရည်မှန်းထားသော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လသာကျန်ရှိချိန်၌ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကျော် ရှိနေ

လက်ရှိဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၅၀၀ အထိလျော့ကျရန် ရည်မှန်းထားသော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လသာကျန်ရှိချိန်၌ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကျော် ရှိနေ
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)
Published 8 August 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေကို ဒေါ်လာသန်း ၅၀၀ အထိလျော့ကျရန် ရည်မှန်းထားသော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လသာကျန်ရှိချိန်၌ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကျော်အထိ ရှိနေ သေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မိမိနိုင်ငံကတင်ပို့သည့် ပို့ကုန်တန်ဖိုးထက် သွင်းကုန် တန်ဖိုး မြင့်မားနေခြင်းကိုဆိုလိုသည်။ တစ်နည်းအားဖြင့် မိမိနိုင်ငံက တင်ပို့နိုင်မှုစွမ်းအားထက် ပြည်ပမှ ပိုမိုတင်သွင်းနေရခြင်းဖြစ်သည်။

လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ရက်မှ ဇူလိုင် ၂၆ ရက်အထိ ၁၀ လနီးပါးအတွင်း ပို့ကုန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၇၈၇ ဘီလျံနှင့် သွင်းကုန် တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၉၁၄ ဘီလျံကျော်အထိ တင်သွင်းထားသည်။

ထို့ကြောင့် သွင်းကုန်တန်ဖိုးက ပို့ကုန်တန်ဖိုးထက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၃၁ ဘီလျံအထိ ပိုများနေသောကြောင့် ကုန်သွယ်မှုလိုငွေမှာလည်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၃၁ ဘီလျံအထိ ဖြစ်ပေါ်နေ ခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှု စုစုပေါင်းပမာဏ ဒေါ်လာဘီလျံ ၃၁ ကျော် ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၅၀၀ ဝန်းကျင်အထိ လျော့ကျအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံရရှိရန်နှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံ၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိအောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဇူလိုင် ၂၆ ရက်အထိ ၁၀ လ နီးပါးအတွင်း စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၇၈၆ ဘီလျံ အထိ ကုန်သွယ်မှုပြုလုပ်ထားပြီး ယခုဘဏ္ဍာနှစ် ကုန်သွယ်မှုလျာထားချက် အမေရိကန်ဒေါ်လာ ၃၁ ဘီလျံပြည့်မီရန် အမေရိကန်ဒေါ် လာ နှစ်ဘီလျံကျော် လိုအပ်နေသေးကြောင်း စီးပွားရေးနှင့် ကူးသန်ရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉ ဘီ လျံကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၅ဒသမ ၂၁၂ ဘီလျံကျော်အထိရှိခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃ ဘီလျံကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၃ ဒသမ ၈၃၆ ဘီလျံကျော်အထိရှိခဲ့သည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ကြားကာလခြောက်လတွင် စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဘီ လျံကျော်အထိ ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ တစ်ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလိုငွေပြမှု များ လျော့နည်းစေရန်နှင့် ကုန်သွယ်မှုပိုငွေ ဖြစ်ပေါ်လာစေရန်အတွက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရန် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူ ဟာဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ ချမှတ်ခြင်း၊ လုပ်ထုံးလုပ်နည်းများ ဖြေလျော့ခြင်း၊ ပုဂ္ဂလိကကဏ္ဍအား အားပေးခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့နိုင်ရေး အားပေး ဆောင်ရွ့်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent