ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အမှှန်တကယ် ဆောင်ရွက်ရမည့်လုပ်ငန်း အဖြေရှာမှုမျိုးကို ဦးတည်သွားသင့်သည်ဟု KNPP သုံးသပ်

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အမှှန်တကယ် ဆောင်ရွက်ရမည့်လုပ်ငန်း အဖြေရှာမှုမျိုးကို ဦးတည်သွားသင့်သည်ဟု KNPP သုံးသပ်
Published 18 July 2019
နေရိုင်း၊  အောင်မင်းသိန်း

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ယေဘုယျ သဘောတူသည့် အဖြေမျိုးနှင့် ရပ်တန့်မနေသင့်ဘဲ ခိုင်မာတိကျသည့် အကောင်အထည် လက်ဆုပ်လက်ကိုင်ပြုပြီး တကယ်တမ်း ဆောင်ရွက်ရမည့် လုပ်ငန်းအဖြေရှာမှုမျိုးကို ဦးတည်သွားသင့်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ခူဦးရယ်က သုံးသပ်ပြောကြားသည်။

ဇူလိုင် ၁၇ ရက်က နေပြည်တော်ရှိ NRPC ရုံး၌ ပြုလုပ်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ အဖွင့်အမှာစကား ပြောကြားရာတွင် KNPP ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ခူဦးရယ်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ခါတိုင်းလိုကတော့ ဆွေးနွေးပွဲ ပြီးတိုင်းဆိုရင် ယေဘုယျအားဖြင့် သဘောတူသည့် Principle Agreed ဆိုတဲ့ အဖြေမျိုးနဲ့ ရပ်တန့် မနေသင့်တော့ဘူးလို့ ကျွန်တော်မြင်တယ်။ ယေဘုယျ သဘောတူတယ်ဆိုတဲ့ ကျွန်တော်တို့ ဝေါဟာရကို သုံးသပ်ခြင်းအားဖြင့် အဆုံးမှာ ဘယ်လိုပဲ ကောက်ချက်ချကြသလဲဆိုရင် ယေဘုယျဆန်ဆန် သဘောတူတဲ့ဟာတွေဟာ သဘောမတူသလိုဘဲ ဖြစ်သွားတယ်လို့ ကျွန်တော့်စိတ်ထဲမှာ ခံစားရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အများကြားကောင်းအောင်တော့ ယေဘုယျအဖြစ် သဘောတူခဲ့တဲ့အဆင့်ကို ကျော်လွန်ပြီးတော့ ကျွန်တော်တို့ ခိုင်မာတိကျတဲ့ အကောင်အထည် လက်ဆုပ်လက်ကိုင်ပြုပြီး တကယ်တမ်း ဆောင်ရွက်ရမည့် လုပ်ငန်းအဖြေရှာမှုမျိုးကို ကျွန်တော်တို့ ဦးတည်သွားသင့်တယ်လို့ ကျွန်တော်ကတော့ မြင်တယ်” ဟု ခူဦးရယ်က ပြောသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ခေါင်းအစဉ်အလိုက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ မိမိတို့ လျှောက်လာသည့် ငြိမ်းချမ်းရေးခရီးကို နောက်ပြန်မလျှောက်ဘူး ဆိုသည့်စကားကို မကြာခဏ ပြောဆိုခဲ့ပြီး ဖြစ်ကြောင်း၊ ယခုဆုံစည်းမှုသည် ငြိမ်းချမ်းရေးလမ်းကို ရွေးချယ်၍ ဆက်လျှောက်ရန်အတွက် တွေ့ဆုံခြင်းဖြစ်ကြောင်း ခူဦးရယ်က ဆိုသည်။

KNPP အနေဖြင့် NCA လမ်းကြောင်းတွင် မပါဝင်နိုင်သေးဘဲ အစိုးရနှင့် ဆက်လက် ညှိနှိုင်းနေရသည့် အခြေအနေဖြစ်ပြီး လက်ရှိအစိုးရ လက်ထက်တွင် အစိုးရနှင့် KNPP အကြား တွေ့ဆုံမှုပေါင်း ၂၄ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊ တွေ့ဆုံမှုတိုင်းတွင်လည်း ရလဒ်ကောင်းများနှင့် အပြန်အလှန် နားလည်မှု ယုံကြည်မှုများ တိုးတက်ရရှိခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် KNPP အနေဖြင့် အစိုးရနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးနှင့် ရှေ့တစ်လှမ်းတိုး၍ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အပြည့်အဝပါဝင်ရန် အတွက်လည်း အလေးအနက်ထား တိုက်တွန်းလိုကြောင်း အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

 

Most Read

Most Recent