ကျဆုံးနေသည့်နိုင်ငံများနှင့် လုပ်နိုင်စွမ်းထောင်ချောက်

ကျဆုံးနေသည့်နိုင်ငံများနှင့် လုပ်နိုင်စွမ်းထောင်ချောက်
Published 4 July 2019

အခြေခံကျသော အခြေအနေရပ်များနှင့် တာဝန်ဝတ္တရားမျာကို အချုပ်အခြာအာဏာပိုင်နိုင်ငံ၏ အစိုးရတစ်ရပ်က မှန်ကန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိတော့သည့်အခါ ယင်းနိုင်ငံများကို ကျဆုံးနေသည့် နိုင်ငံများ (Failed State)  ဟု ခေါ်ဆိုသည်။  အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းဆောင်တာများကို မှန်ကန်စွာ ဆောင်ရွက်နေသည့်တိုင် ယင်းအစိုးရအဖွဲ့အနေဖြင့် တရားဝင်မှု ဆုံးရှုံးသွားလျှင်လည်း ယင်းနိုင်ငံကို ကျဆုံးနေသည့် နိုင်ငံဟု ခေါ်ဆိုနိုင်သည်။ တည်ငြိမ်သော နိုင်ငံတစ်နိုင်ငံအနေဖြင့် ၎င်း၏ အစိုးရသည် ထိရောက်မှုနှင့် တရားဝင်မှုနှစ်ရပ်စလုံး ရှိရမည်ဖြစ်သည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံအနေဖြင့် ချည့်နဲ့သွားပြီး လူနေမှုအဆင့်အတန်းများ ကျဆင်းလာသည့်အခါ ကျဆုံးနေသည့် နိုင်ငံဖြစ်လာရန်  အလားအလာ စတင်ပြီဟု ဆိုနိုင်သည်။ The Fund for Peace အဖွဲ့က ကျဆုံးနေသည့်နိုင်ငံများ၏ လက္ခဏာရပ်မျာကို အောက်ပါအတိုင်း ဖော်ပြခဲ့သည်။

နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိပိုင်နက်ကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးခြင်း သို့မဟုတ် မိမိနိုင်ငံအတွင်း ရုပ်ပိုင်းဆိုင်ရာအင်အား အသုံးပြုရန် တရားမဝင်တော့ခြင်း၊ အဆုံးသတ် ဆုံးဖြတ်ချက်များ ချမှတ်သည့် တရားဝင်လုပ်ပိုင်ခွင့် ယိုယွင်းလာခြင်း၊ အများပြည်သူ ဝန်ဆောင်မှုများကို ထောက်ပံ့မှုအား လုပ်နိုင်စွမ်း မရှိခြင်း၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြည့်ဝသော အဖွဲ့ဝင်အဖြစ် အခြားနိုင်ငံများနှင့် အပြန်အလှန်ဆက်ဆံနိုင်စွမ်းမရှိခြင်း အစရှိသည်တို့ ဖြစ်ကြသည်။ ကျဆုံးနေသည့် နိုင်ငံတစ်နိုင်ငံနှင့်ပတ်သက်၍ တွေ့မြင်နေကျ လက္ခဏာရပ်များတွင် ဗဟိုအစိုးရအဖွဲ့အနေဖြင့် အခွန်များ ကောက်ခံကာ နိုင်ငံသားများ၏ လိုအပ်ချက်များကို ထောက်ပံ့နိုင်စွမ်းမရှိမှု၊ မိမိ၏ ပိုင်နက်များကို လက်တွေ့ကျကျ ထိန်းချုပ်နိုင်ခြင်းနည်းပါးမှုနှင့် ထို့ကြောင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ နှင့်ပတ်သက်၍ ကြိုတင်စီမံထားမှုများ ချို့တဲ့လာမှု အစရှိသည်တို့ ပါဝင်သည်။ ကျဆုံးနေသည့်နိုင်ငံတစ်နိုင်ငံ ဖြစ်လာသည့်အခါ အဂတိလိုက်စားမှုများနှင့် ရာဇဝတ်မှုများ အကြီးအကျယ်ဖြစ်ပွားခြင်း၊ အခြားနိုင်ငံများနှင့် နိုင်ငံအဆင့်မဟုတ်သော အခြားအဖွဲ့များက မိမိနိုင်ငံကို ဝင်ရောက်စွက်ဖက်ခြင်း၊ ဒုက္ခသည်များ ထွက်ပေါ်လာခြင်းနှင့် မိမိသဘောဆန္ဒအလျောက်မဟုတ်ဘဲ လူအုပ်စုတို့ ရွှေ့ပြောင်းရခြင်း၊ စီးပွားရေးထိုးကျခြင်း နှင့် ပြည်ပက စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခြင်း အစရှိသည်တို့ကို တွေ့နိုင်သည်။

လုပ်နိုင်စွမ်းထောင်ချောက်ဆိုသည်မှာ ယနေ့ခေတ်ပြိုင်ကမ္ဘာ၌ပင်လျှင် နိုင်ငံတော်၏ လုပ်နိုင်စွမ်းကို ချဲ့ထွင်ရာ၌ နိုင်ငံများအနေဖြင့် အလွန်နှေးကွေးသောခြေလှမ်းဖြင့် သွားနေခြင်းကို ဆိုလိုသည်။ ယင်းလုပ်နိုင်စွမ်းထောင်ချောက်သည် ကျဆုံးနေသည့်နိုင်ငံများ၏ ပင်မပြဿနာလည်း ဖြစ်သည်။ နိုင်ငံပေါင်းများစွာသည် ထုတ်လုပ်နိုင်စွမ်း အလွန်နိမ့်ပါးသော အနေအထား၌ ပိတ်မိနေဆဲဖြစ်ပြီး ယင်းကို ဆင်းရဲမွဲတေမှုထောင်ချောက်ဟုလည်း ခေါ်ကြသည်။ စီးပွားရေးကြီးထွားမှုသည် ဖွံ့ဖြိုးမှုနှင့်ပတ်သက်၍ တစ်ခုတည်းသော ရှုထောင့်ဖြစ်သော်လည်း ဖွံ့ဖြိုးမှုနှင့်ပတ်သက်၍ အခြားအဓိကဒိုင်မေးရှင်းတစ်ခုမှာ နိုင်ငံတော်၏ အုပ်ချုပ်ရေးဆိုင်ရာလုပ်နိုင်စွမ်းကို ချဲ့ထွင်ခြင်းအပြင် မူဝါဒများနှင့် စီမံကိန်းများ အကောင်အထည်ဖော်မှုကြောင့် ဖြစ်ပေါ်လာသော ဖြစ်စဉ်လမ်းကြောင်းအပေါ် သက်ရောက်သည့် အစိုးရအဖွဲ့၏ လုပ်ကိုင်နိုင်စွမ်းတို့ကို ကြည့်ခြင်းဖြစ်သည်။ ကျဆုံးနေသည့်နိုင်ငံများဟု အကဲဖြတ်သည့် အခြေခံအဖြစ် သတ်မှတ်ထားပြီးသား အကောင်းဆုံးလုပ်ထုံးလုပ်နည်း အာဂျင်ဒါများကို အကောင်အထည်ဖော်ခြင်းနှင့် ဆန်းသစ်မွမ်းမံမှုအတွက် နေရာကို လုပ်နိုင်စွမ်းထောင်ချောက်က ပိတ်ပစ်လိုက်ခြင်းတို့ကိုလည်း ကြည့်ရသည်။

ကျဆုံးနေသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကြေညာခြင်းနှင့်ပတ်သက်၍ ယေဘုယျသဘောအရ အငြင်းပွားဖွယ်ရာများရှိပြီး အရေးပါသော ပထဝီနိုင်ငံရေးဆိုင်ရာအကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်။ သို့သော် နိုင်ငံတစ်နိုင်ငံ၏ အစိုးရတစ်ရပ်အနေဖြင့် ကျဆုံးနေသည့်နိုင်ငံတစ်နိုင်ငံအဖြစ် ယူဆကြမည့်အရေးအား ရှောင်ရှားနိုင်ရန်အတွက် လုပ်နိုင်စွမ်းထောင်ချောက်အတွင်း ပိတ်မိမသွားစေရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇူလိုင် ၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent