ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အခြေခံဥပဒေနှင့် ပတ်သက်သော တင်ပြချက် ၃၇၆၅ ချက် ဆွေးနွေးခြင်း အစီအစဉ်ကို လက်ရှိပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် အစည်းအဝေးတွင် ဆောင်ရွက်မည်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အခြေခံဥပဒေနှင့် ပတ်သက်သော တင်ပြချက် ၃၇၆၅ ချက် ဆွေးနွေးခြင်း အစီအစဉ်ကို လက်ရှိပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် အစည်းအဝေးတွင် ဆောင်ရွက်မည်
ဇူလိုင် ၂၄ ရက်က ပြည်ထောင်စုလွှတ်တော် ကျင်းပစဉ်
ဇူလိုင် ၂၄ ရက်က ပြည်ထောင်စုလွှတ်တော် ကျင်းပစဉ်
Published 24 July 2019
စိုးမင်းထိုက်၊ စည်သူ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အခြေခံဥပဒေနှင့်ပတ်သက်သော တင်ပြချက် ၃၇၀၀ ကျော်အား ဆွေးနွေးခြင်း အစီအစဉ်ကို လက်ရှိပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် အစည်းအဝေးတွင် ထည့်သွင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း လွှတ်တော်အခွင့်အရေးကော်မတီ၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်သော ပြင်ဆင်(ဖြည့်ရန်) ရန် အချက်ပေါင်း ၃၇၀၀ ကျော်ပါဝင်သော အစီရင်ခံစာကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ၁၅ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

“ဒီလမကုန်ခင်တော့လည်း ဆွေးနွေးမှာပေါ့။ မှန်မှန်သွားနေတာပဲဟာ။ ၁၃ ကြိမ်မြောက်က ကျန်သေးတယ်လေ။ တစ်ခုရှိတာက ဘတ်ဂျက်ကိစ္စတွေရော တခြားကိစ္စတွေရော ကျန်သေးတာကိုး” ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပြောကြားသည်။

အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ အစီရင်ခံစာနှင့် ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၇၈ ဦး၊ ပြည်ခိုင်ဖြိုးပါတီမှ ၂၇ ဦး၊ NLD ပါတီမှ ခြောက်ဦး၊ ANP ပါတီမှ ငါးဦး၊ SNLD ပါတီမှ သုံးဦး၊ NUD ပါတီ၊ TNP ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီတို့က တစ်ဦးစီနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး စုစုပေါင်း ၁၂၅ ဦး ဆွေးနွေးရန် စာရင်းပေးထားကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဌာနမှ သိရသည်။

အထက်ပါ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဆွေးနွေးခြင်းကိစ္စအား ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးအား မီဒီယာများက မေးမြန်းရာတွင် “၁၃ ကြိမ်မြောက်က အားလုံးပေါင်း ၁၀ ပတ်ကြာမယ်။ ၁၃ ကြိမ်မြောက်မှာ အရေးကြီးတဲ့ လုပ်ငန်းစဉ် လေးခုရှိတယ်။ နံပါတ်(၁) အမျိုးသားစီမံကိန်း ဥပဒေကြမ်း၊ နောက်ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံး ဥပဒေကြမ်း၊ နံပါတ်(၃)က ပြည်ထောင်စု အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်း။ အရေးကြီးဆုံးကတော့ အခုဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပေါ့။ ဒီလေးခုက အဓိကပဲ။ ဒါကြောင့် ဆွေးနွေးမှာပါ” ဟု ပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် အဆိုအား ဖေဖော်ဝါရီ ၆ ရက်တွင် လွှတ်တော်က ဆွေးနွေးအတည်ပြု ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကော်မတီကို ၄၅ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်၊ ဒုတိယဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒေါပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းအောင်(ခ) ဦးပြုံးချိုတို့ကို တာဝန်ပေးအပ်ကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မှ ၁၈ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ရှစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ နှစ်ဦးစီ၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပအိုဝ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ ‘၀’ ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်တစ်ဦးစီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦးတို့ ပါဝင်သည်။

ယင်းကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ဇူလိုင် ၁၅ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အစီရင်ခံစာကို တင်သွင်းခဲ့ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အကြုံပြုပေါင်း ၃၇၀၀ ကျော် ပါဝင်ခဲ့သည်။

တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ပါဝင်ခဲ့သော်လည်း ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် တင်ပြခဲ့ခြင်းမရှိဘဲ သဘောထားမှတ်ချက် သုံးချက်သာ ပေးခဲ့သည်။

ယင်းသဘောထားများမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းဆောင်ရွက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ နှင့် ကိုက်ညီခြင်း မရှိသောကြောင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကော်မတီ ဖွဲ့စည်းရန် အဆိုတင်သွင်းစဉ်ကပင် ကန့်ကွက်ခဲ့ပြီးဖြစ်ကြောင်း၊ သို့ရာတွင် ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ် အတည်ပြုပြီး အဆိုပါ ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်၍ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသောအားဖြင့် ပါဝင်တက်ရောက် ခဲ့ကြောင်းနှင့် ထိုသို့တက်ရောက်စဉ်တွင်လည်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ပြင်ဆင်ရန် အဆိုပြုချက်များ တင်သွင်းခြင်း၊ သဘောထားမှတ်ချက်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်း မရှိပါ။ ယခုပူးပေါင်းကော်မတီ၏ အစီရင်ခံစာဆိုင်ရာ လုပ်ငန်းစဉ်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) ပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု မရှိကြောင်း စသည်တို့ဖြစ်သည်။