AA အဖွဲ့၏ (၁၀) ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားပြုလုပ်ရန် စင်ကာပူမှခန်းမအား ကျန်းမာရေးဆွေးနွေးပွဲ ပြုလုပ်မည်ဟုဆိုကာ လိမ်လည်ငှားရမ်းခဲ့

AA အဖွဲ့၏ (၁၀) ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားပြုလုပ်ရန် စင်ကာပူမှခန်းမအား ကျန်းမာရေးဆွေးနွေးပွဲ ပြုလုပ်မည်ဟုဆိုကာ လိမ်လည်ငှားရမ်းခဲ့
Published 19 July 2019
Ref : The Straits Times

AA အဖွဲ့ထူထောင်ခြင်း ၁၀ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားအတွက် စင်ကာပူနိုင်ငံရှိ လူထုကလပ် (CC) ကို ငှားရမ်းခဲ့သူသည် သူ၏ကုမ္ပဏီအတွက် ကျန်းမာရေး ဆွေးနွေးပွဲပြုလုပ်ရန်အတွက်ဟု လိမ်လည်ခဲ့ကြောင်း ပြည်သူ့အသင်းအဖွဲဲ့ (PA) က ဇူလိုင် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

သို့သော် PA က CC ကလပ် ပါဝင်ပတ်သက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ သို့သော် The Straits Times သတင်းစာက ဧပြီ ၇ ရက်တွင် အဆိုပါအခမ်းအနားကို CC ၌ ကျင်းပခဲ့ကြောင်း အစောပိုင်းတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

အဆိုပါအခမ်းအနား၏ ဓာတ်ပုံများထဲတွင် စင်မြင့်ပေါ်၌ သရုပ်ဆောင်သူများသည် စစ်ယူနီဖောင်းများကို ဝတ်ဆင်လျက် သေနတ်ပုံစံတူများ ကိုင်ဆောင်ထားသည်ကို တွေ့မြင်ရသည်။ AA အကြီးအကဲ ထွန်းမြတ်နိုင်က အခမ်းအနားတက်ရောက်သူများကို Video Link မှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ပြီး ၎င်းတို့အား လက်နက်ကိုင်တိုက်ပွဲမှတစ်ဆင့် ရခိုင်လွတ်လပ်ရေးအတွက် စည်းလုံးညီညွတ်ကြရန်နှင့် တိုက်ပွဲဝင်ကြရန် တောင်းဆိုခဲ့သည်။

The Straits Times သို့ ပေးစာများထဲတွင် စာဖတ်သူများက မြန်မာနိုင်ငံသားများ အနေဖြင့် ယခုကဲ့သို့သော အခမ်းအနားမျိုး ပြုလုပ်ရန် ယင်းခန်းမကို မည်သို့မည်ပုံ ငှားရမ်းခဲ့သနည်းဟူ၍လည်းကောင်း၊ ယင်းကဲ့သို့သော ပွဲမျိုးကို ဆန့်ကျင်တားဆီးရန်အတွက် ကြီးကြပ်မှုများ ပြုလုပ်ရန် စစ်ဆေးမှုအမျိုးအစားများ စနစ်တကျ ရှိမရှိဟူ၍လည်းကောင်း မေးခွန်းထုတ်ခဲ့ကြသည်။

မည်ကဲ့သို့သော ပေးစာများနှင့် The Straits Times ၏ စုံစမ်းမေးမြန်းမှုများကို တုံ့ပြန်သောအားဖြင့် PA နှင့် ရဲတပ်ဖွဲ့တို့က လူထုခန်းမများကို ငှားရမ်းရန် လျှောက်လွှာပုံစံများ၌ ယင်းခန်းမများကို မည်သည့်ဘာသာရေး၊ နိုင်ငံရေး သို့မဟုတ် တရားဥပဒေနှင့် မညီသော ရည်ရွယ်ချက်များအတွက် အသုံးမပြုရဟု ရှင်းရှင်းလင်းလင်း ဖော်ပြထားကြောင်း ပြောကြားခဲ့သည်။

ခန်းမငှားရမ်းရန် လျှောက်ထားသူများသည် ၎င်းတို့၏ရည်ရွယ်ချက်ကို မှန်မှန်ကန်ကန် ဖော်ပြရမည်ဖြစ်ပြီး သတ်မှတ်ချက်များကို ချိုးဖောက်ပါက ငှားရမ်းရန် ကြိုတင်စာရင်းပေးထားမှုကို ပယ်ဖျက်ခွင့်ရှိသည်ဟုလည်း  PA က ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ဖြစ်ပေါ်ပါက ငှားရမ်းခငွေများကို အဆုံးခံရမည်ဖြစ်ပြီး CC ခန်းမနှင့်ပတ်သက်၍ မူမမှန်သည့် အရာများ တွေ့ရှိရသူများအနေဖြင့် တာဝန်ကျဝန်ထမ်းကို သတိပေးမှု ပြုလုပ်နိုင်ကြောင်းလည်း PA က ပြောကြားခဲ့သည်။

PA နှင့် ရဲတပ်ဖွဲ့တို့သည် အခမ်းအနားကို ကြီးမှူးသူများအား လိုအပ်သည့် ခွင့်ပြုချက်နှင့် လိုင်စင်များ လျှောက်ထားရန်လည်း သတိပေးခဲ့သည်ဟုဆိုသည်။

အကြောင်းကိစ္စအပေါ် အခြေခံသည့် ပွဲများအနေဖြင့် အများပြည်သူ အမိန့်ကြော်ငြာစာ ဥပဒေအရ ကင်းလွတ်ခွင့်ပြုသည့် အခြေအနေရပ်များနှင့် မကိုက်ညီလျှင် ရဲတပ်ဖွဲ့၏ ခွင့်ပြုချက် တောင်းခံရမည်ဟု ဆိုသည်။

“ဒါပေမဲ့ တခြားနိုင်ငံတွေရဲ့ နိုင်ငံရေးဆိုင်ရာ အကြောင်းကိစ္စအတွက် ဒါမှမဟုတ် အဲဒါကို ဆန့်ကျင်ဖို့အတွက်တွေ အပါအဝင် နိုင်ငံရေးကို ဦးတည်သွားပြီး စင်ကာပူနိုင်ငံသား မဟုတ်သူတွေ ပါဝင်တဲ့ ဒါမှမဟုတ် ကြီးမှူးတဲ့ စုဝေးပွဲတွေအတွက် ရဲတပ်ဖွဲ့က ဘာခွင့်ပြုချက်မှ ထုတ်မပေးပါဘူး” ဟု PA နှင့် ရဲတပ်ဖွဲ့တို့၏ ပူးတွဲထုတ်ပြန်ချက်၌ ပြောကြားထားသည်။

 

Most Read

Most Recent