တပ်မတော်သဘောထား မပါသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဘယ်လောက်အောင်မြင်မလဲ

တပ်မတော်သဘောထား မပါသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဘယ်လောက်အောင်မြင်မလဲ
ဇူလိုင် ၁၅ ရက်က ပြည်ထောင်စုလွှတ်တော်ကျင်းပစဉ်
ဇူလိုင် ၁၅ ရက်က ပြည်ထောင်စုလွှတ်တော်ကျင်းပစဉ်
Published 21 July 2019
စိုးမင်းထိုက်

ဆယ်စုနှစ်တစ်ခုသက်တမ်းရှိ လာပြီဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပ ဒေ (၂၀၀၈) အား လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးက ဆွေးနွေးအကြံပြုခဲ့သည့် ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ဇူလိုင် ၁၅ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ကော်မတီ၏ အစီရင်ခံစာတွင် တပ်မတော်သဘောထား မပါသည့်အတွက် မည်မျှအတိုင်းအတာအထိ အောင်မြင်မလဲ ဆိုသည်ကို လွှတ်တော်တွင်း ဆွေးနွေးအတည်ပြုခြင်းများ ဆောင်ရွက်ရာ၌ မြင်တွေ့ရတော့မည်ဖြစ်သည်။

အကြံပြုချက် ၃၀၀၀ ကျော်

ကော်မတီ၏ အစီရင်ခံစာတွင် ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ပြီဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပြဋ္ဌာန်းချက်များအပေါ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အကြံပြုချက်ပေါင်း ၃၇၆၅ ချက် ပါဝင်သည်။

လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် အဆိုပါ ပူးပေါင်းကော်မတီကို NLD ပါတီက အရေးကြီးအဆို တင်သွင်းမှုဖြင့် ဖွဲ့စည်းခဲ့သော်လည်း အကြံပြုချက် အများစုကို တိုင်းရင်းသားပါတီများက တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အစီရင်ခံစာတွင် နိုင်ငံရေးပါ တီ အစုအဖွဲ့အသီးသီးနှင့် တစ်သီး ပုဂ္ဂလကိုယ်စားလှယ်တို့က အကြံပြု ချက်များအနေဖြင့် အခန်း(၁)တွင် ၂၃၁ ချက်၊ အခန်း (၂) တွင် ၁၁၁ ချက်၊ အခန်း (၃) တွင် ၂၁၈ ချက်၊ အခန်း (၄) တွင် ၈၅၉ ချက်၊ အခန်း (၅) တွင် ၁၂၁၁ ချက်၊ အခန်း (၆)တွင် ၆၃၂ ချက်၊ အခန်း (၇) တွင် ၄၂  ချက်၊ အခန်း (၈) တွင် ၅၈ ချက်၊ အခန်း (၉) တွင် ၄၅ ချက်၊ အခန်း (၁၀) တွင် အချက် ၂၀ ၊ အခန်း (၁၁)တွင် ၁၂၈ ချက်၊ အခန်း (၁၂) တွင် ၂၇ ချက်၊ အခန်း (၁၃) တွင် ၁၃ ချက်၊ အခန်း (၁၄) တွင် ၁၀၂ ချက်၊ အခန်း (၁၅)တွင် ၆၈ ချက် ပါရှိသည်။

တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့၊ နိုင်ငံရေးပါတီများ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ ပါဝင်သည့် ၄၅ ဦးပါ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ဇူလိုင် ၁၅ ရက်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည်။

ကော်မတီ၏ အစီရင်ခံစာတွင် နိုင်ငံရေးပါတီများ၏ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ချက်များအဖြစ် အချက်ပေါင်း ၃၇၆၅ ချက် ပါဝင်ခဲ့သည်။

ထူးခြားချက်မှုအဖြစ် တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့၏ သီးခြားမှတ်ချက် သုံးချက်ကိုလည်း ပူးပေါင်းကော်မတီ အစီရင်ခံစာတွင် ထည့်သွင်းပြီး ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံတင်ပြခဲ့ခြင်း ဖြစ်သည်။

ဘယ်ပုဒ်မတွေ ပါဝင်သလဲ

အခန်း (၃)နိုင်ငံတော်အကြီးအကဲ ရွေးချယ်သည့်အခန်းတွင် သမ္မတအရည်အချင်း သတ်မှတ်ချက်အား ပြဋ္ဌာန်းထားသည့် ပုဒ်မ ၅၉ (စ)နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့က ပယ်ဖျက်ရန် အကြံပြုထားပြီး နိုင်ငံရေးပါတီသုံးခုက ပြင်ဆင်ချက်များ တင်သွင်းထားကြောင်း ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၂၀(ဂ)တွင် ပြဋ္ဌာန်းထားသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်ဆိုသည့် ပြဋ္ဌာန်းချက်ကိုမူ NLD ပါတီက ပယ်ဖျက်ရန် အကြံပြုထားသည်။

သို့သော် ရခိုင်အမျိုးသားပါတီက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော်၏ အကြီးအကဲဖြစ်သည် ဟူ၍လည်းကောင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီက နိုင်ငံတော်သမ္မတသည် လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏ အကြီးအကဲဖြစ်သည် ဟူ၍လည်းကောင်း ပြင်ဆင်သင့်သည်ဟု အကြံပြုထားသည်။

ထို့ပြင် တအာင်း (ပလောင်) အမျိုးသားပါတီက နိုင်ငံတော်သမ္မတသည် စစ်သေနာပတိချုပ်ဖြစ်သည် ဟူ၍လည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော်၏ အကြီးအကဲဖြစ်သည် ဟူ၍လည်းကောင်း၊ မွန်အမျိုးသား ပါတီကလည်း နိုင်ငံတော်သမ္မတသည် လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏ စစ်သေနာပတိချုပ်ဖြစ်သည် ဟူ၍လည်းကောင်း ပြင်ဆင်သင့်သည်ဟု အကြံပြုထားသည်ကို တွေ့ရသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး၏ အဓိက သော့ချက်ဖြစ်သည့် ပုဒ်မ ၄၃၆(က)နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်တင်မြှောက်ခံ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ သုံးပုံနှစ်ပုံကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြင်ဆင်ထားပြီး ရခိုင်အမျိုးသားပါတီကလည်း လွှတ်တော်နှစ်ရပ်ရှိ ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံလျှင် ပြင်ဆင်ရမည်ဟု ပြင်ဆင်ထားသည်။

နိုင်ငံရေးပါတီအချို့ကမူ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် သဘောတူမှ ပြင်ဆင်ရန်၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း သဘောတူပါက ပြင်ဆင်ရန်၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ သုံးပုံနှစ်ပုံက သဘောတူလျှင် ပြင်ဆင်ရန် အကြံပြုထားသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၃၆ (က) တွင် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် သဘောတူမှ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် ဖွဲ့စည်းပုံပြင်ဆင်မည် ဆိုပါက ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အားလုံးက ထောက်ခံရမည့်အပြင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ထောက်ခံမှသာ ပြင်ဆင်နိုင်မည်ဖြစ်သည်။

ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁) နိုင်ငံတော် အခြေခံမူများ အခန်း ပုဒ်မ ၁၄ ၌ ပြဋ္ဌာန်းထားသည့် လွှတ်တော်များတွင် တပ်မတော်သား ကိုယ်စားလှယ် အချိုးအစား ပါဝင်မှုနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ပြည်ထောင်စုလွှတ်တော် တတိယအကြိမ် သက်တမ်းတွင် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်း၊ စတုတ္ထအကြိမ် သက်တမ်းတွင် ၁၀ ရာခိုင်နှုန်း၊ ပဥ္စမအကြိမ်လွှတ်တော် သက်တမ်းတွင် ငါးရာခိုင်နှုန်းအဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်ဟု ပြင်ဆင်ရန် အကြံပြုထားသည်။

သို့သော် ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသားညီညွတ်သော ဒီမိုကရက် တစ်ပါတီတို့ကမူ ပယ်ဖျက်ရန် အကြံ ပြုထားသည်။ ထို့အတူ တအာင်း (ပလောင်)အမျိုးသားပါတီကလည်း နှစ်ကာလသတ်မှတ်ရန်ဟု အကြံပြုထားပြီး ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် ကမူ အခြေအနေနှင့်အချိန်အခါ အပေါ်မူတည်၍ နိုင်ငံရေးမှစွန့်ခွာရမည်ဟု အကြံပြုတင်ပြထားသည်။

နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလက ကိုယ်စားလှယ်များ၏ အထက်ပါ အကြံပြုချက်များအရ နိုင်ငံ ရေးကဏ္ဍတွင် တပ်မတော်ပါဝင်မှု လျှော့ချထားသည်ကို မြင်တွေ့နိုင် သည်။

သို့သော် အစီရင်ခံစာတွင် တပ်မတော်၏ သဘောထားမှတ် ချက်သုံးချက်အရလည်းကောင်း၊ အစီရင်ခံစာပါ အကြံပြုချက်များအပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ မှတ်ချက်ပြုမှုအရ လည်းကောင်း ဖွဲ့စည်းပုံပြင်ဆင်ရေး ခရီးလမ်းသည် အစ၌ပင် ခက်ခဲနိုင်သည်ဟု သုံးသပ်မှုများ ထွက်ပေါ်လာသည်။

အားပြိုင်ပွဲ

ဖွဲ့စည်းပုံ ဆောလျင်စွာပြင် ဆင်ရေးအတွက် လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းပေးရန် အရေးကြီး အဆိုကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့သည်။

ယင်းအဆိုနှင့် ပတ်သက်၍ တပ်မတော်သားကိုယ်စားလှယ်က ဥပဒေနှင့် မညီဟုဆိုကာ ကန့်ကွက်ခဲ့ပြီး ပူးပေါင်းကော်မတီ အစည်းအဝေး ၂၅ ကြိမ်တွင်လည်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့အနေဖြင့် သဘောထား မှတ်ချက်များ ပေးခဲ့ခြင်းမရှိခဲ့သော်လည်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ၌ တပ်မတော်သား အစုအဖွဲ့၏ သီးခြားသဘောထားမှတ်ချက် သုံးခုပါဝင်လာသည်ကို လွှတ်တော်သို့ တင်သွင်းသည့်အခါတွင် တွေ့ရှိခဲ့ရသည်။

ပူးပေါင်းကော်မတီ၏ အစီရင်ခံစာပါ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် ချက်များနှင့်ပတ်သက်၍ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က “ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးမှာလည်း ကျွန်တော်တို့ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့အနေနဲ့ သဘောထားမှတ်ချက် မပေးခဲ့ပါဘူး။ အစီရင်ခံစာ အပေါ် မှာလည်း ဆွေးနွေးဖို့ ဆိုတာကို မဆုံးဖြတ်ရသေးပါဘူး။ ပူးပေါင်းကော်မတီဖွဲ့ဖို့ လုပ်ကတည်းက ဥပဒေနဲ့ မညီဘူးဆိုပြီး ကန့်ကွက်ခဲ့တယ်။ အခုပြင်ဆင်မယ့် အချက်က ၃၇၆၅ ချက်ဆိုတာ နည်းတဲ့အချက်တွေ မဟုတ်ဘူး။ ဒါတွေကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘယ်လောက် အန္တရာယ် ရှိလာလဲဆိုတာ မြင်ရမှာပေါ့” ဟု ပြောကြားသည်။

ထို့သို့ ပြောကြားမှုနှင့် ပတ်သက်၍ NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က “အန္တရာယ်ရှိတယ် ဆိုတဲ့နေရာမှာ ကျွန်တော်တို့ဟာ ဘယ်တော့မှ ပြည်သူကို ဒုက္ခရောက်မယ့် နိုင်ငံရေးလှုပ်ရှားမှု မလုပ်ပါဘူး။ အဲဒီတော့ ပြည်သူတွေတော့ ဒုက္ခမရောက်အောင် ကျွန်တော်တို့ စဉ်းစားပြီးမှ လုပ်တယ်ဆိုတာ ပြောချင်တယ်။ အကယ်၍ တစ်စုံတစ်ရာ ကျွန်တော်တို့ ရင်ဆိုင်ရမယ်။ ခံစားရမယ်ဆိုလည်း ကျွန်တော်တို့ ပါတီဝင်တွေကပဲ ရှေ့တန်းကနေ ခံစားသွားမယ်ဆိုတာ ဒါကျွန်တော်တို့ရဲ့ မူပဲဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ မည်သည့် ဆန့်ကျင်မှု၊ ကန့်ကွက်မှုမျိုးကိုမဆို NLD ပါတီအနေဖြင့် ညှိနှိုင်းဆွေးနွေးရန် အမြဲတမ်း အဆင်သင့်ရှိကြောင်း၊ ညှိနှိုင်းဆွေးနွေးမည် ဆိုပါက အဖြေတစ်ခု ရယူနိုင်မည်ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် လွှတ်တော်အတွင်းမှာ တပ်မတော်ဟာ နားလည်မှုရှိရှိ ပူးပေါင်းမယ် ဆိုရင်တော့ ဒါဟာကျွန်တော်တို့ ဗမာတွေ ဆိုရိုးရှိတဲ့ သားရွှေအိုး ထမ်းလာတာပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ပြောချင်ပါတယ်” ဟု ၎င်းကဆိုသည်။

ဘယ်လိုသုံးသပ်ကြလဲ

လက်ရှိတွင် နိုင်ငံရေး အသိုင်းအဝိုင်းအကြား၌ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အစီရင်ခံစာပါ အကြံပြုချက်များ၏ ၀ိရောဓိ အခြေအနေများ၊ တပ် မတော်၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အခန်းကဏ္ဍတွင် တည်ရှိမှု အခြေအနေများကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပေါ် အမြင်အမျိုးမျိုးဖြင့် သုံးသပ်နေကြသည်။

“နိုင်ငံတော်ရဲ့ တကယ့်ပြည်သူတွေကလည်း လိုလားတောင့်တနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးကို တစ်လှမ်းချင်း၊ တစ်လှမ်းချင်း ရွေ့တဲ့နေရာမှာ အခုအခံအနည်းဆုံး၊ အဖြစ်နိုင်ဆုံးနဲ့ ညှိနှိုင်းလို့ အကောင်းဆုံးလမ်းကြောင်း ဖြစ်ပါစေတော့ဆိုတဲ့ ရည်ရွယ်ရင်း စေတနာနဲ့ ဆောင်ရွက် သွားကြပါစို့လို့ပဲ တိုက်တွန်းချင်ပါတယ်” ဟု ဦးအောင်ကြည်ညွန့်က ပြောကြားသည်။

ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကမူ “အခုအစီရင်ခံစာမှာ ဖွဲ့စည်းပုံရဲ့ အဓိက အခန်းလို့ ပြောရမယ့် နိုင်ငံတော် အခြေခံမူများ ဆိုတာရှိတယ်။ ဥပဒေ ပြုရေးဆိုတာရှိတယ်။ အုပ်ချုပ်ရေး ဆိုတာရှိတယ်။ တရားစီရင်ရေးဆို တာရှိတယ်။ ဥပဒေပြုရေးဆိုလည်း အများကြီးပေါ့။ ဒီကဏ္ဍတွေမှာ ဘယ်ကဏ္ဍကိုပြင်မလဲ။ အဲဒီလို သတ် သတ်မှတ်မှတ်တင်ရမယ်။ အခုက ပြည်ခိုင်ဖြိုး ပါတီကတင်တယ်။ သူတို့က အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး ဒီအခန်းကို ဒီလိုပြင်ချင်တယ်ဆိုပြီးတော့ တင်တယ်။ အဲဒါက ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဥပဒေနဲ့အညီ လုပ်ထားတဲ့အလုပ်။ အဲဒီလိုမျိုး လုပ်ရမှာ။ အဲဒီလိုမျိုးမလုပ်ဘဲ အခုကပုံစံ တစ်မျိုးနဲ့ လုပ်နေတာပေါ့။ အဲဒီလို လုပ်နေတာကို ဖွဲ့စည်းပုံကို ပြင်ဆင်နေတယ်လို့ အန်ကယ်ကတော့ မမြင်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲဖို့ လုပ်နေတယ်လို့ပဲ မြင်တယ်။ လွှတ်တော်သက်တမ်း ပထမအကြိမ် တုန်းကလည်း အဲဒီလိုပဲ ဆွေးနွေးခဲ့တာပါ” ဟု သုံးသပ်ပြောကြားသည်။

ထို့ပြင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ ကိုယ်စားလှယ်များ၏ သဘောထားမှတ်ချက် သုံးခုဖြစ်သည့် (၁) ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းဆောင်ရွက်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) နှင့် ကိုက်ညီမှုမရှိခြင်းကြောင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ကော်မတီဖွဲ့စည်းရန် အဆိုတင်သွင်းစဉ်ကပင် ကန့်ကွက်ခဲ့ပြီးဖြစ်ကြောင်း၊ (၂) သို့ရာတွင် ပြည်ထောင်စု လွှတ်တော်က မဲခွဲဆုံးဖြတ် အတည်ပြုပြီး အဆိုပါကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်၍ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသောအားဖြင့် ပါဝင်တက်ရောက်ခဲ့ကြောင်း၊ (၃) ထိုသို့တက်ရောက်စဉ် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များမှ ပြင်ဆင်ရန် အဆိုပြုချက်များ တင်သွင်းခြင်း၊ သဘောထားမှတ်ချက် ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်း မရှိပါ။ ယခုပူးပေါင်းကော်မတီ၏ အစီရင်ခံစာဆိုင်ရာ လုပ်ငန်းစဉ်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ ပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု မရှိကြောင်း သဘောထားမှတ်ချက် ပြုထားခြင်းကိုလည်း ထည့်သွင်းဖော်ပြထားသည်။

လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးပါ ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် နိုင်ငံရေးပါတီ ၁၄ ခု၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်၊ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့များ ပါဝင်ပြီး တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့အနေဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ သဘောထား မှတ်ချက်ပေးခြင်း မရှိခဲ့ဘဲ ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့်လည်း ပုဒ်မအနည်းငယ်ကိုသာ ပြင်ဆင်ရန် အကြံပြုခဲ့သည်ဟု ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းကိစ္စအပေါ် ပူးပေါင်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က “အခုလောလောဆယ် ဆောင်ရွက်နေတဲ့ ခြေလှမ်းကတော့ ရှင်းရှင်းလေးပါ။ အဲဒါဘာလဲဆိုတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်းတစ်ရပ် ပေးပို့ဖို့အတွက် ပူးပေါင်းကော်မတီဆိုပြီးတော့ဖွဲ့တာ။ အဲဒီထဲမှာဆို ရင် တစ်သီးပုဂ္ဂလ အပါအဝင် တပ်မတော်သားအစု အဖွဲ့ရော၊ နိုင်ငံရေးပါတီတွေရော အားလုံးပါဝင်တယ်။ ပြည်ထောင် စုကြံ့ ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီလည်းပါတယ်။ အခုအစီရင်ခံစာမှာလည်း အားလုံး လက်မှတ်ထိုးပြီးတော့ တင်ပါတယ်။ အဲဒီတော့ အခုလောလော ဆယ်အခြေအနေက ဘာလဲဆိုတော့ ဘာတွေဖြစ်ချင်ကြတာလဲဆိုတဲ့ လွတ်လွတ်လပ်လပ်ပဲ။ ဘယ်သူကမှ ဘယ်သူမှ မပြောဘဲနဲ့ ဘာတွေပြင်ချင်တာလဲ အကုန်လုံးရေးကြဆိုတဲ့ ပုံစံမျိုးနဲ့ ပြင်ချင်ကြတယ်ဆိုတဲ့ ဖြစ်ချင်တာတွေကို အကုန်လုံးစုစည်းထားတဲ့ ကိစ္စပဲ။ နောက်တစ်ဆင့်မှာတော့ သွားရတော့မယ်။ အဲဒါဘာတုန်းဆိုတော့ အခုဖြစ်ချင်တာတွေ ထဲကနေပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ဘယ်ဟာတွေက ဖြစ်သင့်သလဲ ဆိုတာ ဒီ ၄၅ ဦး ကော်မတီမှာ ဆွေးနွေးကြမယ်။ ညှိနှိုင်းကြမယ်။ ပြီးရင် အဲဒီဖြစ်သင့်တာတွေ ထဲကနေပြီးတော့ ကျွန်တော်တို့ ဥပဒေကြမ်းတစ်ရပ် ပြင်ဆင်ရေးဆွဲမယ်။ ဥပဒေကြမ်းတစ်ရပ် ရေးဆွဲပြီးပြီဆိုရင် အဲဒါဒီ ၄၅ ဦး ကော်မတီရဲ့ကိစ္စက ပြီးသွားပြီ။ အဲဒီတော့ ၄၅ ဦး ကော်မတီက ရေးပြီးတော့ ဥပဒေကြမ်းတစ်ရပ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ မှာပါတဲ့အတိုင်းပဲ ဒီဥပဒေကြမ်းကို တင်မယ်။ ဆွေးနွေးကြမယ်။ အဲဒီလို ဆွေးနွေးကြတဲ့အခါမှာ ဖြစ်နိုင်တာတွေက အဲဒီမှာပေါ်မယ်။ ဒါကြောင့် အခုလက်ရှိရှိတဲ့ အခြေအနေက ဖြစ်ချင်တာတွေကို စုစည်းနေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာ ဆုံးဖြတ်ချက်အပေါ် ဥပဒေကြမ်းပြင်ဆင်ဖို့ ကိစ္စမှာ ဆိုရင်တော့ ဖြစ်နိုင်တာတွေကို စုစည်းတင်ပြသွားရမယ့်အဆင့် ဖြစ်ပါတယ်။ ဖြစ်သင့်တာတွေကို စုစည်းတင်ပြတဲ့အဆင့် ဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ ဘယ်မှာရောက်မလဲ။ လွှတ်တော်ထဲမှာ ဥပဒေကြမ်းကို တင်ပြီးတော့ ဆွေးနွေးကြမယ်။ ဆုံးဖြတ်ကြတဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်လောက်အထိ ပြင်ဆင်နိုင်မလဲဆိုတဲ့ ဖြစ်နိုင်ခြေက အဲဒီကျမှရမယ်။ အဆင့်သုံးဆင့်ပါ။ အဲဒီတော့ လောလောဆယ် အများကြီး ပြောတာ။ ပြီးခဲ့တဲ့ အစိုးရသက်တမ်းတုန်းကဆိုရင် အကြံပြုချက်တွေ ၄၀၀၀၀ ကျော်ရှိတယ်” ဟုဆိုသည်။

ပထမအကြိမ်လွှတ်တော် သက်တမ်းအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန် ကြိုးပမ်းရာတွင် စစ်ရေးအမြင်အစား၊ ကာကွယ်ရေး အမြင်ဆိုသည့် အချက်နှင့် နောက်ဆက်တွဲဇယားပါ တိုင်းဒေသကြီး နှင့်ပြည်နယ်များ၏ သယံဇာတခွဲ ဝေမှုအပိုင်းများတွင်သာ သဘောတူ ပြင်ဆင်နိုင်ခဲ့ကြောင်း၊ ယင်းကာလတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရန် အကြံပြုချက် မြောက်မြားစွာ ရှိခဲ့ကြောင်း၊ ၄၅ ဦးကော်မတီ အနေဖြင့် ဥပဒေကြမ်းပြုစုရေးဆွဲပြီး လွှတ်တော်သို့ တင်ပြီးပါက ကော်မတီတာဝန်များ ပြီးစီးပြီဖြစ်ကြောင်း ဦးအောင်ကြည်ညွန့်က ဆက်လက် ပြောကြားသည်။

“ပြီးခဲ့တဲ့ သက်တမ်းတုန်းကလည်း အကြံပြုချက်တွေက အများ ကြီးရှိတယ်။ လေးသောင်းကျော် ရှိတယ်။ ဒါက အကြမ်းဖျင်း။ တစ်ဦးချင်း တစ်ဦးချင်းရော၊ ပါတီအဖွဲ့အစည်းတွေကရော၊ တပ်မတော် အပါအဝင် အစိုးရဌာနကလည်း အကြံပြုချက်တွေ တင်တယ်။ အဲဒီတုန်းက အများကြီးပဲ။ အဲဒီအများကြီးထဲက နေပြီးတော့မှ ဥပဒေကြမ်း တကယ်လုပ်ပြီး တင်တဲ့အခါကျတော့ နည်းနည်းလေးပဲ။ ဖြစ်သင့်တာပဲပါတာ။ အဲဒီထဲမှာ ကတော့ ဖြစ်နိုင်တာဆိုလို့ ၄၃၆(ခ) က ဇယားတွေ ပြင်တာပဲ ပြင်ခဲ့နိုင်ပြီးတော့ ၄၃၆ (က) က တစ်ခုပဲ ပြင်လို့ရခဲ့တယ်။ လွှတ်တော်မှာ ၇၅ ရာခိုင်နှုန်း ကျော်ခဲ့တယ်။ ဒါကြောင့်မို့လို့ အဲဒီတစ်ခုတည်းကို လူထုဆန္ဒခံယူပွဲခံယူရမှာ အဆင်မပြေတဲ့ အတွက်ကြောင့် အဲဒီတုန်းက လွှတ်တော်မှာ ရွေးကောက်ပွဲ ခုံရုံးကနေပြီးတော့မှ ဒါ လူထုဆန္ဒခံယူပွဲ မလုပ်သေးဘဲနဲ့ ဆိုင်းငံ့ပြီးတော့ ရပ် ဆိုင်းထားတာမျိုးရှိပါတယ်။ အခုအချိန်အထိ ပြင်ဆင်ချက် အတိုင်းပဲ ဖြစ်နေတဲ့ ကိစ္စပါပဲ။ ဆိုချင်တာက ဒါကြောင့် အခုဒီလို အခြေအနေမျိုးမှာ ကိုယ်ပြောချင်တာတွေကို ပြောခွင့်ရတာတွေသည်ပင်လျှင် တော်တော်များများဟာ အခုအခံ လျော့သွားတယ်။ လွတ်လွတ်လပ်လပ် ပြောခွင့်ရတဲ့ အခြေအနေရှိတယ်။ အခု ဆွေးနွေးနေကြတယ် ဆိုတာ ဒါတွေအကုန်လုံးရရလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ အကုန်လုံးက မျှော်လင့်ထားတယ်လို့ မထင်ဘူး။ သူတို့ဖြစ်တာတွေ ပြောတာပဲ။ အဲဒီလို ပြောခွင့် နှစ် ၆၀ အတွင်းမှာ ဘယ်တုန်းကမှ မရခဲ့ဘူး။ အခုပြောလို့ရတယ်။ ပြောကြတယ်။ ဒါဘာမှ မဆန်းဘူး။ အဲဒီတော့ ဒီပြောခွင့်ရတဲ့အတိုင်း အကုန်လုံးကို လိုက်လုပ်ရမှာလား ဆိုတော့လည်း မဟုတ်ဘူး။ အခု ပြောခွင့်ရလို့သာ ပြောချင်တာတွေ ဖြစ်တာတွေ အကုန်လုံးကို စုထားတဲ့ ကိစ္စပဲ ရှိတဲ့အတွက် စိုးရိမ်ဖွယ်ရာ မရှိပါဘူး။ ဖြစ်သင့်တာတွေကို ကျွန်တော်တို့ ဆက်ပြီးတော့ ကြိုးစားကြရပါမယ်။ နိုင်ငံအတွက် ကြိုးစားရပါမယ်။ အခုကတည်းကဟာ ဒီလောက်တောင်များနေလို့ ဆက်မလုပ်တော့ဘူး ဆိုရင်တော့ နိုင်ငံတော်အတွက် လုပ်ပေးလို့ရတာ၊ ရှေ့ကို တက်လှမ်းနိုင်တဲ့ ခြေလှမ်းတွေ ရပ်တန့်သွားမှာပေါ့။ ဟုတ်ပြီ အခု ဖြစ်ချင်တာတွေ အကုန်လုံးထဲကနေပြီးတော့ ဘာတွေ ဆက်ရွေးမလဲ။ ၄၅ ဦး ကော်မတီက ဘာတွေဖြစ်သင့်သလဲ ဆိုတာကို ဆောင်ရွက်သွားကြမယ်။ အဲဒီလိုဆို နောက်ထပ်တစ်လှမ်း တက်သွားမယ်။ အဲဒီလို တစ်လှမ်းတက်သွားပြီးရင် လွှတ်တော်ထဲကို ဥပဒေကြမ်း တင်လိုက်နိုင်ပြီ ဆိုရင်တော့ ဘယ်အဆင့် ရောက်သွားမလဲ။ ဖြစ်နိုင်တာတွေ ဘယ်ဟာတွေ ရလာမလဲဆိုတဲ့အဖြေ ပေါ်လာမှာပဲ။ အဲဒါ နိုင်ငံတော်ရဲ့ တကယ့်ပြည်သူတွေကလည်း လိုလားတောင့်တနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တစ်လှမ်းချင်း တစ်လှမ်းချင်း ရွေ့တဲ့နေရာမှာ အခုအခံအနည်းဆုံး၊ အဖြစ်နိုင်ဆုံးနဲ့ ညှိနှိုင်းလို့ အကောင်းဆုံး လမ်းကြောင်း ဖြစ်ပါစေတော့ဆိုတဲ့ ရည်ရွယ်ရင်း စေတနာနဲ့ ဆောင်ရွက်သွားကြပါစို့လို့ပဲ တိုက်တွန်းချင်ပါတယ်” ဟု ပြောကြားသည်။

စောင့်ကြည့်ရမယ့်ပွဲ

ပထမအကြိမ်လွှတ်တော် သက်တမ်းအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုတွင် တပ်မတော်သား ကိုယ်စားလှယ်များ မဲပေးထောက်ခံသည့် ပုဒ်မသာ ပြင်ဆင်နိုင်ခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များအား ဒေသလွှတ်တော်က ခန့်အပ်နိုင်ရန် ပြင်ဆင်သည့် ပုဒ်မ ၂၆၁ မှာမူ ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပေ။ ယခု ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင်မူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့တို့က ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် လွှတ်တော်ကို လက်မှတ်ထိုးပြီး တင်သွင်းထားသည်ကို တွေ့ရသည်။

၄၅ ဦးပါ ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ပြဋ္ဌာန်းထားသည့် ပုဒ်မများအနက် နိုင်ငံရေးပါတီ ၁၄ ခုနှင့် တစ်သီးပုဂ္ဂလများက ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အကြံပြုသည့် အချက်ပေါင်း ၃၇၆၅ ချက်ရှိသည်။

ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် နိုင်ငံရေးပါတီ အစုအဖွဲ့ အသီးသီးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တို့၏ ပြင်ဆင်ချက်များအဖြစ် အခန်း (၁) တွင် ၂၃၁ ချက်၊ အခန်း (၂) တွင် ၁၁၁ ချက်၊ အခန်း (၃) တွင် ၂၁၈ ချက်၊ အခန်း (၄) တွင် ၈၅၉ ချက်၊အခန်း(၅)တွင် ၁၂၁၁ ချက်၊ အခန်း(၆)တွင် ၆၃၂ ချက်၊ အခန်း (၇)တွင် ၄၂ ချက်၊အခန်း(၈)တွင် ၅၈ ချက်၊ အခန်း(၉)တွင် ၄၅ ချက်၊ အခန်း(၁၀)တွင် အချက်၂၀၊ အခန်း(၁၁)တွင် ၁၂၈ ချက်၊ အခန်း (၁၂)တွင် ၂၇ ချက်၊ အခန်း (၁၃) တွင် ၁၃ ချက်၊ အခန်း (၁၄) တွင် ၁၀၂  ချက်၊ အခန်း (၁၅) တွင် ၆၈ ချက်ရှိကြောင်း လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းထားသည်။ 

ဖွွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ ဇူလိုင် ၁၅ ရက်က တင်သွင်းခဲ့ပြီးနောက်ပိုင်း ပူးပေါင်းကော်မတီအား ထောက်ခံသည့် ဆန္ဒပြပွဲများ ထွက်ပေါ်လာသည့်အပြင် ပုဒ်မ ၅၉ ကို ပြင်ဆင်ခြင်း မပြုရန် ဆန္ဒပြမှုများလည်း ရှိခဲ့သည်။

လက်ရှိပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ်အင်အား အများဆုံးဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်က ရွေးကောက်ခံ ကိုယ်စားလှယ် စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်း နီးပါးသာရှိပြီး ဖွဲ့စည်းပုံ ပြင်ဆင်လိုသည့် အခြားပါတီများနှင့် ပူးပေါင်းသော်လည်း ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရန်အတွက် ၇၅ ရာခိုင်နှုန်း ကျော်ဖို့ဆိုလျှင် တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမှု ရရှိနိုင်ရန် လိုအပ်မည်ဖြစ်သည်။

ထို့ကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာပါ အချက်ပေါင်း ၃၀၀၀ ကျော်သည် ဥပဒေမူကြမ်းအဖြစ် ထွက်ရှိလာပါက တပ်မတော် သဘောထား မပါသည့်အတွက် မည်မျှအထိ ပြင်ဆင်နိုင်မည်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။ 

 

Most Read

Most Recent