ရန်ကုန်မြစ်ဝတွင် ဆိပ်ကမ်းတည်ဆောက်ရေးအတွက် နယ်သာလန်နိုင်ငံအကူအညီဖြင့် ရေကြောင်းလေ့လာမှုများပြုလုပ်နေပြီး စီမံကိန်းနှင့်ပတ်သက်၍ လွှတ်တော်သို့တင်ပြသွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

ရန်ကုန်မြစ်ဝတွင် ဆိပ်ကမ်းတည်ဆောက်ရေးအတွက် နယ်သာလန်နိုင်ငံအကူအညီဖြင့် ရေကြောင်းလေ့လာမှုများပြုလုပ်နေပြီး စီမံကိန်းနှင့်ပတ်သက်၍ လွှတ်တော်သို့တင်ပြသွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
Published 25 July 2019
ဇေယျာငြိမ်း

ရန်ကုန်မြစ်ဝတွင် ဆိပ်ကမ်းတည်ဆောက်ရေးအတွက် နယ်သာလန်နိုင်ငံ အကူအညီဖြင့် ရေကြောင်းလေ့လာဆန်းစစ်မှုများ ပြုလုပ်နေပြီး တည်ဆောက်နိုင်မည့် အခြေအနေရှိပါက စီမံကိန်းတစ်ခုအဖြစ် လွှတ်တော်သို့ တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဇူလိုင် ၂၄ ရက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပင်လယ်ဘက်ကို တည်ဆောက်မယ်ဆိုရင် စရိတ်ကြီးနိုင်ပါတယ်။ ရန်ကုန်မြစ်ထဲပေါ့။ မြစ်ဝမှာရှိတဲ့မြစ်အတွင်း ဆိပ်ကမ်းတစ်ခုဆောက်ဖို့ ပြင်ဆင်နေပါတယ်။ ဒါနဲ့ပတ်သက်ရင် နယ်သာလန်နိုင်ငံရဲ့အကူအညီနဲ့ ကုမ္ပဏီတစ်ခုကနေ ရေကြောင်းကို လေ့လာနေပါတယ်။ ဆောင်ရွက်လို့ရနိုင်တဲ့ အခြေအနေတစ်ခုရှိလာမယ်ဆိုရင်တော့ ဒီအခြေအနေကို စီမံကိန်းတစ်ခုအဖြစ် ဆက်ပြီးတင်ပြသွားဖို့ လွှတ်တော်မှာ ဆက်ဆွေးနွေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်မြို့မျက်နှာမူထားသည့် မြစ်ဝဘက်သည် အကာအတားအဆီးများမရှိသဖြင့် ရာသီဥတုနှင့် မုန်တိုင်းဒဏ်ကို အများဆုံးခံရနိုင်ကြောင်း၊ ထို့ကြောင့် ပင်လယ်ဘက်ခြမ်းထက် ရန်ကုန်မြစ်ဘက်ခြမ်း မြစ်ဝအပိုင်းတွင် တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နောက်တစ်ချက်က ဒီရေအတက်အကျကြမ်းတဲ့ အခြေအနေဖြစ်တဲ့အတွက် နုန်းပို့ချမှုကလည်း နည်းနည်းများပါတယ်။ ဒါကြောင့်မို့ ဒီအခြေအနေအတွက် ပင်လယ်ဝကို ထွက်နိုင်အောင်ကြိုးစားတဲ့အခါမှာ အခုလောလောဆယ်မှာ လေ့လာဆန်းစစ်ချက်က ကျွန်တော်တို့က ပင်လယ်ဘက်ကို ထွက်မယ်ဆိုရင် အကာအတားမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ရန်ကုန်မြို့မျက်နှာမူထားတဲ့ ပင်လယ်ဝမှာ ကျွန်းတွေ ဘာတွေမရှိဘူး။ မုန်တိုင်းဒဏ်တို့ ဘာတို့ဆိုလည်း တိုက်ရိုက်ထိနိုင်တဲ့ အခြေအနေရှိပါတယ်။ အဲဒီဘက်မှာ ဆိပ်ကမ်းတည်ဆောက်မယ်ဆိုရင် စရိတ်တော်တော်ကြီးမယ်။ ဘာကြောင့်လဲဆိုရင် လက်ပုံစံမျိုး ပင်လယ်ဘက်ကိုထုတ်ထားပြီးမှ ဒီကြားတွေထဲကို သင်္ဘောတွေ ဝင်ရမှာဖြစ်ပါတယ်။ လှိုင်းအကာရှိဖို့လို့ သင်္ဘောတွေက လှိုင်းသိပ်ကြီးရင် ကြိုးချည်ထားပေမဲ့ သင်္ဘောက တအားလှုပ်ရင် ကုန်တင်ကုန်ချလုပ်ဖို့ တော်တော်ခက်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

လက်ရှိ ရန်ကုန်ဆိပ်ကမ်းတွင် ရန်ကုန်တွင်းဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်းနေရာ နှစ်ခုခွဲထားပြီး ယင်းနေရာနှစ်ခုပေါင်းဧရိယာကို ရန်ကုန်ဆိပ်ကမ်းအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ ယင်းနေရာနှစ်ခုပေါင်း ရန်ကုန်ဆိပ်ကမ်း၌ စုစုပေါင်း သင်္ဘောအစင်းအရေအတွက် ၃၆ စင်းတစ်ပြိုင်နက် ဆိုက်ကပ်ရပ်နားနိုင်ပြီး ရေကြောင်းကုန်သွယ်မှု၏ ရာခိုင်နှုန်း ၉၀ ကျော်အထိ ဆောင်ရွက်နေကြောင်း Myanmar  - Korea Investment Promotion Seminar အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယအထွေထွေမန်နေဂျာ ဒေါက်တာမျိုးငြိမ်းအေးက ပြောကြားသည်။

“ရန်ကုန်ဆိပ်ကမ်းက စုစုပေါင်းရေကြောင်းကုန်သွယ်မှုရဲ့ ရာခိုင်နှုန်း ၉၀ ကျော်လောက်ကို ကိုင်တွယ်နေတဲ့ ဆိပ်ကမ်းဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးငြိမ်းအေးက ပြောကြားသည်။

လက်ရှိအချိန်တွင် ကမ်းရိုးတန်းဆိပ်ကမ်းများအနက် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူဆိပ်ကမ်းကို နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဖြစ်အောင် တရုတ်နိုင်ငံနှင့် ဆွေးနွေးမှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်ဆိပ်ကမ်းကိုလည်း နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်အောင် ဂျပန်နှင့် ထိုင်းနိုင်ငံတို့နှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများအား ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှုကို ၁၉၉၆ ခုနှစ်မှစတင်ကာ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပုဂ္ဂလိက နှင့် ပူးပေါင်းဆောင်ရွက်မှုသည် ၉၃ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး နိုင်ငံတော်မှ တိုက်ရိုက်ဆောင်ရွက်နေမှုသည် ၆ ဒသမ ၄ ရာခိုင်နှုန်း သာကျန်ရှိကြောင်း ဒေါက်တာ မျိုးငြိမ်းအေးက ပြောကြားထားသည်။

 

Most Read

Most Recent