၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့် မည်သည့် မြို့နယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ကို ယခုနှစ်ကုန်၌ ဆုံးဖြတ်မည်ဖြစ်ပြီး လက်ရှိတွင် ပါတီတွင်း သုံးသပ်ရေး လုပ်ဆောင်နေကြောင်း  ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ပြောကြား

၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့် မည်သည့် မြို့နယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ကို ယခုနှစ်ကုန်၌ ဆုံးဖြတ်မည်ဖြစ်ပြီး လက်ရှိတွင် ပါတီတွင်း သုံးသပ်ရေး လုပ်ဆောင်နေကြောင်း  ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ပြောကြား
Published 23 July 2019
ဉာဏ်လင်းထွန်း

၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့် မည်သည့် မြို့နယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဆိုသည့် ဆုံးဖြတ်ချက်ကို ၂၀၁၉ နှစ်ကုန်ပိုင်းမှ ချမှတ်မည်ဖြစ်ပြီး လက်ရှိတွင် ပါတီတွင်း သုံးသပ်ရေးများကို အဓိကထား လုပ်ဆောင်နေသည်ဟု ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က ပြောကြားသည်။

“ကျွန်တော်တို့ကတော့ ၂၀၁၉ အကုန်ကျတော့မှပဲ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အပြီးသတ် ဆုံးဖြတ်ချက် ချမယ်။ အခုကတော့ အခြေအနေကို သုံးသပ်တာပေါ့။ အခြေအနေ သုံးသပ်တယ်ဆိုတာ တစ်နိုင်ငံလုံးရဲ့ ယေဘုယျ အနေအထား သုံးသပ်တယ်။ နောက်တစ်ချက်က ကိုယ့်ပါတီရဲ့ စည်းရုံးရေးအင်အား အနေအထား သုံးသပ်တယ်။ အခုကတော့ သုံးသပ်တဲ့ လုပ်ငန်းစဉ်တွေက အခုချိန်ကတည်းက  ရှိနေတာပေါ့။ ဆုံးဖြတ်တဲ့ ကိစ္စကတော့ ၂၀၁၉ အကုန်လောက်မှ ဆုံးဖြတ်မယ်” ဟု ဦးရဲနိုင်အောင်က ပြောကြားသည်။

၂၀၁၈ နိုဝင်ဘာ ၃ ရက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပစဉ်ကာလက ပါတီအမည် အငြင်းပွားမှု မပြီးပြတ်သေး၍ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့သည့်အတွက် လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲသည် ပြည်သူ့ပါတီ ပထမဆုံး ယှဉ်ပြိုင်ရမည့် ရွေးကောက်ပွဲ ဖြစ်လာမည်ဖြစ်သည်။

မှတ်ပုံတင်ရရှိသည့် နိုင်ငံရေးပါတီ အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အရ ပါတီအနီးစပ်ဆုံး ရွေးကောက်ပွဲ၏ မဲဆန္ဒနယ် အနည်းဆုံး သုံးနေရာထက် မနည်းတွင် ဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

“ပြင်ဆင်နေတဲ့ ကာလမျိုး ဖြစ်တဲ့အတွက်တော့ ဘယ်သူကတော့ ဖြစ်နိုင်တယ် စသဖြင့် ဒါတွေကတော့ ရှိတာပေါ့။ ဒါတွေက ကြိုပြင်ပြီး အချက်အလက်စုတဲ့ သဘောမျိုးပဲ။ ဆုံးဖြတ်တယ်ဆိုတဲ့ အဆင့်ကို မရောက်သေးပါဘူး။ လျာထားတယ်။ စဉ်းစားနေတယ် စသဖြင့် ဒီလိုအနေအထားမျိုးပဲ ရှိပါသေးတယ်”ဟု ဦးရဲနိုင်အောင်က ပြောကြားသည်။

၂၀၁၈ ခုနှစ် သြဂုတ်လက ပါတီမှတ်ပုံတင် ရရှိသည့် ပြည်သူ့ပါတီသည် ယခင်က ရှစ်လေးလုံးပါတီ၊ ရှစ်လေးလုံး ပြည်သူ့ပါတီ စသည့် အမည်များဖြင့် ကနဦး မှတ်ပုံတင် လျှောက်ထားခဲ့ပြီး ယင်းအမည်များအပေါ် ကန့်ကွက်မှုများ ရှိခဲ့သည့်အတွက် ပြည်သူ့ပါတီအဖြစ် ပြောင်းလဲ မှတ်ပုံတင်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ပါတီသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ တရားဝင် ပါတီမှတ်ပုံတင်ရရှိပြီးနောက် UNA ကဲ့သို့ တိုင်းရင်းသား မဟာမိတ်အစုအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီအချို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်ဆိုသလို ပြုလုပ်လျက်ရှိနေပြီး အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့်လည်း ဇွန် ၁၇ ရက်က ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ထားသည်။

ပါတီဥက္ကဋ္ဌအဖြစ် ဦးကိုကိုကြီးက တာဝန်ယူထားပြီး ပါတီခေါင်းဆောင်ပိုင်းတွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်အချို့နှင့် အခြားသော နိုင်ငံရေးမျိုးဆက်များ ပါဝင်လျက်ရှိသည့်အတွက် နိုင်ငံရေး စိတ်ဝင်စားသူများ၏ စောင့်ကြည့်မှုခံရသည့် ပါတီအဖြစ် ရှိနေသည်။

 

Most Read

Most Recent