လမ်းဘေးကလေးငယ်များနှင့် တိုင်းပြည်အနာဂတ်

လမ်းဘေးကလေးငယ်များနှင့် တိုင်းပြည်အနာဂတ်
စံပယ်ပန်းရောင်းနေသည့် ကလေးငယ်တစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဇော်အောင်)
စံပယ်ပန်းရောင်းနေသည့် ကလေးငယ်တစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဇော်အောင်)
Published 21 July 2019
သိင်္ဂီဝင်းထွန်း၊ ဆုဆုတေဇ

ကလေးများသည် အဖြူရောင်စက္ကူလေးများနှင့် အလားသဏ္ဌာန်တူသည်။ အနီရောင်ဆိုးလိုက်လျှင် အနီရောင် ပြောင်းသွားပြီး အမည်းရောင် ဆိုးလိုက်ပါက အမည်းရောင် ပြောင်းသွားတတ်ကြသည်။ ကလေးများသည် ကျင်လည်ရာ ပတ်ဝန်းကျင်၊ မြင်တွေ့နေကျ အခင်းအကျင်းကို လိုက်၍ ပြောင်းလဲသွားတတ်သည့် သဘောသဘာဝရှိသည်။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသကဲ့သို့ပင်။

ကလေးများသည် တိုင်းပြည်၏ အနာဂတ်များ ဖြစ်သည်ကို အားလုံးလက်ခံထားကြသည်။ တိုင်းပြည်တစ်ခု၏ ပစ္စုပ္ပန်အကျိုးသည် လူကြီးများ လက်ထဲတွင်ရှိပြီး အနာဂတ် အကျိုးသည်ကား ကလေးများ၏ လက်တွင် ရှိသည်သာ ဖြစ်သည်။ ကလေးများ ဆိုသည်မှာ အဖြူစင်ဆုံးသော သူများဟု လူတိုင်းက သတ်မှတ်ထားကြသည်။

လူ့အဖွဲ့အစည်း၏ အနာဂတ် ကလေးငယ်များသည် လက်ရှိတွင် မည်သည့်ပုံစံမျိုး ဖြစ်နေကြပါသနည်း။

မိဘ၏ ထောက်ပ့ံမှုဖြင့် ဘဝကို သက်သောင့်သက်သာ ပညာသင်ယူနေသော ကလေးငယ်များစွာ ရှိသကဲ့သို့ ကားဂိတ်များ၊ ရထားဘူတာရုံများ၊ စျေးများ၊ ဘုရားစေတီများအနီး၊ လမ်းဘေးပလက်ဖောင်းများနှင့် လူစည်ကားရာ နေရာများအပြင် အခြားနေရာ အသီးသီးတွင် ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ကျင်လည်နေရသည့်  ကလေးငယ်များကိုလည်း တွေ့နေရသည်။ ထိုသို့တွေ့နေရသည်မှာ အချိန်များစွာ ကြာမြင့်နေပြီဖြစ်သလို လက်ရှိတွင်လည်း အဆများစွာ ပိုမိုတိုးပွားလာသည်ဟု ထင်မြင်မိသည်။

ဘဝပုံစံအသီးသီးဖြင့် လမ်းများပေါ် ကျင်လည်နေသည့် ကလေးငယ် အားလုံးသည် အခြေခံပညာကျောင်းများ၊ အလယ်တန်း၊ အထက်တန်းကျောင်းများနှင့် သင်တန်းများတွင် ရှိရမည့် အရွယ်များ ဖြစ်လင့်ကစား  အထက်ပါနေရာများတွင် တစ်ပါးသူထံမှ ပေးစာကမ်းစာဖြင့် အချိန်ကုန်နေကြရသည်မှာ တိုင်းပြည် အနာဂတ်အတွက်များစွာ ရင်လေးဖွယ်ရာဖြစ်သည်။  

“ဒီကောင်တွေက ပေါ့သေးသေး မဟုတ်ဘူး။ ရသလောက်တောင်းမယ်။ မပေးရင်လုမယ့် သဘောတောင်ရှိတယ်။ တစ်ခါတလေ လစ်ရင်လစ်သလို ယူတတ်သေးတယ်။ အဲ့ဒါကြောင့် ဦးလေးဆိုင်ဆို သူတို့ဝင်လာရင် မောင်းထုတ်ရတယ်။ ပြီးတော့ သူတို့ဝင်ငွေက တစ်လခြောက်သိန်းနီးပါး ရှိတာနော်။ တကယ်မရှိလို့၊ အဆင်မပြေလို့ တောင်းနေတာမှ မဟုတ်တာ။ ရလို့တောင်းရတာ။ ပိုအဆင်ပြေလို့ လိုက်တောင်းနေတာ” ဟု ရန်ကုန်မြို့လယ်မှ ထမင်းဆိုင်ပိုင်ရှင် ဦးမောင်မောင်မြင့်က ဆိုသည်။

ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသော ကလေးအချို့သည် ပေစုတ်စုတ်မျက်နှာများဖြင့် တောင်းရမ်းသူများအဖြစ် လည်းကောင်း၊ ရန်ကုန်မြို့လယ်ကောင် ဆူးလေကဲ့သို့ လူမြင်ကွင်းနေရာမျိုးများတွင် ကော်ရှူနေကြသည့် ကလေးငယ်များ အဖြစ်လည်းကောင်း၊ ကလေးအချို့ဆိုလျှင် ရာဇဝတ်မှုများအထိ ကျူးလွန်နေကြသည်ကို မြင်တွေ့နေရသည်။ တချို့မှာ ဝမ်းရေးအတွက် ရာဇဝတ်မှုများကိုပင် ကျူးလွန်ရန် အသင့်ရှိနေသည့်အလား မကြောက်မရွံ့သည့် ဂျစ်ကန်ကန်ပုံစံများကို မြင်တွေ့နေရသည်။ တောင်းရမ်း စားသောက်ရာတွင်လည်း ၎င်းတို့၏ မျက်နှာအမူအရာ ပြောင်းလဲခြင်း များစွာဖြင့် အတွေ့အကြုံရှိသော သူတောင်းစားကြီးများ ကဲ့သို့ပင် အမူအရာ ကောင်းကြသည်။ တောင်းစားရခြင်းအပေါ် သာယာသွားကြသည်လား။ သို့မဟုတ် ဟန်ဆောင်ရခြင်းသည် ငွေရလွယ်သည်ဟု ထင်မှတ်နေကြပြီလား ဆိုတာ ကာယကံရှင်တို့သာ သိပေမည်။

“ကိုယ်တိုင်လည်း မိဘတစ်ယောက်ဆိုတော့ တောင်းနေတဲ့ ကလေးတွေတွေ့ရင် ပိုက်ဆံပေးမိပါတယ်။ ကိုယ်တွေအတွက် တစ်ရာ နှစ်ရာက ဘာမှမဟုတ်ပေမဲ့ သူတို့အတွက် မုန့်ဖိုးထမင်းဖိုးလေး ရသွားတာပေါ့။ အစ်မမှာလည်း သားလေးရှိတော့ သားသမီးချင်း ကိုယ်ချင်းစာတယ်လေ” ဟု မြောက်ဥက္ကလာပမြို့နယ်မှ မမျိုးဇာခြည်က ပြောပြသည်။

မြန်မာလူမျိုးများသည် သနားကြင်နာတတ်သည့်စိတ်၊ အားနာတတ်သည့်စိတ်၊ တစ်ခါတစ်ရံတွင်လည်း လူအထင်ကြီးခံချင်သည့်စိတ် ရှိတတ်စမြဲပင်ဖြစ်သည်။ ထိုအရာများက လမ်းပေါ်က ကလေးများအတွက် အခွင့်အရေးယူစရာ ဖြစ်မှန်းမသိ ဖြစ်နေတတ်သည်။

ထို့ပြင် ကလေးငယ်အချို့သည် ခရီးသည်တင် ဘတ်စ်ကားပေါ်တွင် သနားဖွယ်ကောင်းသည့် ဘဝအဖြစ်ကို ကွန်ပျူတာဖြင့် စာစီ၊ မိတ္တူ ဆွဲထားသည့် စာရွက်ငယ်များပြ၍ လွယ်အိတ်တစ်လုံးဖြင့် လိုက်တောင်းနေသော ကလေးများကို ကြုံဖူးကြလိမ့်မည်။ အဖွဲ့ဖွဲ့၍ပင် အလုပ်လုပ်နေသလားဟု ထင်မှတ်ရလောက်အောင် တစ်မှတ်တိုင်တွင် တစ်ဦးခန့် တွေ့ရတတ်သည်။ တစ်ခါတစ်ရံ ၎င်းတို့အချင်းချင်းဆုံ၍ ရရှိလာသည့်ငွေများကို အချင်းချင်း မေးမြန်းကြ၊ နောက်ကြပြောင်ကြနှင့် တစ်ဦးနှင့် တစ်ဦး ပခုံးဖက်၍ ကားပေါ်က ဆင်းသွားတတ်ကြသည်။

ခရီးသည်အချို့ပေးသော ငွေတစ်ရာနှစ်ရာသည် လူတစ်ဦးအတွက် အရေးမကြီးသော်လည်း စေတနာသည် တစ်ခါတစ်ရံ အဆိပ်ပင် ရေလောင်းသကဲ့သို့ ဖြစ်သွားနိုင်ကြောင်းကို “ကားစီးတဲ့အခါတိုင်းမှာ ဒီကလေးတွေကို မြင်တွေ့နေရတယ်။ သူတို့လက်ထဲလာထည့်ပေးတဲ့ စာရွက်တွေကလည်း အဖေက လေဖြတ်၊ အမေက အလုပ်မလုပ်နိုင်၊ မောင်နှမတွေ အများကြီး ဆိုတာက တစ်ယောက် လာပေး၊ တစ်ခါဖတ်နဲ့ ကိုယ်တွေက အလွတ်တောင်ရနေပြီ။ ပိုက်ဆံ တစ်ရာနှစ်ရာက ပေးလိုက်လို့ရတယ်။ ဒါပေမဲ့ တောင်းရင်ရတာပဲဆိုတဲ့ အတွေးမျိုး သူတို့တွေကို မဖြစ်စေချင်ဘူး။ ဒါဟာ လိမ်နေတာပဲလို့တော့ မပြောချင်ပေမဲ့ အမှန်တရားတစ်ခု မဟုတ်ဘူး ဆိုတာလည်း လူတိုင်းသိနေတာပဲလေ။ အဲဒါကြောင့် အစ်မဆို အဲဒီလိုမျိုးတွေ ပိုက်ဆံမပေးဘူး” ဟု ခရီးသည် အမျိုးသမီးတစ်ဦးက ပြောပြသည်။

တစ်ခါက လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော ဓာတ်ပုံတစ်ပုံကို မြင်ဖူးကြပါလိမ့်မည်။ ထိုပုံသည် အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံဘေးတွင် ၁၀ နှစ်ပြည့်ဟန် မရှိသေးသော ကလေးငယ်တစ်ဦး ကော်ရှူနေသည့် ပုံပင်ဖြစ်သည်။

ထိုသို့ ကော်ရှူနေသော ကလေးငယ်များကို လှည်းတန်း၊ မြေနီကုန်း၊ သမိုင်းလမ်းဆုံ၊ တာမွေစျေး၊ ဆူးလေ အနီးတစ်ဝိုက်တွင် ယခင်ကထက် အတွေ့ရစိပ်လာသည်။ ထိုသို့ကော်ရှူ ကလေးငယ်များ၏ ဝင်ငွေသည် တောင်းရမ်းစားသောက်ခြင်းက အဓိက ကျနေသည်။ ပုံထဲတွင် ရီဝေဝေ၊ တရှိုက်မတ်မတ် ကော်ရှူနေသော ကလေးငယ်ကို ဗိုလ်ချုပ်အောင်ဆန်းက မျက်နှာလွှဲထားသကဲ့သို့ ဖြစ်နေသောပုံမှာ ထိုပုံကို မြင်ရသူတိုင်း အတွက် ဖြေရခက်သော စိတ်ခံစားမှုကို ဖြစ်စေခဲ့သည်။

လောကတွင် လူအမျိုးမျိုး၊ စိတ်အထွေထွေ၊ ဘဝအမျိုးမျိုးနှင့် ရပ်တည်ပုံ မတူညီမှုများ ရှိသည်မှာ မဆန်းကြယ်လှ။ တချို့မှာ ရွှေဇွန်းကိုက် မွေးလာသည်ဟု ဆိုရလောက်အောင် အောင်မြင်ပြည့်စုံသော ဘဝများ ပိုင်ဆိုင်ထားကြပြီး အချို့က ဖွတ်သထက်မွဲဟု ဆိုရလောက်အောင် ဘဝမျိုးမှ မွေးဖွားကြီးပြင်း ကျင်လည်လာကြသည်။ သူတို့အနာဂတ်ကို သူတို့ရွေးချယ်ခွင့်မရှိ။ သူတို့ဘာဖြစ်ချင်သည်ကိုပင် စိတ်ကူးယဉ်ခွင့် မရှိသူတွေ များစွာရှိနေသည်။ 

သို့သော် မည်သို့ဘဝမျိုးဖြင့် မွေးဖွားလာစေကာမူ လူသားများ ဖြစ်သည့်အတွက် ဘဝကို တိုးတက်ပြောင်းလဲအောင် ကြိုးစားစွမ်းဆောင် နိုင်စွမ်းရှိသည်။ အနုံချာဆုံး ဘဝက မွေးဖွားခဲ့၍ နုံချာရမည်ဟု တစ်သမတ်တည်း သတ်မှတ်မထားသင့်ပေ။ သို့သော် လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြသည့်အတွက် အဆိုပါ ဘဝကိုမှ မက်မောတွယ်တာ နေတတ်သူများလည်း ရှိကြပြန်သည်။

တချို့ကလေးငယ်များက ကားဂိတ်များတွင် လိုက်တောင်းရမ်းနေချိန် တချို့ကလေးတွေက လမ်းမများပေါ်တွင် ပန်းကုံးလေးများ၊ သတင်းစာ၊ ရေသန့်ဘူးများ၊ ထီပေါက်စဉ်များ လိုက်ရောင်းချနေသည်ကို မြင်တွေ့နေရသည်။

“သမီးအသက်က ကိုးနှစ်ပါ။ ပလုံးတွေ လိုက်ကောက်တာ သမီးအစ်ကိုနဲ့ အတူတူ။ တစ်ရက်ကို ရှစ်ထောင်လောက်ရတယ်။ တစ်ခါတလေ လမ်းသွားလမ်းလာတွေက မုန့်ဖိုးပေးတယ်။ အဖေက လေဖြတ်နေတာ။ အမေက အရင်ကတော့ သမီးတို့နဲ့ အတူတူ ပလုံးလိုက်ကောက်တယ်။ အခုခြေထောက် နာနေလို့ မလိုက်နိုင်ဘူး။ ကျောင်းက တစ်ခါမှ မနေဖူးဘူး။ အစ်ကိုကတော့ နှစ်တန်းအထိ တက်ဖူးတယ်” ဟု ဆူးလေ ၃၇ လမ်းအနီး ရေဘူး၊ အိုးခွက် လိုက်လံကောက်သည့် အသက်ကိုးနှစ်အရွယ် ကလေးမလေး တစ်ဦးက ပြောပြသည်။

အချို့ကလေးငယ်များသည် ကားပေါ်မှ ပစ်ချလိုက်သော ရေသန့်ဘူးများကို အပြေးအလွှား ကောက်ယူကြသလို အမှိုက်ပုံများ၊ လူသွားလမ်းမပေါ်မှ ဘူးခွံများကို လိုက်ကောက် ရှာဖွေစားသောက် နေသည်ကိုလည်း တွေ့ရလေ့ရှိသည်။ ထိုကလေးငယ်များမှာ အခြားသူများထံမှငွေကို လွယ်လွယ်လိုချင်ခြင်း မဟုတ်ဘဲ လုပ်အားဖြင့် ငွေရှာခြင်း ဖြစ်သည့်အတွက် ထိုကလေးတွေ၏ လုပ်ရပ်များက ဂုဏ်ယူစရာဟု ယေဘုယျ ဆိုနိုင်ပေသည်။

အဆင်မပြေသည့် အခြေအနေတွင် ရောက်နေပုံချင်း တူသော်လည်း အချို့ကလေးများက တွေ့သမျှလူထံ အသနားခံ တောင်းရမ်းစားသောက်ပြီး အချို့ကလေးများမှာ စံပယ်ပန်း၊ သတင်းစာ၊ မုန့်၊ ရေသန့်ဘူး ရောင်းချကာ ငွေကိုလုပ်အားနှင့် ရှာဖွေနေကြသည်။ ငယ်စဉ်ကတည်းက အသိပညာ၊ အတတ်ပညာ အပတ်တကုတ် ကြိုးစားခဲ့သည့် ကလေးသည် တစ်ချိန်တွင် လူကြီးလူကောင်း တစ်ယောက်၊ ပညာတတ် တစ်ယောက် ဖြစ်ကောင်းဖြစ်လာ နိုင်သော်လည်း ငွေရလွယ်သည်ဟု ဆိုနိုင်သော တောင်းရမ်းပြီး အလွယ်လိုက်သည့် ကလေးငယ်များ၏ ရှေ့ရေးသည် ရေရှည်တွင် အဆင်ပြေနိုင်မည်ဟု ကောက်ချက်ချဖို့ ခက်ခဲလှသည်။

“စာသင်ရမယ့်အရွယ် ကလေးတွေက လမ်းဘေးမှာ လိုက်တောင်းနေတာတွေ မြင်ရတော့ စိတ်မကောင်းဘူး။ ပညာကောင်းကောင်းမွန်မွန် မသင်ခဲ့ရတဲ့အပြင် မိဘတွေဆီက ဆုံးမသွန်သင်မှုတွေ သိပ်ပြီး ခံယူမှု မရခဲ့တဲ့ ကလေးတွေဆိုတော့ တချို့ကလေးတွေဆို ဂျစ်ကန်ကန် ပုံစံလေးတွေရှိတယ်။ နည်းနည်းရိုင်းတဲ့ဘက်ကို ရောက်နေတယ်” ဟု အမျိုးသား ယဉ်ကျေးမှု အနုပညာ တက္ကသိုလ်မှ နည်းပြဆရာ ဦးထွန်းလင်းမော်က ပြောကြားသည်။

ကလေးတိုင်း မူလတန်းပညာကိုတော့ သင်ယူတတ်မြောက် စေချင်သည်။ ချမ်းသာသည့်မိဘက မွေးလာသည့် ကလေးသည် စာသင်ကျောင်းကို ကျောင်းဝတ်စုံ သပ်သပ်ရပ်ရပ်ဝတ်ပြီး မိဘက ကျောင်းလိုက်ပို့သည့် မြင်ကွင်းကို မြင်တိုင်း ၎င်းတို့၏ စိတ်ထဲတွင် တစ်ခါတစ်ရံ ကျောင်းတက်ချင်စိတ် ပေါ်လာဖူးပေလိမ့်မည်။  သို့သော် တောင်းရင် မပင်ပန်း၊ အလကားရသည်ဆိုသည့် အတွေးကို ကလေးများ၏ ခေါင်းထဲမှအပြင် ၎င်းတို့၏ အုပ်ထိန်းသူ မိဘများ၏ ခေါင်းထဲကပါ၊ လူမှုပတ်ဝန်းကျင်ကပါ ဖယ်ရှားပေးနိုင်ရန် လိုအပ်ပေသည်။

မည်သည့်အရာကိုမျှ အလကားမရ ဆိုသည်ကို ၎င်းတို့၏ အုပ်ထိန်းသူများ၊ မိဘများက သွန်သင်ဆုံးမမှသာ ဖြူစင်ရိုးသားစွာ အလုပ်လုပ်လိုစိတ် ပေါ်လာမည် ဖြစ်သည်။ ထို့အတူ သားသမီးကို တောင်းရမ်းရန် ခိုင်းစေသော မိဘများ၏ ပြဿနာကိုလည်း သက်ဆိုင်ရာ အုပ်ချုပ်သူ အဆင့်ဆင့်က ဖြေရှင်းပေးရန် လိုအပ်ပေသည်။  

အခြားတစ်ဖက်တွင်လည်း ကလေးသူငယ်များကို အနိုင်ကျင့်ကာ ဂိုဏ်းအသွင် ခိုင်းစားနေသောသူများကိုလည်း လုံခြုံရေး တာဝန်ရှိသူတို့က အရေးယူ ကြပ်မတ်ရန် အရေးတကြီး လိုအပ်နေပေသည်။

မည်သို့အဆင့်အတန်းရှိသော မိဘမျိုးက မွေးဖွားလာရမည် ဆိုသည်ကို ရွေးချယ်ခွင့် မရှိသော်လည်း မည်သို့သော ဘဝဖြင့် သေဆုံးရမည်ကို ရွေးချယ်ရန် အခွင့်အလမ်း ရှိပေသည်။ တောင်းစားနေသည့် မိဘက မွေးဖွားလာ၍ တောင်းစားသည့်ကလေး ဖြစ်ကောင်းဖြစ်လာနိုင်သော်လည်း ထိုဘဝက ရုန်းထွက်ရန်အတွက် အခွင့်အရေးကို ဖန်တီးခွင့်ရှိသည်။

“ကျွန်တော်က ရေဘူးတွေ၊ ဘီယာဘူးခွံတွေ ကောက်တယ်။ တစ်ခါတလေ တောင်းတဲ့သူငယ်ချင်းတွေနဲ့ တွေ့ရင် ရောပြီးလိုက်တောင်းလိုက်တယ်။ အဲဒါက ပိုပြီးပိုက်ဆံရတယ်။ ဒါပေမဲ့ တစ်ယောက်တည်း ဆိုရင်တော့ သိပ်မတောင်းရဲဘူး။ သူငယ်ချင်းတွေ ပါရင်တော့ တောင်းတယ်။ မကြောက်ဘူး။ သူတို့ ပြောခိုင်းသလို ပြောလိုက်တာပဲ” ဟု ဆူးလေပန်းခြံထဲတွင် ရေဘူးများ လိုက်ကောက်နေသည့် အသက် ၁၀ နှစ်ခန့် ယောကျ်ားလေးက ဆိုသည်။

လူငယ်ဆိုသည်မှာ ပတ်ဝန်းကျင်ကိုလိုက်၍ အရောင်ပြောင်းတတ်သည်။ ပတ်ဝန်းကျင် အရောင်ဆိုးသည့်အတိုင်း ထိုအရောင်နှင့် ထပ်တူရှင်သန်သွားတတ်သော သဘောရှိသည့်အတွက် “တောင်းရင်ပေးတယ်” ဆိုသည်ကို သိလေလေ ကလေးများကလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်လိုစိတ် ပျောက်လေလေ ဖြစ်နေမည်ဖြစ်သည်။

သားသမီးကို တောင်းရမ်းခိုင်းစားနေသော မိဘများနှင့် ဂိုဏ်းဖွဲ့ခိုင်းစားနေသူများကို အစိုးရက ကြပ်မတ်ပေးရန် တာဝန်ရှိသကဲ့သို့ သနားသဖြင့် တောင်းတိုင်းပေးတတ် ကြသူများသည်လည်း တောင်းတိုင်း မပေးစေလိုပါ။ တောင်းလိုက်တိုင်း ငွေက အလကားရနေတာပဲဆိုသော အချောင်လိုချင်သည့် စိတ်ကိုထပ်၍ ရိုက်သွင်းမပေး စေချင်တော့ပါ။ ယင်းကလေးများသည် ကျွန်မတို့၏ အနာဂတ်များ ဖြစ်သည့်အတွက် လင်းလက်တောက်ပသည့် ကြယ်ပွင့်များ အဖြစ်သာ ရှိစေချင်သည်။ ၁၀၀၊ ၂၀၀ လေးပဲ ပေးခြင်းသာဆိုသည့် အတွေးကို လူ ၅၄ သန်းက အတူတူ တွေးနေကြမည်ဆိုလျှင် ထိုကလေးများ၏ဘဝမှာ ပြုပြင်စိတ်ထက် လက်ရှိ ပုံစံအတိုင်းသာ နိဂုံးချုပ်ပေလိမ့်မည်။

ထို့ကြောင့် စေတနာဟု ထင်မြင်နေမှုများသည် အဆိပ်ပင် ရေလောင်းသကဲ့သို့ မဖြစ်အောင် တွေးတော ဆင်ခြင်ကြည့်ရန် လိုအပ်ပေမည်။ အလုပ်လုပ်လိုသည့် စိတ်ဖြစ်အောင် ကိုယ့်အားကိုယ်ကိုးတတ်အောင် အသိဉာဏ်ဖွံ့ဖြိုးသော ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာအောင် ပတ်ဝန်းကျင်မှ လူများကလည်း ဝိုင်းဝန်းပံ့ပိုးသင့်သည်ဟု အကြံပြုလိုပါသည်။

မြေကြမ်းလို့ ပန်းရိုင်းခြင်းလော။ ဒါသည် သဘာဝပင်ဖြစ်သည်။ သချင်္ာပုစ္ဆာ တစ်ပုဒ်၏ သီအိုရီလို ညီမျှခြင်း၏ တစ်ဖက်တွင် အဖြေရှိသည်။ ထိုအဖြေမထွက်မချင်း ပြင်ရာဖျက်ရာက အမြဲရှိနေမည်သာ ဖြစ်သည်။ သို့သော် လောင်းရိပ်မိပန်းများ၊ နေလောင်ပန်းများ၊ အနာဂတ်မဲ့ ကလေးများ၊ လမ်းပျောက်နေသော ကလေးများ များလာလျှင်ဖြင့် အနာဂတ်အတွက် မကောင်းနိုင်တော့ပေ။

 

Most Read

Most Recent