လာမည့် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာတွင် KNPP အဖွဲ့ NCA လက်မှတ် ရေးထိုးနိုင်ရန်အတွက် အစိုးရဘက်က Proposal တစ်ခု ပေးထားသည်ကို လက်ခံရရှိထားကြောင်း KNPP တာဝန်ရှိသူ ပြောကြား

လာမည့် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာတွင် KNPP အဖွဲ့ NCA လက်မှတ် ရေးထိုးနိုင်ရန်အတွက် အစိုးရဘက်က Proposal တစ်ခု ပေးထားသည်ကို လက်ခံရရှိထားကြောင်း KNPP တာဝန်ရှိသူ ပြောကြား
ဇူလိုင် ၁၇ ရက်က  နေပြည်တော်တွင် KNPP နှင့် NRPC အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်
ဇူလိုင် ၁၇ ရက်က  နေပြည်တော်တွင် KNPP နှင့် NRPC အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်
Published 18 July 2019
အောင်မင်းသိန်း

လာမည့် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာတွင် KNPP အဖွဲ့ NCA လက်မှတ် ရေးထိုးနိုင်ရန်အတွက် အစိုးရဘက်က Proposal (အကြံပြုချက်) တစ်ခု ပေးထားသည်ကို လက်ခံရရှိထားကြောင်း ယင်းကိစ္စနှင့် ပတ်သက်၍ KNPP မှ ခေါင်းဆောင်များ၊ ဗဟိုကော်မတီဝင်များနှင့် ပြန်လည်ဆွေးနွေးပြီး သဘောထားယူရန် ရှိကြောင်း KNPP ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေးကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ဖလိုးက ပြောကြားသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)နှင့် NCA လက်မှတ် ရေးထိုးထားခြင်း မရှိသေးသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)  ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တို့ ဇူလိုင် ၁၇ ရက်က နေပြည်တော်ရှိ NRPC ရုံးတွင် တွေ့ဆုံဆွေးနွေးသည့် ဆွေးနွေးပွဲအပြီးတွင် NCA လက်မှတ်ရေးထိုးရန် အခြေအနေ ရှိ မရှိ မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အစိုးရဘက်ကတော့ Proposal တစ်ခု ပေးတာတော့ ရှိတယ်။ အဲဒါကတော့ အစိုးရဘက်က သူတို့လည်း ချဉ်းကပ်တာပေါ့။ စက်တင်ဘာ သို့မဟုတ်ရင်လည်း အောက်တိုဘာလ NCA နှစ်ပတ်လည် ကာလလိုမျိုးမှာ KNPP အနေနဲ့ NCA လက်မှတ်ရေးထိုးနိုင်ဖို့အတွက် သူတို့တော့ အဲဒီလို မျှော်လင့်ချက်ရှိတယ်။ သူတို့ အဲဒီလို အဆိုပြုထားတာ ရှိတယ်။ သူတို့ Proposal အဲဒါကို ကျွန်တော်တို့လည်း ဒီရဲ့ Proposal ကို ကျွန်တော်တို့ လက်ခံရရှိတယ်။ ကျွန်တော်တို့က ယူသွားပြီးတော့ သက်ဆိုင်သူတွေနဲ့ပေါ့။ အထက်က ခေါင်းဆောင်တွေနဲ့ ဗဟိုကော်မတီဝင်တွေနဲ့ ပြန်ပြီးတော့ ဆွေးနွေးပြီးတော့ သဘောထားယူဖို့ ရှိပါတယ်”ဟု နဲနယ်ဖလိုးက ပြောကြားသည်။

နေပြည်တော်တွင် ဇူလိုင် ၁၇ ရက်က ကျင်းပခဲ့သည့် NRPC နှင့် KNPP တွေ့ဆုံ ဆွေးနွေးပွဲအပြီး လာမည့် ဇူလိုင် ၂၀ ရက် တွင် ပြည်နယ်အဆင့် ထပ်မံတွေ့ဆုံရန်ရှိကြောင်း၊ Bilateral သဘောတူညီချက် အကောင်အထည်ဖော်မှုများကို ဆက်လက် ဆွေးနွေးမည်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပေါ်နေသည့် မတည်ငြိမ်မှု ဖြစ်စေသော အကြောင်းအရင်းများကိုလည်း ဆက်လက် ဆွေးနွေးရန်ရှိကြောင်း ၎င်းကပြောကြားသည်။

“ကြေးရုပ်ကိစ္စလည်း ဆက်ဆွေးနွေးဖို့ ရှိနိုင်တယ်။ ပြီးတော့ မြေယာသိမ်းဆည်းတဲ့ ကိစ္စတွေကိုလည်း ကျွန်တော်တို့ ဆက်ဆွေးနွေးဖို့ ရှိနိုင်တယ်။ ပြီးတော့ အမှုဖွင့်ခံရတဲ့ လူငယ်တွေရဲ့ အရေးကိုလည်း ကျွန်တော်တို့ ဆက်ဆွေးနွေးဖို့ ရှိတယ်။ ပြီးတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေပေါ့။ အဲဒါတွေကို ကျွန် တော်တို့ ပုံမှန် Bilateral တွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးခြင်းအားဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုမိုပြီးတော့ KNPP ပါဝင်တဲ့ ငြိမ်းချမ်းဖြစ်စဉ်ကို ပိုမိုပြီးတော့ ခိုင်မာစေချင်တယ်။ ခိုင်မာရာကနေ ကျွန်တော်တို့က ယုံကြည်မှုတွေ မြင့်မား တည်ဆောက်နိုင်ပြီး ယုံကြည်မှုတွေ ခိုင်ခိုင်မာမာ ရှိတဲ့အခါဆိုလို့ရှိရင် NCA လက်မှတ် ရေးထိုးနိုင်ဖို့က အခင်းအကျင်းက ပိုပြီးတော့ ပေါ်လာမယ်လို့ ကျွန်တော်မြင်တယ်။ အခုက NCA လက်မှတ်ရေးထိုးနိုင်ဖို့က NCA ကို အကောင်အထည်ဖော်မှုက တစ်ကဏ္ဍ၊ ပြီးတော့ ကျွန်တော်တို့ မြေမြင်မှာ ဖြစ်နေတဲ့ အခြေအနေကလည်း တစ်မျိုး၊ ဒီလိုအခြေအနေက ဘယ်လိုပြောရမလဲ။ NCA ကို လက်မှတ် ရေးထိုးစေနိုင်မယ့် အခင်းအကျင်းမျိုး မဖြစ်သေးဘူး ဖြစ်နေတာ။ အဲဒီခံစားချက် အဲဒီပြဿနာ KNPP တစ်ဖွဲ့ထဲပဲ မဟုတ်ဘူး။ မထိုးရသေးတဲ့ အဖွဲ့တွေကလည်း အဲဒီလိုအနေအထား ရှိတယ်လို့ အဲဒီလို ယူဆတယ်။ ဆိုတော့ အဲဒီလို အခြေအနေတစ်ခု ပေါ်လာဖို့အတွက် အခင်းအကျင်းကောင်းလေးတစ်ခု ပေါ်လာဖို့အတွက်  KNPP  လည်း ပုံမှန်တွေ့ဆုံ ဆွေးနွေးခြင်းအားဖြင့် သွားနေတာ ဖြစ်ပါတယ်”ဟု နဲနယ်ဖလိုးက ပြောကြားသည်။

 

Most Read

Most Recent