လျှပ်စစ်မီး လိုအပ်ချက်၊ ဆိုလာစွမ်းအင်နှင့် ကုန်ကျစရိတ် ပြဿနာ

လျှပ်စစ်မီး လိုအပ်ချက်၊ ဆိုလာစွမ်းအင်နှင့် ကုန်ကျစရိတ် ပြဿနာ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံဖွင့်ပွဲတွင် အမှာစကားပြောကြားစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံဖွင့်ပွဲတွင် အမှာစကားပြောကြားစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)
Published 14 July 2019
နီလာ

မြန်မာနိုင်ငံ၏ လျှပ်စစ်ရရှိမှုအခြေအနေက ၂၀၁၆ ခုနှစ်တွင် ၃၄ ရာခိုင်နှုန်းသာရှိနေပြီး ၂၀၁၉ ခုနှစ်တွင်  ၄၅ ရာခိုင်နှုန်းအထိ လျှပ်စစ်မီးပေးလာနိုင်ကာ နောက်ထပ် လျှပ်စစ်မီးရရှိရန် ပြည်သူ ၅၅ ရာ ခိုင်နှုန်း ကျန်ရှိနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဓာတ် အားခအပြောင်းအလဲနှင့် သူတို့အမြင် စကားဝိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်း စာများတွင် ဖော်ပြထားသည်။

လျှပ်စစ်မီးမရသေးသူက လူဦးရေ၏ ထက်ဝက်ကျော်ရှိနေသည်။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် လျှပ်စစ်မီးရရှိသူ ရာခိုင်နှုန်း ၅၀ အထိ  ရှိလာရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဓာတ်အားဖြန့်ဖြူးနိုင်ရန် စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအပိုင်း၌ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ သဘာဝ ဓာတ်ငွေ့သုံးဓာတ် အားပေးစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အား ပေးစက်ရုံတို့အပြင် ၂၀၂၀ ပြည့် နှစ်တွင် သဘာဝဓာတ်ငွေ့ထုတ် လုပ်မှုကျဆင်းလာမည်ဖြစ်သည့်အတွက် LNG ဓာတ်ငွေ့ သုံးစက်ရုံ များတည်ဆောက်၍ ဓာတ်အားတိုးတက်ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟုသိရသည်။

“ကျွန်တော်တို့နိုင်ငံမှာ ရေအားနဲ့ သဘာဝဓာတ်ငွေ့ကို အဓိကထားပြီး ဓာတ်အား ထုတ်လုပ်ဆောင် ရွက်နေပါတယ်။ ကျောက်မီးသွေးသုံးစက်ရုံဆိုလို့ တီကျစ်စက်ရုံတစ် ခုပဲရှိပါတယ်။ အဲဒီတော့ ရာခိုင်နှုန်း အားဖြင့် တစ်ရာခိုင်နှုန်းကနေ နှစ်ရာခိုင်နှုန်း လောက်ပဲ ထုတ်လုပ်ပါတယ်။ ကျွန်တော်တို့ ရေအားဘက် ကနေ ၅၅ ရာခိုင်နှုန်းလောက်ရှိ ပြီးတော့ ကျန်တာက Gas Turbine ကနေ ထုတ်လုပ်ပါတယ်။ လတ်တ လောသတင်းစာမှာ ဖိတ်ခေါ်လိုက်တဲ့ဟာက သဘာဝဓာတ်ငွေ့ပဲ အသုံးပြုရဦးမှာဖြစ်တယ်။ အကြောင်းရင်းက ဒီနေ့ဓာတ်အားတွေမလုံလောက်ဘူး။ ကျွန်တော်တို့ဖြေရှင်းရမှာ တစ်နှစ်၊ နှစ်နှစ်အတွင်းဖြေ ရှင်းပေးရမှာဖြစ်ပါတယ်။ ဒီလို တစ်နှစ်၊ နှစ်နှစ်အတွင်းဖြေရှင်းပေးနိုင်ဖို့အတွက် အဖြေရှာတော့ သဘာဝ ဓာတ်ငွေ့ကိုသုံးပြီး ထုတ်လုပ်တဲ့ နည်းလမ်းက အချိန်ကိုက် ရေတိုဖြေရှင်းနိုင်မယ့် နည်းမို့သွားတာပါ” ဟု ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

ကာလလတ်နှင့် ရေရှည်အတွက်မူ Generation Mixed ကို ပြောင်းလဲရမည် ဖြစ်သည်။ ယင်းအတွက် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း၊ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း၊ သူဌေးရေအားလျှပ်စစ်စီမံကိန်း သုံးခုမှာ လက်ရှိ တည်ဆောက်ဆဲ စီမံကိန်းများ ဖြစ်သည်။

အဆိုပါစီမံကိန်းများကို လာမည့် နှစ်နှစ်၊ သုံးနှစ်အတွင်း ပြီးစီးအောင် နိုင်ငံတော်က လုံလောက်သည့် ငွေလုံးငွေရင်း ဘတ်ဂျက်ချထားပြီးဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရန် အရင်းအမြစ်များစွာရှိသည်။ ရေအားလျှပ်စစ်သည် သဘာဝအရ မိုးရရှိမှုအပေါ် မူတည်ပြီး လျှပ်စစ်ထုတ်လုပ်ရသည့် အခြေအနေဖြစ်သည်။ ယခုနှစ် ဇွန်လအတွင်းတွင် မိုးရရှိမှုနည်းပါးကာ ဆည်များအတွင်း ရေမဝင်သေးသည့်အတွက် လျှပ်စစ်ထုတ်နိုင်ရန် အားနည်းခဲ့ကြောင်း ဒေါက်တာထွန်းနိုင်က ဆိုသည်။

တစ်နှစ်ပတ်လုံး ဓာတ်အား ထုတ်လုပ်ပေးနိုင်သည့်နည်းလမ်းမှာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံများဖြစ်သည်။ သို့သော် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများတွင် ဓာတ်ငွေ့ကိုသုံးပြီး ထုတ်လုပ်ခြင်းမှာ ထုတ်လုပ်မှု ကုန်ကျစရိတ်ကြီးမားကြောင်း၊ ယင်းအတွက် ကျောက်မီးသွေး အသုံးပြု၍ ထုတ်လုပ်သည့်နည်းလမ်းကို Generation Mixed အတွင်း မျှမျှတတ ဆောင်ရွက်သင့်ကြောင်း ၎င်းကဆိုသည်။

သို့သော် ယင်းသို့ဆောင်ရွက်ရာ၌ အများစုက ပတ်ဝန်းကျင်ညစ်ညမ်းထိခိုက်နိုင်မှုအပေါ် စိုးရိမ်စိတ်များရှိသဖြင့် ကမ္ဘာကလက်ခံကျင့်သုံးသည့် နည်းပညာမျိုးဖြင့် ပြည်သူလူထုကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် နည်းလမ်းများ ရွေးချယ်ပြီး စီစဉ်ဆောင်ရွက်သွားရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စီစဉ် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

လျှပ်စစ်လိုအပ်ချက်အတွက် ဓာတ်အားထုတ်လုပ်ရာတွင် နိုင်ငံတော်က နှစ်စဉ် ကျပ်ဘီလျံ ၅၀၀ ခန့် စိုက်ထုတ်နေရသဖြင့်  သက်ဆိုင်ရာတာဝန်ရှိသူများ၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်း၍ ၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းသို့ မီတာခတိုးမြှင့်လိုက်သည့် နှုန်းထားအသစ်ကြောင့် ပြည်သူများအကြား ဝေဖန်နေကြ ချိန်တွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်းဖွင့်လှစ်ခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံက တစ်ယူနစ်လျှင် ကျပ် ၁၉၀ မှ  ၂၀၀ ကြား ကျသင့်မည်ဆိုခြင်းမှာလည်း အံ့အားသင့်စေခဲ့သည်။

“တစ်ယူနစ်ကို ၁၉၀ ကျပ်ဆိုတာ မဟုတ်ဘူးဗျ။ တစ်ယူနစ်ကို ၁၂ ဒသမ ၇၅ ဆင့်။ အဲဒါကို တစ်ဒေါ်လာကို ကျပ် ၁၅၀၀ နဲ့ မြှောက်လိုက်ပေါ့။ တစ်ဒေါ်လာမှာ ဆင့် ၁၀၀ ရှိတယ်။ တစ်ဒေါ်လာမှာ ကျပ် ၁၅၀၀၊ ၁၂  ဒသမ ၇၅ ဆင့်ဆိုတော့ ၁၉၀ နဲ့ ၂၀၀  ကြားမှာရမလား။ အကြမ်းဖျင်း အဲဒီလောက်တော့ ရှိမယ်” ဟု မကွေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးဦးမြင့်ဇော်က ပြောကြားသည်။

မင်းဘူး ဆိုလာစွမ်းအင်စီမံကိန်း၏ တစ်ယူနစ်ကုန်ကျစရိတ်နှင့် စျေးနှုန်းအခြေအနေအပေါ် “အခု လောလောဆယ်က စျေးကြီးတယ်လို့ ပြောလို့ရတာပေါ့။ အဲဒါက ဒီလိုဗျ။ ဒါကို လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဦးဝင်းခိုင်တို့၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့ ဆုံးဖြတ်ချက်နဲ့ အခုလက်ရှိ အစိုးရရဲ့ဆုံး ဖြတ် ချက်နဲ့ဆိုရင်တော့ ဒီစျေးနဲ့ဝယ်ကို မဝယ်ဘူး။ အခု ကျွန်တော်တို့ သတ်မှတ်လိုက်တာက ခုနစ်ဆင့်။ ခုနစ်ဆင့်နဲ့ ခုနစ်ဆင့်အောက်ကိုပဲ ရင်းနှီးမြှုပ်နှံမှုလာလုပ်ကြပါဆိုပြီး နိုင်ငံတကာကိုလည်း ဖိတ်ခေါ်ထားတယ်။ ခုနစ်ဆင့်အထိတော့ ကျွန်တော်တို့ ပေးမယ်။ ခုနစ်ဆင့်ဆိုရင်  တစ်ဒေါ်လာကို ၁၅၀၀ နဲ့ဆိုရင်တောင်မှ ၁၀၅ ကျပ်ကျတာပေါ့ဗျာ။ အဲဒီလောက်နဲ့ဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှု လာလုပ်ကြပါဆိုပြီး ဖိတ်ခေါ်ထားတယ်” ဟု ဝန်ကြီး ဦးမြင့်ဇော်က ဆို သည်။

“အဆိုပါစီမံကိန်းအတွက်  Power Purchasing Agreement – PPA စာချုပ်ကို၂၀၁၆ ခုနှစ် မတ် ၂၀ ရက်မှာ အရင်အစိုးရနဲ့ စာချုပ်ချုပ်သွားတယ်။အဲဒါဆိုတော့ ကျွန်တော်တို့အစိုးရသစ်အနေနဲ့ ဒီစာချုပ်ကို ဖျက်တယ်ဆိုရင်လည်း အရင်အစိုးရက လက်မှတ်ထိုးတယ်။နောက်အစိုးရက ဒါကိုဖျက်တယ်ဆို တဲ့ရာဇဝင်ကြီးတွင်သွားပြီးတော့မှ အဲဒီတော့ ကျွန်တော်တို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့လူတွေအတွက် အခု အစိုးရ မှာရင်းနှီးမြှုပ်နှံပေမယ့် နောက်အစိုးရလက်ထက်မှာ ဖျက်တယ်ဆိုတဲ့ အစဉ်အလာမဖြစ်ချင်လို့ ကျွန်တော်တို့က ဒီဟာကိုမတန် မှန်းသိပေမဲ့ လက်ခံလိုက်ရတာ” ဟု ဝန်ကြီး ဦးမြင့်ဇော်က ပြောကြားခဲ့သည်။

အဆိုပါစီမံကိန်းအတွက် မြေလွတ်မြေရိုင်းဧက ၇၀၀ ကို ယခင်အစိုးရလက်ထက်ကပင် ပေးခဲ့ကြောင်း၊ စျေးနှုန်းသတ်မှတ်ခြင်းအ ပါအဝင် MoU ၊ MoA နှင့် PPA စာချုပ်များကိုပါ ယခင်အစိုးရလက် ထက်ကတည်းကပင် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“အခုကျတော့ ကျွန်တော်တို့က ဘယ်လိုဆုံးဖြတ်ထားလဲဆိုတော့ သူတို့ ပထမအဆင့်ပေါ့ဗျာ။ မဂ္ဂါဝပ်၄၀ ကတော့ PPA လက်မှတ်ထိုးထားတဲ့ ၁၂ ဒသမ ၇၅ ဆင့်နဲ့ ဝယ်မယ်။ ဒုတိယအဆင့် ၄၀၊ တတိယအဆင့် ၄၀၊  နောက်ဆုံးအဆင့် ၅၀။ အဲဒီဟာကတော့ စျေးနှုန်းပြန်ညှိမယ်ဆိုတဲ့ သဘောမျိုးတော့ ကျွန်တော်တို့ ပြောဆိုထားပါတယ်။ ပြည်ထောင်စုဝန်ကြီးဌာနနဲ့ ပြောဆိုထားတာရှိတယ်” ဟု ဝန်ကြီးဦးမြင့်ဇော်က ပြောကြားသည်။

အလားတူ မကွေးတိုင်းဒေသ ကြီးအတွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံများ တည်ဆောက်လုပ်ကိုင်နိုင်ရန် အတွက် အိန္ဒိယအခြေစိုက်ကုမ္ပဏီများ၊ တရုတ်အခြေစိုက်ကုမ္ပဏီများ နှင့် ထိုင်းအခြေစိုက်ကုမ္ပဏီများက တိုင်းဒေသကြီးအစိုးရနှင့် လာရောက်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ အစိုးရအဖွဲ့အနေဖြင့်မူ သတ်မှတ်ထားသည့် ခုနစ်ဆင့်နှင့် ခုနစ်ဆင့်အောက် တည်ဆောက် လုပ်ကိုင်နိုင်မည့် ကုမ္ပဏီများကိုသာ ဆက်လက်ဆွေးနွေးသွားမည်ဟု သိရသည်။

“နောက်ပြီးတော့ တချို့ကျတော့လည်း သွေးတိုးလာစမ်းတာပေါ့ဗျာ။ ပထမဆုံး ကျွန်တော်တို့နဲ့ မြေတောင်းမယ်။MoU ထိုး မယ်။ MoU ထိုးပြီးမှ အဲဒီ MoU ကိုကိုင်ပြီးတော့ နိုင်ငံတကာကိုငွေချေးမယ်။ သို့မဟုတ် အဲဒီ MoUကို ရောင်းစားဖို့အထိလုပ်တဲ့ သွေးတိုးစမ်းလာတဲ့ ကုမ္ပဏီတွေလည်း အများကြီးရှိပါတယ်။ အဲဒီကုမ္ပဏီတွေကိုလည်း ပြည်ထောင်စုအစိုးရရဲ့ ဝန်ကြီးဌာန ရဲ့ပြောကြားချက်အရ ခင်ဗျားတို့ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ခင်ဗျားတို့ရဲ့ပိုင်ဆိုင်မှု ဘာတွေရင်းနှီး မြှုပ်နှံထားတာလဲ။ အဲဒါကအစ ကျွန်တော်တို့ မေးပါတယ်။ အဲဒီမှာ ကျွန်တော်တို့နဲ့ ဆက်သွယ်နေတာက အိန္ဒိယဆိုလာ ကုမ္ပဏီတစ်ခုရယ်၊ နောက်ပြီးတော့ ထိုင်းဆိုလာ ကုမ္ပဏီတစ်ခုရယ်၊ တရုတ် ဆိုလာကုမ္ပဏီ တစ်ခုရယ်ကတော့ FS (စီမံကိန်းဖြစ်နိုင်ခြေ လေ့လာမှု) တွေလုပ်နေတယ်ပေါ့ဗျာ” ဟု ဝန်ကြီးဦးမြင့်ဇော်က ပြောကြားသည်။

မင်းဘူးစီမံကိန်းသည် အရှေ့ တောင်အာရှတွင် ကြီးမားသည့် စီမံကိန်းတစ်ခုဖြစ်သည့်အတွက် နိုင်ငံ အနေဖြင့်ရော ဒေသအနေဖြင့်ပါ ဂုဏ်ယူစရာဖြစ်သော်လည်း ဝမ်းမသာနိုင်သည်က စျေးနှုန်းကြီးမြင့်နေခြင်းဖြစ် သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့က အခုပြည်သူကိုဖြန့်တာ အရင်ဆိုရင် တစ်ယူနစ် ၃၅ ကျပ်။ အ များဆုံးမှာ ၅၀ နဲ့ဖြန့် တယ်။ အခုပြည်သူကို ဖြန့်တာလည်း ယူနစ် ၂၀၀ အထက်ကိုသုံးတဲ့  လူတွေကိုမှ တစ်ယူနစ်ကို ၁၂၅ ကျပ်နဲ့ ဖြန့်တယ်။ ပြည်သူကိုဖြန့်တာမှာ အများဆုံးမှ တစ်ယူနစ်ကို ၁၂၅ ကျပ်နဲ့ဖြန့်တာ။ ဒါတောင် နှုန်းအသစ်နော်။ အဲဒါမှာ စက်မှုလုပ်ငန်းဆိုတာထက် ပြည်သူလူထုကို များများနဲ့ မြန်မြန်ရောက်အောင်ပေးချင်တဲ့ ဆန္ဒ။ လွတ်လပ် ရေးရတာ နှစ် ၇၀ ကြာပြီ။ လျှပ်စစ်ကို မြင်တောင်မမြင်ဖူးတဲ့ ကျေးလက်တောရွာအရောက် လျှပ်စစ်ကိုပေးချင်ပြီ။ အဲဒီအချိန်မှာ ပြည်သူလူထုမှာလည်း ဝန်ထုပ်ဝန်ပိုးမရှိ စေချင်ဘူး။ တိုင်းပြည်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်ရင် အဲဒီတိုင်းပြည်က အတူတူပဲ ရေရှည်မှာ ခံစားရမှာ ပေါ့။ ဒီဒေသမှာလုပ်လို့ ဂုဏ်ယူရပေမဲ့ ဒီစျေးကတော့ ဝမ်းသာစရာ စျေးတော့မဟုတ်ဘူး” ဟု ဝန်ကြီး ဦးမြင့်ဇော်က   ပြောကြားခဲ့သည်။

“အဲဒီစျေးနှုန်းက စီးပွားရေး စျေးနှုန်းတွေ။ စျေးနှုန်းဆိုတာ စီးပွားရေးလေ။ မင်းဘူးစက်ရုံက ကြာပြီ။ လွန်ခဲ့တဲ့သုံးနှစ်လေး နှစ်ကတည်းက PPA ထိုးထားတာ။ ကြာပြီဆိုတော့ စီးပွားရေးသမားကတော့ သူကျတဲ့ အရင်းရယ်၊ အဲဒီအချိန်တုန်းက သူ တို့ စလုပ်တုန်းကဆိုလာစျေးနဲ့ အခု စျေးနဲ့ကလည်း တခြားစီပဲ။ အရမ်း ကွာသွားပြီ။ သူတို့ က သူတို့ရဲ့အရင်းအနှီးကို ဘယ်အချိန်က ဆိုလာပြားတွေဝယ်ပြီး ဘယ်လိုပုံစံနဲ့ ဘယ်လို လုပ်တယ်ဆိုတာ မသိဘူးလေ။ အဲဒီ တော့ ရိုးရိုးလေးစဉ်းစားရင် ဒီစျေးနှုန်းတွေဟာ စီးပွားရေးသမားက စီးပွားရေးဖြစ်အောင် သူစျေးနှုန်းတစ်ခုကို သတ်မှတ်လိုက်တာပဲ။ ဆိုလိုချင်တာက တစ်ခုခုကိုတည်ဆောက်ရင် ဥပမာ ဆိုင်လေးပဲဆောက်ဆောက်၊ လုပ်တဲ့ဟာက မြန်မြန်ဆန်ဆန်အဆင်ပြေမယ်။ အရင်းအနှီးလေးတွေ အချိန်တွေ မြန်မြန်ပြီးသွားရင် အဲဒါက ငွေကြေးရင်းနှီးမှုနည်း တယ်။တကယ်လို့ကြာနေမယ်။ ကြန့်ကြာနေမယ်ဆိုရင် လုပ်ထုံးလုပ်နည်းလည်းကြာမယ်။ အချိန်ကလည်းကြာမယ်ဆိုရင်   စျေးနှုန်းကလည်း စျေးကြီးမိသွားမယ်ဆိုရင် ဒါကစျေးကြီးမှာပဲ။ အဲဒီတော့ မင်းဘူးကြီးက အဲဒီလိုဖြစ်နေတာ” ဟု REAM မှ ဦး အောင်မြင့်က သုံးသပ်ပြောကြားသည်။

နည်းပညာအသစ်များက ထိရောက်မှုအဆင့်များကို မြှင့်တင်နိုင်ခြင်းကြောင့်  ၂၀၃၀ ပြည့်နှစ်အထိ လာမည့်ဆယ်စုနှစ်အတွင်း ဆိုလာစွမ်းအင်စျေးနှုန်းသည် တစ်ယူနစ်လျှင် ရူပီး ၁  ဒသမ  ၉  (၄၂ ကျပ်နီးပါး) အထိ ကျဆင်းစေရန် စီစဉ်ထားကြောင်း TERI ကုမ္ပဏီနှင့် အမေရိကန်အခြေစိုက် Climate Policy Initiative (CPI) အကြံပေးအဖွဲ့က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် တွင် ပြောကြားခဲ့သည်။

“၂၀၃၀ ပြည့်နှစ်အရောက်မှာ လေအားနဲ့ ဆိုလာစွမ်းအင်စျေးနှုန်းတွေကို တစ်ယူနစ်ကို ၂  ဒသမ ၃- ၂ ဒသမ  ၆ ရူပီး နဲ့ ၁ ဒသမ  ၉ - ၂  ဒသမ ၃ ရူပီး  အသီးသီးရှိအောင် လျှော့ချဖို့ စီမံထားပါတယ်။ သို လှောင်စရိတ်ကလည်း ရာခိုင်နှုန်း ၇၀ အထိ ကျဆင်းသွားမှာပါ” ဟု ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်အတွက် ဆိုလာစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ရည်မှန်းထားမှုအပေါ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က “အဲဒါ တွေကလည်း ကျယ်ပြန့်တယ်။ ကျယ်ပြန့်တယ်ဆိုတာက ကျွန်တော်တို့ဆိုလာက သူကမငြိမ်ဘူး။ ပြောရရင် တော့ လျှပ်စစ်ဓာတ်အားနေ့ခင်းဘက်ပဲရတယ်။ မငြိမ်ဘူး၊ မငြိမ်ဘဲနဲ့ ဝင်လိုက်ထွက်လိုက်။ ဒါကိုငြိမ်ဖို့အတွက် နောက်ထပ်တစ်ခုလိုတယ်။ နည်းပညာတွေလိုတယ်။ လိုတဲ့အခါကျတော့ ဆိုလာကိုတော့ သိပ်ပြီးတော့ ဒီမှာအဆင်မပြေဘူးပေါ့။ တို့ဆီမှာ သိပ်ပြီးတော့အဆင်မပြေဘူးပေါ့။ သူက နေ့ရောညရော ထုတ်နိုင်တယ်ဆိုတဲ့ဟာမျိုးဆိုရင်တော့လည်း ကောင်းတယ်။ ညဘက်ပါ ထုတ်နိုင်ဖို့ဆိုရင် ပစ္စည်းတွေလိုတယ်။ အဲဒီအတွက်ကတော့ စျေးကြီးတာပေါ့။ အခုဒီအတိုင်း သွင်းနေတဲ့ဟာတွေက ကန့်သတ်ချက်တွေရှိတယ်။ တို့လိုင်းထဲကို သွင်းဖို့ ကန့်သတ်ချက်တွေရှိတယ်။ ကျွန်တော် တို့သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ် အားလိုင်းထဲကို သွင်းဖို့ရာ ကန့်သတ်ချက်တွေရှိတယ်။ ရာခိုင်နှုန်း တချို့ တစ်ဝက်ပဲ။ အဲဒါကတော့ နည်းပညာပိုင်းဆိုင်ရာမှာ ကျွန်တော်က တော့မသိဘူး။ ကျွန်တော်သိသလောက်ရှင်းပြရရင်တော့ နည်းပညာပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေရှိတယ်။ အနာဂတ်မှာ အရမ်း အများကြီးလုပ်သွားဖို့တော့ မရှိဘူး ပေါ့။ Mixed Energy အနေနဲ့တော့ သုံးမယ်။ သို့သော်လည်း အဲဒီ Costing က သိပ်များလို့ ကိုယ်တို့ဆီမှာ လက်ရှိစနစ်အရ မဖြစ်နိုင်သေးဘူး။ ရာခိုင်နှုန်းတစ်ခုပဲဖြစ်မှာပေါ့” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးရေး၊ ပြည်တွင်း စွမ်းအင်လိုအပ်ချက်များဖြည့်ဆည်း နိုင်ရေးနှင့်အနာဂတ် စွမ်းအင်ဖူလုံရေးအတွက် အခြားတစ်ဖက်တွင် အကြီးစား ရေအားလျှပ်စစ်စီမံကိန်း ကြီးများ အကောင်အထည်ဖော်ရန် စီစဉ်ခြင်းထက် အိမ်နီးချင်းနိုင်ငံများနှင့် ပြန်လည်ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

လက်ရှိ ပြည်တွင်း၌ ထုတ်လုပ်နေသည့် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ သဘာဝဓာတ်ငွေ့ကို ထိုင်းနှင့် တရုတ်နိုင်ငံသို့ နှစ်ရှည်တင်ပို့ရောင်းချရန် စာချုပ်များ ချုပ်ဆိုထားသည်။

“အခုလောလောဆယ် 1 billion to 1.5 cubic feet ကို Export လုပ်နေတယ်။ အဲဒီအထဲက 500 million cubic feet လောက်ကို ပြန်တောင်းလို့မရဘူးလားဆိုတာရှိတယ်။ တောင်းလို့ရပါတယ်။ စာချုပ်ချုပ်ထားတယ်ဆိုပေမဲ့ တိုင်းပြည်ရဲ့ Energy Crisis ဆိုတဲ့ ခေါင်းစဉ်နဲ့လုပ်လို့ ရပါတယ်။ ကျွန်တော်တို့နိုင်ငံက Energy Crisis ဖြစ်နေပါတယ်။ ပြန်မျှပါဆိုတဲ့သဘောမျိုးနဲ့ပြောလို့ရတယ်။ သူ့စျေးနဲ့သူပေါ့။ တကယ်လို့ သူတောင်းတဲ့ပမာဏအတိုင်း မရရင်တောင် 100 million cubic feet ဆိုရင် ၅၀၀ မဂ္ဂါဝပ်ရမယ်။ ၃၀၀ ဆိုရင် ၁၅၀၀ မဂ္ဂါဝပ်ရမယ်ဆိုတော့ ဒီတစ်နှစ်နှစ်နှစ်အတွက် ဖူလုံတယ်။ အဲဒီအတွက် အဆင်ပြေတယ်”  ဟု စွမ်းအင်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

နေရောင်ခြည်စွမ်းအင်သည် မြန်မာနိုင်ငံ၏လျှပ်စစ်ထုတ်လုပ်မှုအတွက် ရေရှည်သွားရမည့်လမ်း ကြောင်းဖြစ်သည်ဟု သုံး သပ်မှုများလည်းရှိသည်။ သို့သော် တစ်ယူနစ် ဓာတ်အားခနှုန်းမြင့်နေသည့် အချက်ကိုလည်း စဉ်းစားရတော့မည်ဖြစ် သည်။

သို့ဖြစ်ရာ ရေရှည်အတွက် မည်သည့်အရင်းအမြစ်မှ လျှပ်စစ်ထုတ်လုပ်မှုက ပိုမိုအကျိုးရှိနိုင်မည် ဆိုသည်မှာလည်း မေးခွန်းထုတ်စရာ ရှိလာသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် စွမ်းအင်ဆိုင်ရာအကျပ်အတည်း ကျရောက်နေသည့်အချိန် ဖြစ်ပြီး နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော် လျှပ်စစ်ရရှိရန် လိုအပ်နေသည်။ ယင်းအတွက် လျှပ်စစ်ဓာတ် အားအပြည့်အဝရရှိရန်နှင့် ပြည်ပမှ ဝင်လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် လျှပ်စစ်စွမ်းအား ပြည့်အဝမရှိသည့်အတွက် အခက်အခဲဖြစ်နေကြောင်း၊ ယင်းပြဿနာများကို ဖြေရှင်းရန် လျှပ်စစ်စွမ်းအားကို မည်သည့်အရင်းအမြစ်မှ ထုတ်လုပ်သင့်သည် ဆိုသည့်အပေါ် ကွဲ လွဲမှုများလည်း ရှိနေသည်။

ရေအားလျှပ်စစ်၊ သဘာဝ ဓာတ်ငွေ့၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစသည်ဖြင့် အမျိုးမျိုး လုပ်ဆောင်လာကြသော်လည်း တကယ့်လိုအပ်ချက်ကို ပြည့်မီရန်  အခက်အခဲများစွာရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နှစ်စဉ် လျှပ်စစ်ဓာတ်အား သုံးစွဲမှုနှုန်းမှာ ၁၅ ရာ ခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းအထိ တိုးမြင့်လာပြီး ၂၀၃၀ ပြည့်နှစ်အထိ ပိုမိုတိုးမြင့်နေမည် ဖြစ်သည်။ ထို့ကြောင့် ၂၀၂၂ ခုနှစ်တွင် ထပ်မံလို အပ်လာမည့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀၀၀ အတွက် ရေနံသဘာဝ ဓာတ်ငွေ့ရည် (LNG) အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်သော စီမံကိန်းသုံးခုနှင့် သဘာဝဓာတ်ငွေ့သုံး စီမံကိန်းတစ်ခုကို အချိန်ကာလ တစ်ခုအနေဖြင့် အသုံးပြုသွားရန်အတွက် စီစဉ်လျက်ရှိသည်ဟု သိရ သည်။

ထို့အတူ နေစွမ်းအင်၊ လေစွမ်းအင်နှင့် အခြားပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍများ ပိုမိုဖွံ့ဖြိုးရေးကို  သုံးသပ်ဆောင်ရွက်လျက်ရှိသည်ဟု ဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူများက ပြောကြားထားသည်။

မြန်မာနိုင်ငံသည် စွမ်းအင်အရင်း အမြစ်ပေါများသော်လည်း ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးနှင့် အကောင်အထည်ဖော်ရန် သင့်လျော်ပြီး ရေရှည်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုပမာဏ ကြီးမားသည့် စွမ်းအင်အရင်းအမြစ်များမှ ထုတ်လုပ်ရန်သာ သင့်လျော်မည်ဟု စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူများက သုံး သပ်နေကြသည်။                        

 

Most Read

Most Recent