၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ပြည်သူကို ချက်ချင်းအကျိုးပြုမယ့် စီမံကိန်းတွေမှာ ဦးစားပေးသုံးမယ့်ဘတ်ဂျက်နဲ့ စံချိန်တင်အမြင့်မားဆုံး ဘတ်ဂျက်လိုငွေ

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ပြည်သူကို ချက်ချင်းအကျိုးပြုမယ့် စီမံကိန်းတွေမှာ ဦးစားပေးသုံးမယ့်ဘတ်ဂျက်နဲ့ စံချိန်တင်အမြင့်မားဆုံး ဘတ်ဂျက်လိုငွေ
ဘတ်ဂျက်သုံးစွဲမှုတွင်ပါဝင်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းရငွေသုံးငွေစာရင်း ရှင်းလင်းထုတ်ပြန်ထားမှုကို မြို့နယ်တစ်ခုအတွင်း တွေ့ရစဉ် (ဓာတ်ပုံ - ဖြိုးဝေ)
ဘတ်ဂျက်သုံးစွဲမှုတွင်ပါဝင်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းရငွေသုံးငွေစာရင်း ရှင်းလင်းထုတ်ပြန်ထားမှုကို မြို့နယ်တစ်ခုအတွင်း တွေ့ရစဉ် (ဓာတ်ပုံ - ဖြိုးဝေ)
Published 21 July 2019
ဖြိုးဝေ

(၁)

ဦးသိန်းစိန်အစိုးရလက်ထက်မှာ စံချိန်တင်ဘတ်ဂျက်တွေ အမြင့်မားဆုံးတောင်းခံပြီး ဘတ်ဂျက်လိုငွေ အများဆုံးနှစ်ဟာ ရွေးကောက်ပွဲ ကျင်းပဖို့ရှိခဲ့တဲ့၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ပါ။ ဒီလိုမျိုး ရွေးကောက်ပွဲရှိတဲ့ နှစ်ကျမှ စံချိန်တင် ငွေသုံးစွဲမှုနဲ့ ဘတ်ဂျက် အများအပြားတောင်းခံပြီး လိုငွေအမြင့်ဆုံးဖြစ်ခဲ့တာကြောင့် တိုင်းပြည်ဘဏ္ဍာတွေကို အများဆုံးတောင်းခံပြီး ရွေးကောက်ပွဲမှာ မဲဆွယ်ဖို့သုံးသွားမလားဆိုတဲ့ ဝေဖန်မှုမျိုးကို ကြုံခဲ့ရပါတယ်။

ပိုပြီးဆိုးတာက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ စံချိန်တင်လိုငွေ ကျပ် ဘီလျံ ၃၈၀၀ ကျော် ဖြစ်ခဲ့တဲ့အပြင် ရွေးကောက်ပွဲမတိုင်ခင်မှာ ကျပ် ဘီလျံ ၂၅၀၀ လောက်ကို ထပ်ပြီး တောင်းခံခဲ့တာကြောင့် ဝေဖန်စရာ ပိုဖြစ်ခဲ့သလို ဖြည့်စွက်ဘတ်ဂျက် အဖြစ် ကျပ်ဘီလျံ ၂၄၅၄ ဘီလျံ ကျော် ခွင့်ပြုခဲ့တာကိုလည်း အမှန် တကယ်သုံးစွဲနိုင်မှုမရှိဘဲ ကျပ် ၂၃၉၉ ဘီလျံပြန်ပြီး အပ်နှံခဲ့ရတဲ့ အခြေအနေ ဖြစ်ခဲ့တာကြောင့်မို့လို့ အစိုးရတစ်ရပ်ရဲ့ တကယ်သုံးစွဲနိုင်မှုမရှိဘဲ ပြည်သူ့ဘဏ္ဍာများစွာကို လွယ်လင့်တကူတောင်းခံခဲ့မှု အကျိုးဆက်အဖြစ် ငွေကြေးဖောင်းပွမှု၊ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှု၊ ကုန်စျေးနှုန်းမြင့်တက်မှု စတဲ့ ဆိုး ကျိုးတွေကို ပြည်သူတွေပဲ ရင်စည်း ခံခဲ့ရတဲ့အခြေအနေကို ဖြစ်စေခဲ့ပါတယ်။

ရွေးကောက်ပွဲရှိတဲ့နှစ်တွေမှာ ကိုယ့်ပါတီ၊ ကိုယ့်အမတ်လောင်းကို ပြည်သူတွေ မဲပေးချင်အောင် ဆွဲဆောင်ဖို့ ဘတ်ဂျက်တွေ ပြည်သူ့ ဘဏ္ဍာတွေကို စီမံကိန်းချပြီး အများအပြားတောင်းခံတာ၊ ပြည်သူတွေ လိုအပ်နေတာတွေကို ကိုယ့်ပါတီ ကိုယ်အစိုးရကပဲ လုပ်ပေးနေ သယောင်ထင်အောင် လုပ်တာတွေဟာ တခြားနိုင်ငံတွေက အာဏာရ အစိုးရတွေလည်း ရွေးကောက်ပွဲနှစ်တွေမှာ လုပ်ဆောင်တတ်တဲ့ဓလေ့ပါ။ ဒါပေမဲ့ မြန်မာနိုင်ငံလို ထွန်းသစ်စနိုင်ငံ၊ ကုန်စျေးနှုန်းကြီးမြင့်တဲ့နိုင်ငံ၊ ငွေကြေးဖောင်းပွမှုမြင့်မားတဲ့နိုင်ငံ၊ ကျပ်ငွေတန်ဖိုးကျဆင်းနေတဲ့နိုင်ငံ၊ အဂတိလိုက်စားမှု အလွန်ဆိုးရွားနေဆဲနိုင်ငံ၊ တင်ဒါစီမံကိန်းတွေမှာ လက်သင့်ရာ စားတော်ခေါ်ပြီး ရှယ်ယာစား၊ လာဘ်စားတဲ့ နိုင်ငံ၊ စီမံကိန်းတွေတင်ပြပြီး ဘတ်ဂျက်တွေ အလွန်အကျွံတောင်းခံမကုန်မှ ပြန်အပ်တဲ့ နိုင်ငံမျိုးမှာ ရွေးကောက်ပွဲနှစ်အတွက် စံချိန်တင်ငွေတွေတောင်းခံတာကတော့ တိုင်းပြည်ကို ဆိုးကျိုးဖြစ်စေဖို့ကလွဲရင် အခြားမရှိပါဘူး။

ဒီလိုမျိုး အခြားမရှိပေမဲ့လည်း မြန်မာနိုင်ငံမှာတော့ ဘတ်ဂျက်တွေကို စီမံကိန်းတွေ တကယ်မလုပ်နိုင် ဘဲ အများအပြားကို တောင်းခံနေဆဲဖြစ်သလို ထပ်မံတောင်းခံတဲ့ ဖြည့်စွက်ခွင့်ပြုငွေတွေကိုလည်း တကယ် မသုံးနိုင်တာကြောင့် ပြန်အပ်နေရသလို တချို့ဘဏ္ဍာနှစ်တွေမှာဆိုရင် တောင်းထားတဲ့ ဖြည့်စွက်ခွင့်ပြုငွေထက်တောင်ကျော်လွန်ပြီး ပြန်အပ်နေရတဲ့အခြေအနေပါ။ ဝန်ကြီးဌာနတွေဟာ တကယ်လုပ်ဆောင်နိုင်စွမ်းမရှိဘဲ မဲရဖို့အတွက် စီမံကိန်းချနေတာမျိုးဟာ တိုင်းပြည်အတွက် ဆိုးကျိုးတွေပဲရှိပေမဲ့  ရွေးကောက်ပွဲ ကျင်းပဖို့ရှိတဲ့ လာမယ့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာဆိုရင် ဘဏ္ဍာ နှစ် ၁၀ နှစ်အတွင်း ပြည်သူ့ဘဏ္ဍာတွေကို အစိုးရက စံချိန်တင်အများဆုံး သုံးစွဲပြတော့မှာဖြစ်ပြီး ဘတ် ဂျက်လိုငွေကလည်း ဘဏ္ဍာနှစ် ၁၀ နှစ်အတွင်း အများဆုံးအဖြစ် ကျပ် ၇၀၂၇ ဘီလျံ ရှိလာခဲ့ပြီဖြစ်ပါတယ်။

(၂)

ဦးသိန်းစိန်အစိုးရလက်ထက် ‘ဆီးသီး ဗန်းမှောက်’ဘတ်ဂျက်လို့ တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ ပြည်သူ့ ဘဏ္ဍာ ခွဲဝေသုံးစွဲမှုတွေကို  မလျော်မကန်လုပ်ဆောင်မှုတွေဟာ NLD အစိုးရလက်ထက်မှာ ပြင်ဆင်နိုင်ခဲ့ပြီလားလို့ မေးမယ်ဆိုရင် အားနည်းချက် အများအပြားရှိနေဆဲပါ။ ဒီလို အားနည်းချက်တွေကို ပြင်ဆင်နိုင်မှုကတော့ မရှိသလောက်ဖြစ်နေ ဆဲဆိုတာ လက်ရှိကျင်းပနေတဲ့ လွှတ်တော်သက်တမ်းအတွင်းမှာပဲ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အတွင်းရေးမှူးဦးမောင်တိုး ဝေဖန်ခဲ့တဲ့ အသုံးစရိတ် ဘတ်ဂျက်တွေကို ဘူဖေးစားသလိုမျိုး ကြိုတင်ဦးယူနေပြီး အသုံးမပြုနိုင်လို့ပိုနေမှ ပြန်အပ်နေလို့ ပြည်သူ့အတွက် အမှန်တကယ်လိုအပ်တာတွေကို အသုံးမပြုနိုင်တဲ့အခြေအနေမျိုး ဖြစ်နေသလို လက်ရှိအခြေအနေမှာလည်း ဘူဖေးစားသလို ဘတ်ဂျက် ဦးထားဖို့ ဖြည့်စွက်ခွင့်ပြုငွေထပ်တိုး ဘတ်ဂျက်တွေကို တောင်းခံလာတာ ကြုံနေရပြန်ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဘူဖေးဆိုတာ စတင်ပြီး ခေတ်စားချိန်မှာ လောဘတက်ပြီး မကုန်နိုင် မခန်းနိုင်ယူထား၊ တကယ်တမ်းမှာ မစားနိုင် မသောက်နိုင်လို့ မကုန်ဘဲ ပန်းကန်ထဲမှာအ များကြီးကျန်ခဲ့ပြီး သွန်ပစ်ရတာ ကြောင့် အဲဒီလို လောဘတကြီး လက်ဦးမှုရယူသူတွေဟာ ကဲ့ရဲ့ခံရ၊ အဆင့်အတန်းနိမ့်သူအဖြစ် မေးငေါ့ခံရပါတယ်။ ဒါတောင် သူဟာ ဘူဖေးစားဖို့အတွက် သာမန်ထမင်း တစ်နပ်ထက်ပိုတဲ့ ကိုယ်ပိုင်ငွေကြေးကို အဖိုးစားနားအဖြစ် ပေးချေရပါသေးတယ်။ ဒါပေမဲ့ ပြည်သူ့တွေရဲ့ ချွေးနှဲစာဖြစ်တဲ့ ပြည်သူ့ဘဏ္ဍာအခွန်အခတွေကို တကယ်သုံးစွဲနိုင်မှုမရှိဘဲနဲ့ ငါ့ လက်ထဲမှာငွေရှိနေရင်ပြီးရော။ မသုံးနိုင်ရင်လည်း တောင်းထားလိုက်မယ်။ မကုန်တော့မှ ပြန်အပ်လိုက်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးဟာ စိတ်ပျက်စရာ အခြေအနေပါ။

USDP နဲ့ NLD အစိုးရလက် ထက်ဖြည့်စွက်ဘတ်ဂျက်တောင်းခံမှုတွေကို လေ့လာလိုက်မယ်ဆိုရင် နှစ်ကုန်ခါနီးမှ တောင်းခံလာတဲ့ ထပ်တိုးဘတ်ဂျက်တွေဟာ တကယ်မသုံးနိုင်တဲ့အပြင် တောင်းထားတဲ့ ဖြည့်စွက်ငွေတွေထက်ကို ပိုပြီးတော့ ဘဏ္ဍာနှစ်ကုန်တိုင်း ပြန်လည်အပ်နှံနေတဲ့ အခြေအနေတွေကို မြင်တွေ့ နေရပါတယ်။

ကိုယ်ပိုင်ငွေမဟုတ်တိုင်း ကျပ်ဘီလျံ ထောင်နဲ့ချီပြီး ဖြည့်စွက်ခွင့်ပြုငွေတွေ ရယူထားပြီး တကယ်တမ်း မှာ မသုံးနိုင်ချိန်မှာ ဘယ်လိုအခြေအနေမျိုးကို ကြုံနေရသလဲဆိုရင် NLD အစိုးရလက်ထက်မှာ စံချိန် တင် မြင့်တက်လာတဲ့ ဘတ်ဂျက်လိုငွေဆိုတဲ့ အခြေအနေ၊ အမြဲတမ်း မြင့်တက်နေတဲ့ ကုန်စျေးနှုန်း၊ ငွေဖောင်းပွမှုလျော့ကျလာတယ်လို့ ကြွေးကြော်နေပေမယ့် အမှန်တကယ်မှာတော့ လုပ်ငန်းရှင်တွေ မျှော်လင့်နေတဲ့ ဘဏ်တိုးနှုန်းတွေ လျှော့ချဖို့ မစွမ်းဆောင်နိုင်တာ၊ စံချိန်တင်ကျဆင်းခဲ့တဲ့ မြန်မာကျပ်ငွေတန်ဖိုးဆိုတဲ့ အခြေအနေမျိုး တွေကိုပဲ ဆက်ပြီးရင်ဆိုင်ရသလို တစ်ဖက်မှာလည်း ပွင့်လင်းမြင်သာမှုမရှိတဲ့ တင်ဒါစီမံကိန်းကြီးတွေနဲ့ စိစစ်နိုင်မှု အားနည်းတာကြောင့် လေလွင့်နေရတဲ့ နိုင်ငံ့ဘဏ္ဍာဆိုတဲ့ အခြေအနေတွေကိုပဲ ကြုံနေရတာပါ။ ဒီလိုမျိုး အခြေအနေဆိုးတွေကို ကျော်ဖြတ်နိုင်မှုမရှိဘဲနဲ့ ရွေးကောက်ပွဲရှိလာတဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကျပ် ဘီလျံ ၃၂၃၄၀ သုံးဖို့အထိ လျာထားတာကို တွေ့ရပါတယ်။ ဒီလိုမျိုး အများအပြားသုံးစွဲဖို့ လျာထားတာဟာ ဘယ်လောက်အထိ များလာလဲတွေးကြည့်မယ်ဆိုရင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရှေ့ပြေးအမှန်သုံးစွဲမှုထက် ကျပ် ၁၂၁၆၃ ဘီလျံပိုများတဲ့ ပမာဏ ဖြစ်ပြီး လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ထက်ကျပ် ၅၁၈၀ ဘီလျံ ပိုများတဲ့ပမာဏဖြစ်ပါတယ်။

အဲဒီလိုမျိုး အများအပြား တောင်းခံခဲ့တဲ့အတွက်ကြောင့်လည်း ကနဦးမှာ လိုငွေက ကျပ် ၇၀၂၇ ဘီလျံအထိ ဖြစ်လာခဲ့တာ ဖြစ်သလို ဒီလိုမျိုး သုံးစွဲမှုဟာ ရွေးကောက်ပွဲအတွက် မျှော်မှန်းတယ် ဆိုတာမျိုး မပြောပေမဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဦးစားပေး အသုံးစရိတ် ခွဲဝေထားတဲ့ ကဏ္ဍတွေကို လေ့လာကြည့်မယ်ဆိုရင် လျှပ်စစ်နဲ့စွမ်းအင်၊  ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး၊ လမ်း၊ တံတား ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနဲ့ လူမှုကာကွယ်စောင့်ရှောက်ရေး ကဏ္ဍတွေကို ဦးစားပေးလျာထားခဲ့ပြီး အဲဒီကဏ္ဍတွေဟာ ပြည်သူတွေ မဲပေးချင်အောင် လုပ်ဆောင်ပြနိုင်တဲ့ စီမံကိန်းကဏ္ဍတွေလို့လည်း ပြောလို့ရနိုင်တဲ့အခြေအနေပါ။

ရွေးကောက်ပွဲရှိလာတဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကျပ် ဘီလျံ ၃၂၃၄၀ သုံးဖို့အထိ လျာထားတာကို တွေ့ရပါတယ်။ ဒီလိုမျိုး အများအပြားသုံးစွဲဖို့ လျာထားတာဟာ ဘယ်လောက်အထိ များလာလဲတွေးကြည့်မယ်ဆိုရင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရှေ့ပြေးအမှန်သုံးစွဲမှုထက် ကျပ် ၁၂၁၆၃ ဘီလျံပိုများတဲ့ ပမာဏ ဖြစ်ပြီး လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ထက်ကျပ် ၅၁၈၀ ဘီလျံ ပိုများတဲ့ပမာဏဖြစ်ပါတယ်။ အဲဒီလိုမျိုး အများအပြား တောင်းခံခဲ့တဲ့အတွက်ကြောင့်လည်း . . . .

(၃)

‘‘ဆီးသီးဗန်းမှောက် ဘတ်ဂျက်’ ဆိုပြီး နာမည်ကျော်ခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ကနဦး တောင်းခံမှုတွေအရ ဘတ်ဂျက်လိုငွေဟာ ကျပ်ဘီလျံ ၁၃၀၀၀ လောက် ရှိပါတယ်။ ဒါပေမဲ့ အမှန်စာရင်း၊ ရှေ့ပြေး အမှန်စာရင်းနဲ့ ပြုပြင်ပြီး ခန့်မှန်းခြေမှာတော့ ကျပ်  ၈၀၂၈ ဘီလျံပဲ ရှိပါတယ်။

ဒီလိုမျိုး ဘတ်ဂျက်လိုငွေ ပမာဏဟာ ကနဦးတောင်းခံငွေနဲ့ အမှန်စာရင်း ကွာဟမှု လေ့လာမယ် ဆိုရင် ဖြည့်စွက်ခွင့်ပြုငွေတွေကို တကယ်မသုံးစွဲနိုင်ဘဲ တောင်းခံခဲ့တာက သက်သေဖြစ်နေတယ်ဆို တာ တောင်းခံထားတဲ့ ငွေကြေးတွေက သက်သေပြပါတယ်။

ဥပမာပြောရမယ်ဆိုရင် ဦးသိန်းစိန် အစိုးရငါးနှစ်သက်တမ်း မှာ ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ကျပ် ၉၃၇၁ ဘီလျံအထိ ရှိခဲ့တာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဘဏ္ဍာနှစ်ကုန်ချိန်မှာ ပြန်လည်အပ်နှံတဲ့ ငွေပေါင်းဟာ  ကျပ် ၁၂၈၇၂ ဘီလျံအထိရှိခဲ့ပါတယ်။ အဲဒီလို ပြန်လည်အပ်နှံငွေ ကျပ် ၁၂၈၇၂ ဘီလျံ ကနေ ပြန်ပြီးတော့ လွှဲပြောင်းသုံးငွေအဖြစ် ခွင့်ပြုခဲ့တာက ကျပ် ၂၉၅၈ ဘီလျံ ဖြစ်ပြီး အသားတင် အပ်နှံငွေကတော့ ၉၉၁၄ ဘီလျံ အထိ ရှိခဲ့တာ ကို တွေ့ရပါတယ်။

ဖြည့်စွက်ခွင့်ပြုပါဆိုပြီး တောင်းခံခဲ့တဲ့ ငွေတွေကို သုံးနိုင်ဖို့ဝေးစွ ကနဦးမှာ အမှန်တကယ်သုံးစွဲ ပါ့မယ်ဆိုပြီး တောင်းခံထားတဲ့ ဘတ်ဂျက်တွေကိုတောင် ကုန်အောင်သုံးစွဲနိုင်မှုမရှိလို့ ထပ်တောင်းထားတဲ့ ငွေထက်တောင် ဘီလျံရာထောင်ချီပိုလျှံပြီး ပြန်အပ်ခဲ့ရတဲ့ ဖြစ်စဉ်တွေရဲ့ နောက်ဆက်တွဲဆိုးကျိုးက ဦးသိန်းစိန်အစိုးရဟာ ဘတ်ဂျက်တွေကို မဆင်မခြင်သုံးခဲ့တယ်ဆိုတဲ့ မှတ်ချက်ကလွဲရင် တခြားမရှိတဲ့ အခြေအနေတွေကိုပဲ ဖြစ်ပေါ်စေခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်ပြီးရင် ချွေတာရမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ဘတ်ဂျက်ပွင့်လင်း မြင် သာမှုရှိအောင် ဆောင်ရွက်မယ်ဆိုတဲ့ NLD အစိုးရလက်ထက် ဘတ်ဂျက်တောင်းခံမှုတွေကို ပြန်လည် လေ့လာကြည့်ဖို့လိုပါမယ်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကနေစပြီး ၂၀၁၈ ကာလတိုခြောက်လ ဘဏ္ဍာနှစ်အပါအဝင် ဘဏ္ဍာနှစ် လေးနှစ်အတွက် ပြည်သူ့ဘဏ္ဍာငွေတွေကို NLD အစိုးရက တောင်းခံ သုံးစွဲလာနေတာဟာ မူလခန့်မှန်းခြေနဲ့ ဖြည့်စွက်ခွင့်ပြုငွေ စာရင်းအရ ကျပ် ၂၀၉၀၄ ဘီလျံအထိ ရှိ နေပါတယ်။ ဒီပမာဏဟာ ဦးသိန်း စိန်အစိုးရလက်ထက် သက်တမ်းငါးနှစ်ထက် ဘီလျံထောင်ပေါင်းများစွာ ပိုများနေတဲ့ ဘတ်ဂျက်တောင်းခံမှုလည်း ဖြစ်ပါတယ်။ ဒီလိုဘတ်ဂျက်များစွာ တောင်းခံလာပေမယ့် လက်ရှိအစိုးရလက်ထက်မှာ ပြည်သူတွေ၊ လုပ်ငန်းတွေ ကျပ်တည်းလာနေတာဟာ ပြန်လည် သုံး သပ်သင့်တဲ့ သုံးစွဲမှုလို့ ညွှန်းဆိုနေပါတယ်။

NLD အစိုးရဟာ ဘဏ္ဍာနှစ်လေးနှစ်အတွင်းမှာ ကျပ် ၂၀၉၀၄ ဘီလျံ သုံးစွဲခဲ့သလိုမျိုး ဖြည့်စွက်ခွင့် ပြုငွေကိုလည်း ထပ်တောင်းခွင့်မပြုခဲ့တဲ့ ၂၀၁၈ ဘဏ္ဍာနှစ်တိုခြောက်လတာကာလကလွဲရင် ကျပ် ၆၃၉၃ ဘီ လျံရှိနေပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ကျပ် ၁၂၈၄ ဘီလျံနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ကျပ် ၂၄၇၄ ဘီလျံ တောင်းခံခဲ့တာ တွေ့ရပါတယ်။ ဒီနှစ်နှစ်ပဲ ကြည့်မယ်ဆိုရင် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခဲ့တဲ့ငွေက ကျပ်  ၃၇၅၈ ဘီလျံပါ။

ဒီဘဏ္ဍာနှစ်နှစ်နှစ်မှာ ကျပ် ၃၇၅၈ ဘီလျံကို ဖြည့်စွက်ခွင့်ပြုငွေအဖြစ် တောင်းခံခဲ့ပေမယ့် ဘဏ္ဍာ နှစ်ကုန်ချိန်မှာ ပိုငွေတွေပြန်အပ်တော့ ကျပ် ၄၂၆၅ ဘီလျံအထိ ပြန်အပ်ခဲ့ပြီး ထပ်မံတောင်းခံတဲ့ ဖြည့် စွက်ဘတ်ဂျက်ထက် ကျပ် ၅၀၇ ဘီလျံတောင် ပြန်လည်အပ်နှံခဲ့တာ တွေ့ရပါတယ်။ ကျပ် ၄၂၆၅ ဘီလျံအထိ ပြန်လည်အပ်နှံရာမှာဆိုရင် စာရင်းလွှဲပြောင်းသုံးငွေက ကျပ် ဘီလျံ ၃၁၀ ပဲရှိလို့ အသားတင်အပ်နှံငွေဟာ ဖြည့်စွက်တောင်းခံ ငွေထက်တောင် ၁၉၇ ဘီလျံပိုလျှံနေတာကို တွေ့ရပါတယ်။

ဘဏ္ဍာနှစ်အလိုက် NLD အစိုးရက ထပ်တိုးဘတ်ဂျက်တောင်းခံခဲ့တာနဲ့ ပြန်အပ်တာကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ကျပ် ၁၂၈၄ ဘီ လျံတောင်းခံခဲ့ရာမှာ ပြန်အပ်ငွေက မူရင်းတောင်းခံမှုထက် ကျပ် ၄၆၇ ဘီလျံများတဲ့ ကျပ် ၁၇၅၁ ဘီလျံအထိ ပြန်အပ်ခဲ့တာကို တွေ့ရပါတယ်။၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ကျပ် ၂၄၇၄ ဘီလျံ တောင်းခံခဲ့ ရာမှာလည်း ပြန်အပ်ငွေက ဖြည့်စွက်တောင်းခံငွေထက် ကျပ်ဘီလျံ ၄၀ ပိုများတဲ့ ကျပ် ၂၅၁၄ ဘီလျံ အထိ ရှိနေတာကို တွေ့ရပါတယ်။

ဘတ်ဂျက်တွေကို ဘူဖေးစားသလိုမျိုး ဦးထားပြီး မကုန်မှ ပြန်အပ်တယ်ဆိုရာမှာ ဘတ်ဂျက်တွေ ပိုတင်လိုက်၊ ဖြတ်ချမှာနဲ့အတော်ပဲဆိုတဲ့ စိတ်မျိုးနဲ့ တောင်းခံလာတဲ့သူတွေအပြင် ဒီလိုဘတ်ဂျက်တွေကို စိစစ်ဖြတ်ချနိုင်မှုအားနည်းတဲ့ လွှတ်တော်မှာလည်း တာဝန်ရှိပါတယ်။ ဖြည့်စွက်ဘတ်ဂျက်တွေ ကျပ်ဘီလျံ ထောင်ပေါင်းများစွာ တင်ပြလာရင် ဘီလျံ ရာဂဏန်းလောက်ကိုတောင် ဆန်းစစ်၊ စိစစ်ဖြတ်တောက်နိုင်စွမ်း အားနည်းတယ်လို့ဆိုနိုင်တဲ့ လွှတ်တော်ဟာ အမြဲတမ်းလို ပူးပေါင်း အဖွဲ့တွေ ဖွဲ့စည်းဖြတ်တောက်နေတယ်ဆိုပေမဲ့ ဘီလျံထောင်ပေါင်းများစွာ သုံးမကုန်လို့ ပြန်အပ်နေတယ်ဆိုတဲ့ အခြေအနေဟာ လွှတ်တော်ဘက်က စိစစ်ဖြတ်တောက်နိုင်စွမ်း အားနည်းနေတယ်ဆိုတာ ပေါ်လွင်ပြီး လက်ရှိမှာလည်း ကျပ် ၂၆၃၅ ဘီလျံအထိ တောင်းခံလာပေမဲ့ တကယ်တမ်းမှာ ဖြတ်ချပါလို့ စိစစ်တင်ပြနိုင်တာက ၂၇ ဒသမ ၆၈ ဘီလျံပဲ ရှိပါတယ်။ အချိန်လေးလပဲ ကျန်တော့ချိန်မှာ ဖြည့်စွက် ဘတ်ဂျက်တွေ သုံးမကုန်ဘဲ အမြဲလို ပြန် အပ်နေချိန်မှာ ဘီလျံရာဂဏန်းကိုတောင် စိစစ်ဖြတ်တောက်နိုင်စွမ်း မရှိတဲ့အခြေအနေဟာ ဘတ်ဂျက် ဘူဖေးကို ပြင်ဆင်တည့်မတ်ပေးနိုင်မှုမရှိတဲ့ အခြေအနေလို့ပဲ မြင်စရာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာလည်း ကနဦးလျာထားတဲ့ ဘတ်ဂျက်  ၇၀၂၇ ဘီလျံအပေါ် လွှတ်တော်က ဘယ်လိုများ စိစစ်ပြီးဘယ်လိုပုံစံဖြတ်တောက်မလဲဆိုတာ မသိရပေမဲ့ ရှေ့ ဘဏ္ဍာနှစ်တွေ ပုံစံအတိုင်းပဲဆိုရင် တော့ဘီလျံရာဂဏန်းအနည်းငယ်ပဲ ဖြတ်တောက်နိုင်စရာရှိတဲ့ အခြေအနေလို့ပဲ သုံးသပ်ရမှာဖြစ်ပြီး ဒါဟာ ကိုယ့်အစိုးရ၊ ကိုယ့်လွှတ်တော်ဖြစ်လာအောင် မဲပေးခဲ့မှုတွေ ရဲ့ နောက်ဆက်တွဲဆိုးကျိုးလို့ပဲ သုံးသပ်ရတော့မှာပါ။

ဘဏ္ဍာနှစ်အလိုက် NLD အစိုးရက ထပ်တိုးဘတ်ဂျက် တောင်းခံခဲ့တာနဲ့ ပြန်အပ်တာကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွက် ကျပ် ၁၂၈၄ ဘီလျံတောင်းခံခဲ့ရာမှာ ပြန်အပ်ငွေက မူရင်းတောင်းခံမှုထက် ကျပ် ၄၆၇ ဘီလျံများတဲ့ ကျပ် ၁၇၅၁ ဘီလျံ အထိ ပြန်အပ်ခဲ့တာကို တွေ့ရပါတယ်။၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ကျပ် ၂၄၇၄ ဘီလျံ တောင်းခံခဲ့ရာမှာလည်း ပြန်အပ်ငွေက ဖြည့်စွက်တောင်းခံငွေထက် ကျပ်ဘီလျံ ၄၀ ပိုများတဲ့ ကျပ် ၂၅၁၄ ဘီလျံအထိ ရှိနေတာကို . . .

၄။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ရဲ့ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံလာမှုဟာ ကျပ် ၂၆၃၅ ဘီလျံဖြစ်ပြီး ဦးသိန်းစိန်လက်ထက်ကနေ လက်ရှိကာလအထိ ဘဏ္ဍာနှစ်ကိုးခုအတွင်းမှာ အများဆုံးတောင်းခံလာမှုပါ။ ဒါပေမဲ့ ဒီလိုတောင်းခံလာမှုဟာ စံချိန်ကျိုးဖို့မဖြစ်နိုင်ဘဲ ပိုပြီးတော့ တောင်းခံလာနိုင်တဲ့ ဘဏ္ဍာနှစ်က အထွေထွေရွေးကောက်ပွဲ ရှိ နေတဲ့ ၂၀၂၀ ပြည့်နှစ်ဘတ်ဂျက်မှာပဲ ဖြစ်နိုင်ပြီး ဦးသိန်းစိန်လက်ထက်မှာ လည်း ရွေးကောက်ပွဲရှိတဲ့ ၂၀၁၅ ဟာ ဖြည့်စွက်ဘတ်ဂျက်အများဆုံး တောင်းခဲ့တဲ့နှစ်ပါ။

လက်ရှိဘဏ္ဍာနှစ်ရဲ့ ဖြည့်စွက် ဘတ်ဂျက်တောင်းခံလာမှုကို လေ့လာမယ်ဆိုရင် သာမန်သုံးငွေက ကျပ် ၁၁၆၈ ဘီလျံကျော်ပါ။ ငွေလုံး ငွေရင်းသုံးငွေ ကျပ် ၅၂၉ ဘီလျံ ကျော်၊ ကြွေးမြီ ကျပ် ၂၂၈ ဘီလျံ ကျော်နဲ့ လုပ်ငန်းသုံးရင်းနှီးငွေဆိုပြီး တောင်းခံထားမှုက ကျပ် ၇၀၉ ဘီလျံ အထိ ပါဝင်နေတာကို တွေ့ရပါ တယ်။ ဒါဟာ ပြည်ထောင်စုအဆင့်က စုစုပေါင်းတောင်းခံလာမှုပဲ ဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ထောက်ပ့ံဖို့ တောင်းခံထားတဲ့ ကျပ် ၇၈ ဒသမ ၉၅၄ ဘီလျံနဲ့ပေါင်းမယ်ဆိုရင် ဖြည့်စွက်ခွင့်ပြုငွေ ပမာဏဟာ ကျပ် ၂၇၁၄ ဒသမ ၁၅၁ ဘီလျံအထိ ရှိသွားမှာပါ။

ပိုပြီး အ့ံသြစရာကောင်းတာ က လက်ရှိဖြည့်စွက်ခွင့်ပြုငွေတောင်းခံတဲ့အထဲမှာ အများဆုံး တောင်းခံလာတာက ကိုယ်ပိုင်ရန်ပုံငွေတွေနဲ့ လုပ်ငန်းလည်ပတ်နေတယ်ဆိုတဲ့ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းတွေ ဖြစ်နေပါတယ်။ ဘဏ္ဍာရန်ပုံငွေအတွင်းနဲ့ ပြင်ပက နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အ စည်းတွေဟာ ဖြည့်စွက်ခွင့်ပြုငွေကို မူလခွင့်ပြုငွေရဲ့ ၃၆ ဒသမ ၆၅ ရာခိုင်နှုန်းအထိကို တောင်းခံထားပြီး ကျပ် ၁၄၃၄ ဘီလျံကျော်အထိ တောင်းခံထားတာကို တွေ့ရပါ တယ်။ မူလခွင့်ပြုငွေရဲ့ ၂၁ ဒသမ ၆၄ ရာခိုင်နှုန်းကျော်အထိ ငွေတောင်းခံထားတာကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဖြစ်ပြီး ကျပ် ၁၁၀ ဒသမ ၃၀၁ ဘီလျံ တောင်းခံထားတာကို တွေ့ရပါတယ်။ ဘဏ္ဍာနှစ်တိုင်းလိုလိုမှာ ပိုငွေပြ အမြတ်ရနေတဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ ကျပ်ဘီလျံ ၁၁၀ ကျော် ထပ်မံ တောင်းခံထားတာဟာ ဗိုလ်ချုပ်ပုံ ငွေစက္ကူတွေ ရိုက်ထုတ်ဖို့အတွက် များ တောင်းခံလာသလား တွေးစရာရှိလာပါတယ်။

ဝန်ကြီးဌာနတွေကို ကြည့်မယ်ဆိုရင်လည်း မူလခွင့်ပြုချက်ပါ သုံးငွေရဲ့ ၁၀ ရာခိုင်နှုန်းအထက် တောင်းခံလာတဲ့ဝန်ကြီးဌာန ခြောက်ခုအထိ ရှိနေပြီး အဲဒီဌာနတွေက နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်၊ စီမံ/ဘဏ္ဍာ၊ လူ/ကယ်/ပြန်နဲ့ ဟို တယ်/ခရီးဝန်ကြီးဌာနတွေပါ။ နဂိုကတည်းကမှ ဘတ်ဂျက်လိုငွေနဲ့ ဂျီဒီပီအချိုးဟာ ငါးရာခိုင်နှုန်းထက် များနေပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက်လိုငွေနဲ့ ဂျီဒီပီအချိုးက Accounting Method အရ ၅ ဒသမ ၀၃ ရာခိုင်နှုန်းနဲ့ Analytical Method အရ ၆ ဒသမ ၂၇ ရာခိုင် နှုန်းရှိနေချိန်မှာ မူလခန့်မှန်းခြေရဲ့ ၁၀ ဒသမ ၇ ရာခိုင်နှုန်းအထိရှိနေတဲ့ ဖြည့်စွက်ခွင့်ပြုငွေဟာ လိုငွေနဲ့ ဂျီဒီပီ အချိုးကို ပိုပြီးတော့ပဲ ဆိုးရွားစေမှာ ဖြစ်ပါတယ်။         

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ဘီလျံ ၇၅၀၀ လောက် လိုငွေ ဖြစ်နေရာကနေ လာမယ့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ရဲ့ ဘတ်ဂျက်လိုငွေနဲ့ ဂျီဒီပီအချိုးကို ပြန်ကြည့်မယ်ဆိုရင်  မကျော်သင့်ဘူး သတ်မှတ်ထားတဲ့ ငါးရာခိုင်နှုန်းထက်များနေပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက်လိုငွေနဲ့ ဂျီဒီပီအချိုးက Accounting Method အရ ၅ ဒသမ ၉၀ ရာခိုင်နှုန်းနဲ့ Analytical Method အရ ၇ ဒသမ ၂၈ ရာခိုင် နှုန်းအထိ မြင့်တက်နေတာကိုလည်း တွေ့ရပါတယ်။ ဒီပမာဏဟာ ရွေး ကောက်ပွဲနီးလာချိန်မှာ ထပ်တောင်းဦးမယ့် ဖြည့်စွက်ခွင့်ပြုငွေ မပါသေးတဲ့အခြေအနေ ဖြစ်နေပြီး ဖြည့် စွက်ခွင့်ပြုငွေသာ တောင်းခံလာဦးမယ်ဆိုရင် ဦးသိန်းစိန် ငါးနှစ်သုံးခဲ့တဲ့  လိုငွေပမာဏကို NLD အစိုးရ က ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တစ်နှစ်တည်းနဲ့ ကျော်ဖြတ်သွားတော့မယ့် အခြေအနေဖြစ်ပါတယ် ။ ဒီလိုမျိုးအခြေအနေတွေနဲ့ ၂၀၂၀ ဘတ် ဂျက်ဟာ မကြာခင်ရက်ပိုင်းအတွင်း လွှတ်တော်မှာ ဆွေးနွေးတော့မှာလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲ နီးလာတိုင်း စံချိန်တင်တောင်းခံတတ်တဲ့ ဘတ်ဂျက်၊ ဆီးသီးဗန်းမှောက်ဘတ်ဂျက်ကို ပြင်ဆင်နိုင်မှု မရှိတဲ့ အပြင်ဘတ်ဂျက်ဘူဖေး အဖြစ်ပါ ထပ်ပြီးပုံနှိုင်းခံရတဲ့ အခြေအနေနဲ့ ကျပ်တည်းနေတဲ့ တိုင်းပြည်မှာ ကျပ်ငွေတန်ဖိုးကျဆင်းမှု၊ ကုန်စျေးနှုန်းမြင့်တက်မှု၊ ငွေကြေးဖောင်းပွမှု မြင့်တက်နေတဲ့ အခြေအနေမှာ ဘတ်ဂျက်အများ အပြားတောင်းခံပြီး ကုန်အောင် မသုံးနိုင်ဘဲ ပြန်အပ်နေရတဲ့အခြေ အနေအသေးစိတ်ကိုသိနေတဲ့ ပြည်ထောင်စုလွှတ်တော်အနေနဲ့ ရွေး ကောက်ပွဲနှစ်ကျမှ စံချိန်တင်သုံးမယ့် ဘတ်ဂျက်ကို ဘယ်လို စိစစ် ဖြတ်တောက်ပြီး ပြည်သူ့ဘက်က ရပ်တည်ကြမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

Most Read

Most Recent