ကလေးမွေးစားခွင့်နှင့် ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုများ ရှိခဲ့သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းအား နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း ရေးထုံးအချို့သာ ပြင်ဆင်၍ ပြည်ထောင်စုလွှတ်တော် အတည်ပြု

ကလေးမွေးစားခွင့်နှင့် ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုများ ရှိခဲ့သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းအား နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း ရေးထုံးအချို့သာ ပြင်ဆင်၍ ပြည်ထောင်စုလွှတ်တော် အတည်ပြု
ဇူလိုင် ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအား တွေ့ရစဉ်
ဇူလိုင် ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအား တွေ့ရစဉ်
Published 23 July 2019
စိုးမင်းထိုက်၊ စည်သူ

ကလေးမွေးစားခွင့်နှင့် ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုများ ရှိခဲ့သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းအား နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း ရေးထုံးအချို့သာ ပြင်ဆင်၍ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည်။

နိုင်ငံတော်သမ္မတထံက သဘောထားမှတ်ချက်ဖြင့် ပြန်လည် ပေးပို့ထားသော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဇူလိုင် ၂၂ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်အဆုံးအဖြတ် ရယူအတည်ပြုခဲ့ခြင်း ဖြစ်သည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် ၂၀၁၉ ခုနှစ် ဇွန် ၇ ရက်တွင် အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတထံသို့ လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရန် ပေးပို့ခဲ့ရာ နိုင်ငံတော်သမ္မတ က သဘောထားမှတ်ချက် သုံးခုဖြင့် ဇွန် ၁၈ ရက်တွင် ပြန်လည် ပေးပို့လာခဲ့သည်။

ထို့ကြောင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီသည် ဇူလိုင် ၄ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့နှင့် အစည်းအဝေး ကျင်းပ၍ နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များကို လေ့လာစိစစ်ခဲ့ကြပြီး အစည်းအဝေး ဆွေးနွေးချက်များအရ နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြန်လည် ပေးပို့လာသည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း၏ အပိုဒ် ၃ အပိုဒ်ခွဲ (ဌ) ၊ အပိုဒ် ၆၀ အပိုဒ်ခွဲ(က)၊ အပိုဒ် ၆၂ အပိုဒ်ခွဲ (က)၊ အပိုဒ်ခွဲ (ဃ) နှင့် အပိုဒ် ၇၆ တို့ကို နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း အတည်ပြု ပြဋ္ဌာန်းသင့်ကြောင်း အစီရင်ခံစာ တင်သွင်းခဲ့ပြီး လွှတ်တော်ကလည်း အတည်ပြုရန် သဘောတူခဲ့သည်။

နိုင်ငံတော်သမ္မတက ဥပဒေကြမ်း၏ အပိုဒ် ၃၊ အပိုဒ်ခွဲ (ဌ) တွင် ဖော်ပြထားသော ယာယီ စောင့်ရှောက်ရေးဂေဟာ ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ပါရှိသည့် ဝန်ကြီးဌာနက ဆိုသည့် စကားရပ်ကို နုတ်ပယ်ရန် သင့် မသင့် စဉ်းစားသင့်ကြောင်း၊ အပိုဒ် ၁၄၊ အပိုဒ်ခွဲ (က) အရ ယာယီစောင့်ရှောက်ရေးဂေဟာကို အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း တစ်ခုခုကဖြစ်စေ၊ အပိုဒ် ၁၅၊ အပိုဒ်ခွဲ(က) အရ စေတနာ့ဝန်ထမ်း ပုဂ္ဂိုလ်ကဖြစ်စေ၊ လူမှုအဖွဲ့အစည်း သို့မဟုတ် အစိုးရ မဟုတ်သော အဖွဲ့အစည်းကဖြစ်စေ တည်ထောင်လိုက လူမှုဝန်ထမ်းဦးစီးဌာနသို့ လျှောက်ထားရမည် ဖြစ်ကြောင်း ဖော်ပြထားချက်အရ ယာယီစောင့်ရှောက်ရေး ဂေဟာကို ဝန်ကြီးဌာနအပြင် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်၊ လူမှုရေးအဖွဲ့အစည်း သို့မဟုတ် အစိုးရ မဟုတ်သော အဖွဲ့အစည်းများကလည်း တည်ထောင်နိုင်သောကြောင့် ဆိုလိုရင်း မှန်ကန်စေရန် ဖြစ်ကြောင်း သဘောထားမှတ်ချက် ပေးခဲ့သည်။

ဇွန် ၇ ရက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃ (ခ) တွင် မွေးစား ကလေးသူငယ်တစ်ဦးသည် မွေးစားမိဘနှင့် သက်ဆိုင်သည့် ဥပဒေ (သို့မဟုတ်) ဓလေ့ထုံးတမ်း ဥပဒေနှင့်အညီ မွေးစားမိဘ၏ အခြားသားသမီးများကဲ့သို့ပင် အမွေဆက်ခံရန် အခွင့်အရေး အပါအဝင် တူညီသော အခြားအခွင့်အရေးများ ရရှိစေရမည်ဟု ပြဋ္ဌာန်းထားကြောင်းနှင့် နိုင်ငံတော်အတွင်း မွေးဖွားသည့် ကလေးသူငယ်တိုင်းသည် ခွဲခြားဆက်ဆံခြင်း မရှိစေဘဲ အခမဲ့ မှတ်ပုံတင်ခွင့် ရှိသည်ဟူသော ဥပဒေ ပြင်ဆင်ချက်သည် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအခန်း (၈)၊ ပုဒ်မ ၇၃ ပါ နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူ၏ မွေးစားခြင်း ခံရသော နိုင်ငံခြားသား တစ်ဦးသည် နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူအဖြစ် မရှိစေရဟူသော ပြဋ္ဌာန်းချက်ကို လွှမ်းမိုး ပယ်ဖျက်လိုက်သည့် သဘောဟု နိုင်ငံရေးပါတီ ၂၆ ပါတီက ဇွန် ၁၇ ရက်တွင် စုပေါင်းကြေညာချက် ထုတ်ခဲ့သည်။ 

ထို့ပြင် အဆိုပါ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းပါ ကလေးမွေးစားခွင့်နှင့် ပတ်သက်ပြီး ကန့်ကွက်ကြောင်း ဆန္ဒပြမှုများလည်း ရှိခဲ့သည်။

ယင်းကဲ့သို့ ဆန္ဒပြမှုများ၊ ပြောဆိုမှုများနှင့် ပတ်သက်ပြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းတွင် နိုင်ငံသားဖြစ်ခွင့်နှင့် စပ်လျဥး်၍ အဓိပ္ပာယ် ဖွင့်ဆိုထားခြင်း မရှိကြောင်းနှင့် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ကိစ္စရပ်များသည် သက်ဆိုင်ရာ ဥပဒေများနှင့်သာ သက်ဆိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ကော်မတီဝင်များ က ရှင်းလင်းပြောကြားခဲ့သည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းအား သာမန်ပြည်သူများ သေချာမသိသည့်အပေါ်တွင် အခွင့်ကောင်းယူ၍ နိုင်ငံရေးအသုံး၊ နိုင်ငံရေး အမြတ်ထုတ်ခြင်း လုပ်ဆောင်နေသူများ အနေဖြင့် အဆိုပါ ဥပဒေကြမ်းအား ရှင်းရှင်းလင်းလင်း ဖြစ်အောင်ကြည့်ကြရန် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇူလိုင် ၅ ရက်တွင် ပြောကြားထားသည်။

“အထူးသဖြင့် စိုးရိမ်နေတဲ့ ဒီကလေးတွေ မွေးစာရင်းပေးလိုက်တဲ့ ကိစ္စရယ်၊ မွေးစားလိုက်တဲ့ ကိစ္စတွေရယ် အလိုအလျောက် နိုင်ငံသားတွေ ဖြစ်လာမယ်ဆိုတဲ့ စိုးရိမ်ချက်က လုံးဝမဟုတ်ဘူးဆိုတာ ကျွန်တော် ပြောချင်တယ်။ အဲဒီတော့ ဒီမွေးစာရင်းရယ်၊ မွေးစားခြင်းရယ်၊ နိုင်ငံသားဖြစ်ခြင်းရယ် ဒါကို ရှင်းလင်းအောင် လေ့လာဖို့ ဒီအဖွဲ့အစည်းတွေကိုလည်း ကျွန်တော်တို့က ပြောချင်တယ်” ဟု ဦးဇော်ဌေးက ပြောကြားထားသည်။

ကလေးတစ်ဦးအား မွေးစားခြင်းသည် မိသားစုကိစ္စဖြစ်ပြီး နိုင်ငံသားဖြစ်ခြင်း ကိစ္စသည် နိုင်ငံတော်အပိုင်းဖြစ်ကာ နိုင်ငံသားဖြစ်ခွင့် ကိစ္စရပ်သည် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရသာ ဖြစ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

“၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၇၃ မှာ ဖြစ်တယ်။ ရှိတယ်ပေါ့။ ပုဒ်မ ၇၃ ကျွန်တော် ဖတ်ပြပါ့မယ်။ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသား ပြုခွင့်ရသူ၏ မွေးစားခြင်း ခံရသော နိုင်ငံသား တစ်ဦးသည် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူအဖြစ်ကို မရရှိစေရ။  ဆိုလိုတာကတော့ မွေးစားလိုက်တဲ့ ကလေးက Automatic နိုင်ငံသား ဖြစ်မလာဘူး။ မိဘက နိုင်ငံသားဖြစ်တိုင်း နိုင်ငံသား မဖြစ်ဘူး။ မိဘက ဧည့်နိုင်ငံသားဖြစ်တိုင်း ဧည့်နိုင်ငံသား မဖြစ်ဘူး။ မိဘက နိုင်ငံသား ပြုခွင့်ရသူ ဖြစ်တိုင်း နိုင်ငံသား ပြုခွင့်ရသူ မဖြစ်ဘူး”ဟု ဦးဇော်ဌေးက ပြောကြားသည်။

မွေးစာရင်းသည် နိုင်ငံသားဖြစ်မှုအတွက် သက်သေခံ အလျဉ်းမဖြစ်စေရဘဲ ကလေးသူငယ်၏ အထောက်အထား အတွက်သာ မွေးစားရင်း ထုတ်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

 

Most Read

Most Recent