အမှိုက်တွေတောင်လိုပုံနေတဲ့ ရှန်ဟိုင်းရဲ့ ကမ္ဘာ့အကြီးဆုံးအမှိုက်စီမံကိန်း

အမှိုက်တွေတောင်လိုပုံနေတဲ့ ရှန်ဟိုင်းရဲ့ ကမ္ဘာ့အကြီးဆုံးအမှိုက်စီမံကိန်း
Published 14 July 2019
နရီမင်း

နီဖန်းက အမှိုက်တွေကို ရှန်ဟိုင်းက သူ့အခန်းအပြင်ကို ပစ်ထုတ်လေ့ရှိတယ်။ အလုပ်ကို ကမန်းကတန်း သွားရတဲ့အခါမျိုးဆို ဘယ်လိုလုပ်မလဲ မစဉ်းစားဘူး။ အခုတော့ တရုတ်နိုင်ငံကို အမှိုက်ပြဿနာကနေ ကယ်တင်ဖို့က သူ့ကိုမနက်တိုင်း အိမ်ရာမှာ ကပ်ထားတဲ့ ပုံစံဇယားနဲ့ ညှိနှိုင်းဖို့ ဖြစ်လာစေခဲ့ပြီ။

တရုတ်နိုင်ငံဟာ သုံးစွဲမှု မြင့်တက်လာမှုကြောင့် အမှိုက်တွေ ဒီရေအလားတိုးပွားလာနေတာကို ထိပ်တိုက်ရင်ဆိုင်နေရချိန် ဇူလိုင် ၁ ရက်မှာ ရှန်ဟိုင်းဟာ အမှိုက်ခွဲခြားရေးနဲ့ ပြန်လည်အသုံးချရေး စီမံကိန်းကို စတင်လိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့ သမိုင်းတစ်လျှောက်ရည်မှန်းချက်အကြီးဆုံး အမှိုက်စီမံကိန်းကြီးပါပဲ။

ဒါပေမဲ့ ဒီစီမံကိန်းက တရုတ်ရဲ့ အကြီးဆုံး မြို့ကြီးနဲ့ ပတ်သက်ပြီး ပြောစရာဖြစ်ရတာက တခြားအကြောင်းတွေလည်း ရှိပါသေးတယ်။ အဲ့ဒီထဲမှာ စည်းကမ်းတွေ၊ စည်းကမ်းချိုးဖောက်မှုအတွက် ဒဏ်ရိုက်တာတွေနဲ့ မြို့သူမြို့သားတွေရဲ့ ကိုယ်ပိုင်အမှိုက်တွေကို ထောင်နဲ့ချီတဲ့ စေတနာ့ဝန်ထမ်းတွေက နေ့စဉ်စစ်ဆေးတာတွေ ပါဝင်ပါတယ်။

နီဖန်းဟာ နံရံအပြည့် ပုံစံဇယားကွက်ကို စစ်ဆေးကြည့်ရတယ်။ ငါးနဲ့ ဝက်အရိုး တွေကို တစ်ခုနဲ့ တစ်ခုခွဲပြီး ထည့်ရမယ်လို့ ရေးထားတယ်။ ဒီတော့ သူယူလာတဲ့ ပလတ်စတစ်အိတ်ထဲကနေ ခွဲထည့်ရတယ်။

283907-01-02.jpg

ဇူလိုင် ၁၁ ရက်က ရှန်ဟိုင်းမြို့ရှိ အိမ်ရာတစ်ခု၌ အမှိုက်ပုံတစ်ခုကို လူတစ်ယောက်က ရပ်ကြည့်နေစဉ်

“ဒါဟာ တိုင်းပြည်ကောင်းဖို့ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့က အမှားတွေလုပ်မိနေဆဲပဲ” လို့ ကုန်သွယ်ရေးကုမ္ပဏီဝန်ထမ်းဖြစ်တဲ့ နီဖန်းက ပြောတယ်။ ပြီးတော့ ရယ်လိုက်သေးတယ်။ အိတ်ထဲပါလာတဲ့ အမှိုက်တွေကို ခွဲခြားပြီး အမှိုက်ပုံးအမျိုးမျိုးထဲထည့်ဖို့ သူ့ခမျာ ရုန်းကန်ခဲ့ရတယ်တဲ့။

သူက “ဒဏ်ရိုက်တာတွေ တကယ်မစခင် ကျွန်တော်တို့ ဒါကိုမှန်အောင် လုပ်ရမယ်လေ” လို့ ပြောလိုက်သေးတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်လာဖို့အတွက် ရှန်ဟိုင်းက စီမံကိန်းကြီးတစ်ခုချ ထားတာပါ။ ဒါဟာ ကမ္ဘာ့အကြီးဆုံး အမှိုက်ခွဲခြားရေးနဲ့ ပြန်လည်အသုံးချရေး စီမံကိန်းကြီးပါပဲ။ အရမ်းကို လိုအပ်နေတာပါ။

သုံးစွဲသူဦးရေ ၁ ဒသမ ၄ ဘီလျံရှိတဲ့ တရုတ်နိုင်ငံဟာ တစ်နေ့တခြား အမှိုက်တွေ တောင်လိုပုံလာနေပါတယ်။ ရှန်ဟိုင်းက လူပေါင်း ၂၅ သန်းက နေ့စဉ်စွန့်ပစ်တဲ့ အမှိုက်တွေကကို တန်ချိန် ၂၆၀၀၀ ရှိပါတယ်။ ဒါဟာ လေဘာတီရုပ်တုကြီးရဲ့ အလေးချိန်နဲ့ ညီမျှပါတယ်။

ဒီကိစ္စဟာ တစ်နိုင်ငံလုံးက မြူနီစီပယ် ဝန်ဆောင်မှုတွေအပေါ် ဖိအားဖြစ်လာပြီး မနိုင်မနင်း ဖြစ်လာစေပါတယ်။

ဒေါသတွေက ကြီးထွားလာ

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်းမြို့က အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အမှိုက်မီးရှို့စက်ရုံ တည်ဆောက်တာကို ကန့်ကွက်ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ အဓိက ရုဏ်းနှိမ်နင်းရေးရဲတွေ စေလွှတ်ခဲ့ရပါတယ်။

တရုတ်ဟာ နိုင်ငံတစ်လွှားမှာ အမှိုက်ကနေ စွမ်းအင်ကို ပြောင်းလဲတဲ့စက်ရုံတွေ တည်ဆောက်ဖို့ ဒေါ်လာဘီလျံတွေနဲ့ချီပြီး သုံးစွဲနေရပါတယ်။ ဒါပေမဲ့ အဲဒီစက်ရုံတွေကနေ အဆိပ်ဓာတ်ငွေ့တွေ ထွက်မှာကို စိုးရိမ်မှုတွေ ကြီးထွားလာတာမို့ ဆန္ဒပြမှုတွေ ခဏခဏ ဖြစ်ပေါ်နေပါတယ်။ ဝူဟန်းဟာ အခုတော့ သူ့အစီအစဉ်ကို ရပ်ဆိုင်းထားလိုက်ရပါပြီ။

တရုတ်နိုင်ငံဟာ ၁၉၈၀ ပြည့်နှစ်မှာ အမှိုက်တန်ချိန် သန်း ၃၀ ပဲ ထွက်ပါတယ်။ ဒါပေမဲ့ ၂၀၁၇ ခုနှစ်မှာ သန်း ၂၁၀ ထွက်လာတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

ဒါတောင် တရုတ်ဟာ ကမ္ဘာ့အကြီးဆုံး အမှိုက်ထွက်ရှိရာနိုင်ငံဖြစ်တဲ့ အမေရိကန်ရဲ့ နောက်မှာပဲ ရှိပါသေးတယ်။ အမေရိကန်ရဲ့ နှစ်စဉ်ထွက်ရှိတဲ့ အမှိုက်တန်ချိန်ဟာ ၂၅၈ သန်းရှိပါတယ်။ ဒါပေမဲ့ တရုတ်က အလျင်အမြန် ကြီးထွားလာနေပြီး တရုတ်နိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်ကိုရောက်ရင် နှစ်စဉ်ထွက်ရှိတဲ့ အမှိုက်တန်ချိန်က သန်း ၅၀၀ ကိုရောက်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

အဲဒီအတွက် လက်ညှိုးထိုး အပြစ်တင်စရာတွေကတော့ အများကြီးပါပဲ။ အဲဒီထဲမှာ စီးပွားရေးအလျင်အမြန် ကြီးထွားလာမှုနဲ့ ပြင်ပကမ္ဘာအပေါ် မှီခိုရမှု လျော့နည်းစေဖို့ ပြည်တွင်းသုံးစွဲရေးစီးပွားရေးမူဝါဒ ဖွံ့ဖြိုးရေးကို တွန်းအားပေးနေတဲ့ ကွန်မြူနစ်ပါတီရဲ့ ဖော်ဆောင်နေဆဲ မူဝါဒတွေ ပါဝင်ပါတယ်။

အလီဘာဘာ ဦးဆောင်တဲ့ တရုတ် e-commerce က တစ်ဟုန်ထိုး ကြီးထွားလာပြီး နှစ်စဉ် ပါဆယ်တွေ ဘီလျံနဲ့ချီ ထုပ်ပိုးရေးကနေ အမှိုက်တွေ တစ်ထောကြီးထွက် နေတာကလည်း ပြဿနာပါပဲ။

ပြန်လည်အသုံးချဖို့အတွက် နှစ်အတန်ကြာ လက်ခံလာခဲ့တဲ့ ပြည်ပအမှိုက်တွေတင် သွင်းနေတာကို ပိတ်ပင်ဖို့ လွန်ခဲ့တဲ့နှစ်က သတိပေးချက်တစ်ရပ်ကို အစိုးရက ညွှန်ကြားခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့အမှိုက်စီးဆင်းမှုကို ပိတ်ပစ်ဖို့ လုပ်ဆောင်ချက်တစ်ရပ်ပါပဲ။

“ကျွန်တော်တို့အနေနဲ့ တကယ့်ကို ကြီးမားတဲ့ တွန်းအားတစ်ရပ် လိုအပ်ပါတယ်။ ကျွန်တော့်အထင်တော့ ဒါကို အစိုးရက သိမြင်ပြီး ဖြစ်ပါလိမ့်မယ်။ ဒါဟာ တကယ့်ကို အရေးပေါ်အသိပါပဲ” လို့ Zero Waste Shanghai ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြံပေးအဖွဲ့ရဲ့ ထူထောင်သူနဲ့ ညွှန်ကြားရေးမှူး အလီဇီးဘိုင်ရှေးယက်က ပြောကြားခဲ့ပါတယ်။

နောက်နှစ်မှာ တစ်နိုင်ငံလုံးအဆင့်ကို တက်လှမ်းဖို့ စီစဉ်ထားမှုနဲ့အတူ ရှန်ဟိုင်းရဲ့ အတွေ့အကြုံဟာ နိုင်ငံတစ်လွှားမှာ လူပြောအများဆုံး အကြောင်းအရာတစ်ရပ်ဖြစ်လာပါတယ်။ တစ်ခါတလေကျတော့လည်း တလွဲစီမံမှုတွေအတွက် နမူနာအဖြစ်နဲ့ပေါ့။

အငြင်းပွားဖွယ်ဖြစ်နေပုံရတဲ့ လမ်းညွှန်ချက်တွေနဲ့ ဘယ်လိုအမှိုက်တွေကို ခွင့်ပြုလဲဆိုတာကို ရွေးထုတ်နေရတဲ့ အကန့်အသတ်ရှိတဲ့ နေ့စဉ်အချိန်တွေကို အဓိကထားပြီး ဝေဖန်နေကြပါတယ်။ ပုံမှန်မဟုတ်တဲ့ နေ့စဉ်အစီအစဉ်တွေ ရှိနေသူတွေအတွက် အဲဒီအမှိုက်ပစ်ရေးအစီအစဉ်တွေက အကြီးအကျယ် ပြဿနာဖြစ်စေပါတယ်။

ခွဲခြားမထားတဲ့ အမှိုက်တွေကို အမှိုက်ပုံးတွေထဲမှာ အများကြီးတွေ့နေရတုန်းပဲလို့  တရုတ်မီဒီယာတွေက ဖော်ပြပါတယ်။

များလှတဲ့ အမှိုက်တွေ

အရင်တုန်းက မြို့အဆင့်ဖြေရှင်းရေး အစီအစဉ်တွေဟာ အဖျားရှူးသွားတတ်တာပါပဲ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ကွဲပြားခြားနားပါတယ်လို့ ဘိုင်ရှေးယက်က ရှုမြင်ပါတယ်။

“ကြီးမားတဲ့ အပြောင်းအလဲကတော့ အခုအစီအစဉ်ဟာ ဗဟိုချုပ်ကိုင်မှု ပိုပြီးရှိသလို စေ့ဆော်မှုလည်း ပိုရှိပါတယ်။ တကယ့်ကို ပြောင်းလဲစေတဲ့ အရာပါ။ ဘာဖြစ်လို့လဲဆိုတော့ အခု လူတိုင်းက ဒီအကြောင်းကို ပြောနေပြီး လူတိုင်းပါဝင်လို့ လူတိုင်းရှေ့မှောက်ကို ရောက်နေလို့ပါပဲ” လို့ သူကပြောပါတယ်။

အာဏာပိုင်တွေက အမှိုက်တွေကို တိတိကျကျခွဲခြားခြင်းက အရေးကြီးတဲ့အကြောင်းနဲ့ ပြန်လည်အသုံးချရေးလုပ်ငန်းစဉ်တွေ သီးခြားစီ လုပ်ဆောင်ဖို့ အများကြီး ပိုလွယ်ကူသွားစေတဲ့အကြောင်း ပြောပါတယ်။

ဒါပေမဲ့ မကျေနပ်မှုတွေကလည်း ကြီးထွားလာပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အသက် ၃၃ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ အမှိုက်ကြည့်ရှုစစ်ဆေးသူ စေတနာ့ဝန်ထမ်းတစ်ဦးနဲ့ စည်းကမ်းနဲ့ပတ်သက်လို့ စကားများပြီး အဲဒီလူကို သတိလစ်တဲ့အထိ လည်ပင်းထညှစ်လို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြပါတယ်။

အမှိုက်စွန့်ပစ်ရေး စည်းကမ်းတွေ ချိုးဖောက်ရင် အိမ်ထောင်စုတွေဆို ဒဏ်ငွေ ယွမ် ၂၀၀ (အမေရိကန်ဒေါ်လာ ၂၉) ပေးဆောင်ရပြီး လုပ်ငန်းတွေဆို ၅၀၀၀၀ ယွမ် ပေးဆောင်ရမှာဖြစ်ပါတယ်။

ဒီအမှိုက်စွန့်ပစ်ရေးအစီအစဉ်ဟာ တချို့လူတွေအတွက်တော့ အလုပ်အကိုင် အခွင့်အလမ်းတစ်ရပ် ဖြစ်လာပါတယ်။ App အခြေပြု အမှိုက်လက်ခံစုဆောင်းရေးနဲ့ အမှိုက်ခွဲခြားပေးရေး ဝန်ဆောင်မှုတွေ ပေါ်လာပါပြီ။

အဲဒီအမှိုက်စီမံကိန်းနဲ့ပတ်သက်ပြီး အသက် ၆၇ နှစ်အရွယ် အငြိမ်းစားဝန်ထမ်း ကျို့ရှန်ကျူးက “ပထမတော့ ကျွန်မတို့ အသားမကျသေးပါဘူး။ တကယ်ကို အဆင်မပြေတာပါ” လို့ ဆိုပါတယ်။

သူက “ရှန်ဟိုင်းမှာ လူတွေက အများကြီးပဲ။ ဒီတော့ အမှိုက်တွေ အများကြီးပေါ့။ တကယ်ကို အများကြီး” လို့ ဆိုပါတယ်။

Most Read

Most Recent