သရုပ်ဆောင် မေနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင် မေနှင့် တွေ့ဆုံခြင်း
Published 7 August 2019
လင်းလင်းခိုင်

မော်ဒယ်လ်အဖြစ်မှ သရုပ်ဆောင်ဘက်သို့ ကူးပြောင်းရောက်ရှိလာသူတစ်ဦးဖြစ်သည့် သရုပ်ဆောင်မေသည် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားအနည်းငယ်သာ ရွေးချယ်ရိုက်ကူးလေ့ရှိသော်လည်း ရိုက်ကူးသည့် ဇာတ်ကားတိုင်းတွင် သရုပ်ဆောင်ခွင့်ရသည့် ကာရိုက်တာတိုင်းအား ပီပြင်စွာပုံဖော်လေ့ရှိသူတစ်ဦးဖြစ်သည်။ “မင်းကိုချစ်လို့” အပါအဝင် တေးသီချင်းအချို့အား Cover Song အဖြစ် ပြန်လည်သီဆိုရာတွင်လည်း ထူးခြားကာ ဆွဲဆောင်မှုရှိသည့်ဆိုဟန်ကြောင့် ပရိသတ် အားပေးနှစ်သက်ခြင်းခံခဲ့ရသူတစ်ဦးဖြစ်သည်။ လတ်တလောတွင် ရုပ်ရှင်ဇာတ်ကား သုံးကားဆက်တိုက် ရိုက်ကူးပြီးနောက် လူငယ်ဒါရိုက်တာ ထက်ဝေယံနိုင်ရိုက်ကူးမည့် “ကတိ” ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးမည်ဖြစ်သည်။ သရုပ်ဆောင်မေနှင့်တွေ့ဆုံ၍ “ကတိ” ဇာတ်ကားအတွက် ပြင်ဆင်ထားမှုများ၊ ရိုက်ကူးထားသည့် ဇာတ်ကားများနှင့်ပတ်သက်၍ သိလိုသည်များ၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် အနုပညာလှုပ်ရှားမှုများအကြောင်းအား မေးမြန်းဖြစ်ခဲ့ပါသည်။

မေး - ကတိဇာတ်ကားကိုရိုက်ကူးဖို့ လက်ခံဖြစ်တဲ့အကြောင်းလေး အရင်ပြောပြပါဦး။

ဖြေ - ဒီဇာတ်ကားရဲ့ဒါရိုက်တာ ထက်ဝေယံနိုင်နဲ့ မေနဲ့က မောင်နှမတွေလိုပဲ။ အရင်ကလည်း သူနဲ့ Music Video တွေ ဘာတွေ ရိုက်ခဲ့ဖူးတယ်။ သူ Creative ဖြစ်တာကိုလည်း သိတယ်။ သူ့ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားမှာ မေ့ကိုကမ်းလှမ်းတဲ့အခါကျတော့ သူ့ Talent ပိုင်းကို သိပြီးသားဆိုတော့ လက်ခံဖြစ်တာပါ။

မေး - ဒီဇာတ်ကားမှာ သရုပ်ဆောင်ရမယ့် ကာရိုက်တာနဲ့ အဲဒီအတွက် ပြင်ဆင်ထားမှုဆိုရင်ရော။

ဖြေ - အဲဒီဇာတ်ကားမှာ မေက မင်းသမီးတစ်ယောက်အဖြစ် သရုပ်ဆောင်ရမယ်။ ပြင်ဆင်မှုကျတော့ ဝေယံရေးပေးထားတဲ့ ဇာတ်ညွှန်းပိုင်းမှာ မေလုပ်ရမယ့် ကာရိုက်တာက အပြင်ကမေရဲ့ပုံစံနဲ့ တော်တော်လေးနီးစပ်တယ်။ မိတ်ကပ်တွေ ဆံပင်တွေကျတော့လည်း သူတို့ Production ပိုင်းက အားလုံးပြင်ဆင်ပေးမှာဆိုတော့ မေ့ဘက်က အက်တင်ပိုင်းကိုပဲ ပြင်ဆင်သွားရမှာပေါ့။

မေး - အပြင်ကမေနဲ့ နီးစပ်တဲ့ပုံစံတစ်ခုကို မြင်ရမှာပေါ့ အဲဒီလိုလား။

ဖြေ - အပြင်ကမေနဲ့ တိုက်ရိုက်ကြီး တူနေမှာတော့မဟုတ်ဘူး။ ဒါပေမဲ့ ကာရိုက်တာက နီးစပ်နေတဲ့အခါကျတော့ မေ့ပုံစံကို လုံးဝကြီး ပြောင်းပစ်လိုက်စရာမလိုဘူးပေါ့နော်။ အပြင်ကမေနဲ့ တိုက်ရိုက်တူနေမှာမဟုတ်ပေမယ့် နီးစပ်တဲ့ဇာတ်ရုပ်မျိုးပေါ့။

မေး - အောင်မြင့်မြတ်တို့နဲ့က ခင်ပြီးသားဆိုတော့ သူတို့နဲ့ တွဲဖက်သရုပ်ဆောင်ရမယ်ဆိုတဲ့အခါ Chemistry ကိုက်ပြီးသားလို့ ပြောရမလား။

ဖြေ - ရှေ့မှာအောင်မြင့်မြတ်နဲ့က တတိယထပ် ဘယ်ဘက်အခန်းဆိုတဲ့ တစ်ကားရိုက်ထားတယ်။ သူနဲ့က ရင်းနှီးပြီးသားဖြစ်တော့ သရုပ်ဆောင်ရတာ ပွင့်ပွင့်လင်းလင်း ရင်းနှီးပြီးသားပေါ့။ အောင်ရဲထိုက်နဲ့ကတော့ အပြင်မှာရင်းနှီးပေမယ့် သရုပ်ဆောင်တာတော့ တွဲပြီးသရုပ်ဆောင်တာမျိုး မရှိဖူးဘူး။ ဒါပေမဲ့ အခုမရိုက်ခင် Table Reading၊ ရီဟာဇယ်တွေက ခဏခဏလုပ်ရတာဆိုတော့ အပြင်မှာ အကြိမ်ကြိမ်ဆုံတွေ့ရင်းနဲ့ ရင်းနှီးသွားပါပြီ။

မေး - ကတိဇာတ်ကားက ပရိသတ်တွေအတွက် ဘယ်လိုထူးခြားတဲ့ ရသမျိုးပေးနိုင်မယ်ထင်လဲ။

ဖြေ - ကတိဇာတ်ကားက ပရိသတ်နေရာက ကြည့်မယ်ဆိုရင်စဉ်းစားရတာတွေ အများကြီးပါမယ်။ လှည့်ကွက်တွေများတယ်။ လူငယ်တွေကြိုက်မယ့် ပုံစံဖြစ်မှာပါ။ ဒိုင်ယာလော့ခ်ကအစပေါ့။ အပြင်မှာ လူငယ်တွေ ပြောကြတဲ့ပုံစံအတိုင်းပါပဲ။

မေး - ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ထားတယ်ဆိုတော့ ဘယ်လိုပုံစံတွေမှာထပ်တွေ့ ခွင့်ရမလဲ။

ဖြေ - မေအခုရိုက်ထားတဲ့ ဇာတ်ကားတွေမှာ ဒါရိုက်တာတွေကအသစ် တွေများတယ်။ သူတို့နဲ့ စကားပြောကြည့်တဲ့အခါ ယုံကြည်မှုတစ်ခုရလို့ ရိုက်ဖြစ်ခဲ့တာပေါ့။ ကိုယ့်ရွေးချယ်ခဲ့တဲ့ ဇာတ်တွေအားလုံးကတော့ ရွေးချယ်မှုမမှားခဲ့ဘူးလို့ ယုံကြည်တယ်။ မေက အရေအတွက်တွေများတာထက် ထွက်လာတဲ့ ဇာတ်ကားနည်းနည်းကပဲ ပရိသတ်တွေ ကျေနပ်စေနိုင်တာမျိုးဖြစ်စေချင်တယ်။ အဓိကတော့ ကိုယ့်ကိုအားပေးတဲ့ ပရိသတ်တွေကို စောင့်ရကျိုးနပ်စေချင်တယ်။

မေး - မေက သီချင်းပိုင်းမှာ ပရိသတ်အားပေးမှု ရှိထားပြီးသားဆိုတော့ ဘာလို့ဆက်မလုပ်ဖြစ်တာလဲ။

ဖြေ - သီချင်းက အရမ်းထွက်ချင်တယ်။ မင်းကိုချစ်လို့ထွက်တဲ့အချိန်မှာ သီချင်းသစ်အရမ်းထွက်ချင်တယ်။ ဒါပေမဲ့့ ရုပ်ရှင်ကားကြီးသုံးကား ဆက်တိုက်ရိုက်လိုက်ရတော့ သီချင်းပိုင်းကို အချိန်ပေးနိုင်တာက တော်တော်လေး ဟသွားတယ်။ အဲဒါတွေပြီးမှ ကြယ်ဆိုတဲ့သီချင်းလေး ထပ်ထွက်နိုင်တယ်။ အခုလည်း သီချင်းသစ်လုပ်ချင်ပေမယ့် အခုဇာတ်ကားရိုက်တာက အချိန်တစ်လကျော်လောက် ပေးရမှာဆိုတော့ သီချင်းအတွက်က အချိန်လုရသလို ဖြစ်နေတာပေါ့နော်။ ဒါပေမဲ့ အခုသြဂုတ်လကုန်မှာ သီချင်းသစ်တစ်ပုဒ် ထွက်ပါမယ်။

မေး - Memories of Tomorrow ဇာတ်ကားက မကြာခင်ရုံတင်ဖို့လည်း ကြိုးစားနေတော့ အဲဒီမှာ သရုပ်ဆောင်ထားတဲ့အပိုင်းကိုလည်း ပြောပေးပါဦး။

ဖြေ - အဲဒီကားက အချိန်နှစ်လလောက်ပေးထားပြီး နယ်တွေတော်တော်များများ လှည့်ပြီး ရိုက်ထားတဲ့ဇာတ်ကားဖြစ်တယ်။ ရီဟာဇယ်လည်း အချိန်နှစ်လခွဲလောက်ပေးထားတဲ့ ဇာတ်ကားပေါ့။ မေကိုယ်တိုင်လည်း ဒီဇာတ်ကားကိုအရမ်းကြည့်ချင်နေသလို မျှော်လည်း မျှော်လင့်ထားပါတယ်။                                                                                    

 

Most Read

Most Recent