မြန်မာ့ စက်မှုကုန်ထုတ်လုပ်ငန်းများ ရှစ်လဆက်တိုက် တိုးတက်ခဲ့သော်လည်း ထုတ်လုပ်မှုစရိတ် ဖောင်းပွနှုန်း မြင့်မားခြင်းနှင့် မကြာခဏ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းတို့ကို အဓိကစိန်ခေါ်ချက် အနေဖြင့် ရင်ဆိုင်နေရ

မြန်မာ့ စက်မှုကုန်ထုတ်လုပ်ငန်းများ ရှစ်လဆက်တိုက် တိုးတက်ခဲ့သော်လည်း ထုတ်လုပ်မှုစရိတ် ဖောင်းပွနှုန်း မြင့်မားခြင်းနှင့် မကြာခဏ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းတို့ကို အဓိကစိန်ခေါ်ချက် အနေဖြင့် ရင်ဆိုင်နေရ
Published 2 July 2019
စည်သူအောင်

မြန်မာ့ စက်မှုကုန်ထုတ်လုပ်ငန်းများ ရှစ်လဆက်တိုက် တိုးတက်ခဲ့သော်လည်း   ထုတ်လုပ်မှုစရိတ် ဖောင်းပွနှုန်း မြင့်မားခြင်း နှင့် မကြာခဏ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းတို့ကို အဓိက စိန်ခေါ်ချက်အနေဖြင့် ရင်ဆိုင်နေရကြောင်း ၂၀၁၉ ခုနှစ် ဇွန်လအတွက် ထုတ်ပြန်သော နစ်ကေး မြန်မာ့ စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း Manufacturing Purchasing Manager’s Index - ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း) အရ သိရသည်။

ဇွန်လ စစ်တမ်းဒေတာက မြန်မာနိုင်ငံရှိ ထုတ်လုပ်ရေးကဏ္ဍ တစ်ဝန်း၏ အခြေအနေများ အခိုင်အမာ တိုးတက်လာခြင်းကို အချက်ပြနေပြီး ထုတ်လုပ်မှုနှင့် အော်ဒါသစ်များ တစ်ဟုန်ထိုး တိုးလာမှုက တိုးတက်မှု တစ်ရပ်လုံးကို မောင်းနှင်ပေးခဲ့သည်။ ထို့ကြောင့် လုပ်ငန်းဆိုင်ရာ ယုံကြည်မှုမှာ အားကောင်းလာခဲ့ပြီး ၂၀၁၇ ခုနှစ် နှစ်ဆန်းမှစ၍ အမြင့်ဆုံး ဖြစ်လာသည်။

ဇွန်လတွင် ၅၃ (မေတွင် ၅၄ ဒသမ ၂)တွင်ရှိသော မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်းမှာ မြန်မာနိုင်ငံအတွင်း ကုန်စည် ထုတ်လုပ်ရေးကဏ္ဍ အခြေအနေ အခိုင်အမာ တိုးတက်လာခြင်းကို ထောက်ပြနေသည်။ သုံးလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားသော်လည်း တိုးတက်မှုမှာ ၂၀၁၅  ဒီဇင်ဘာမှ စတင်ခဲ့သည့် စစ်တမ်း၏ အလားအလာထက် မြင့်ခဲ့သည့်အပြင် နောက်ဆုံး သုံးလပတ် ပျမ်းမျှ ၅၃ ဒသမ ၇ မှာ မှတ်တမ်း သမိုင်းအတွင်း အားအကောင်းဆုံး ဖြစ်သည်။

ယခင်လများနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်းမှာ မသိမသာ အားပျော့လာခဲ့သည့်တိုင် စစ်တမ်း သမိုင်းတွင် အမြင့်ဆုံးအဖြစ် ဆက်လက်ရှိခဲ့ပြီး စစ်တမ်းတွင် ပါဝင်သူတို့က ဦးမော့လာမှုကို ပြည်တွင်းနှင့် ပြည်ပမှ ဝယ်လိုအား ကြီးမားလာခြင်းနှင့် ဆက်စပ် ဖော်ပြကြသည်။ လုပ်ငန်းသစ်များ တိုးတက်လာခြင်းမှာ ဇွန်လတွင် ဆက်လက် အားကောင်းခဲ့ပြီး ဖောက်သည်ဟောင်းများ ပြန်လည် ဝယ်ယူလာကြခြင်းနှင့် သုံးစွဲသူ အသစ်များကို ရှာတွေ့နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ကုန်စည် ထုတ်လုပ်သူတို့သည် လာမည့် တစ်နှစ်တာအတွက် ထုတ်လုပ်ရေး မျှော်မှန်းချက်များ ပိုမို အားကောင်းလာမည်ဟု မှတ်တမ်းတင်ခဲ့ကြပြီး လုပ်ငန်းဆိုင်ရာ ယုံကြည်မှု မြင့်မားလာခြင်းကြောင့် ထုတ်ကုန်သစ်များနှင့် နည်းပညာသစ်များတွင် ရင်းနှီးမြှုပ်နှံရန် စီမံလာကြသည်။

အခြားတစ်ဖက်တွင်လည်း စျေးနှုန်းများကိုကြည့်လျှင် ပေးသွင်းသည့် ပစ္စည်းများ၏ စျေးနှုန်းများ မြင့်တက်နေပြီး ကုန်ပစ္စည်းများ ရှားပါးမှုက စရိတ်စကများ၏ ဝန်ထုပ်ကို မြှင့်တင်ပေးလိုက်၍ ထည့်သွင်း ကုန်စရိတ် ဖောင်းပွမှုမှာ ဇွန်လတွင် မြင့်မားနေသည်။ ယခင်လထက် စျေးမြင့်တက်မှုနှုန်း လျော့ကျလာသော်လည်း သုံးစွဲသူများ၏ ဝယ်လိုအား တက်လာသောကြောင့် ထည့်သွင်း ကုန်စရိတ် မြင့်တက်လာမှုကို စျေးဝယ်သူများထံ လွှဲပြောင်း ဖို့ချခဲ့ကြသည်။ ရောင်းစျေးများ၏ ငွေကြေးဖောင်းပွမှုအရှိန် မှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာမှစပြီး အမြင့်ဆုံး ဖြစ်ခဲ့သည်။

ထုတ်လုပ်မှု စွမ်းပကားအပေါ် ဖိအားပေးမှုမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြောင့် ပိုမိုဆိုးရွားလာခဲ့ပြီး သုံးနှစ်အတွင်း လက်ကျန် အလုပ်များ၏ ကျဆင်းမှုနှုန်းကို အနှေးဆုံး ဖြစ်လာစေခဲ့သည်။ ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန် ပိုများလာခြင်းမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများနှင့် ဆက်စပ်နေခဲ့ပြီး လုပ်ငန်း ပြီးမြောက်ရန် ကြာမြင့်ချိန်များမှာ လွန်ခဲ့သော နိုဝင်ဘာမှစပြီး အနည်းငယ်မျှသာ ပိုကြာလာခဲ့သည်။

အဆိုပါ စစ်တမ်းကို ပြုစုပေးသည့် IHS Markit မှ စီးပွားရေးပညာရှင် Sain Jones က “ဇွန်လမှာ လုပ်ငန်း အခြေအနေတွေ ထပ်ပြီး အခိုင်အမာ တိုးလာခဲ့ပြီး ပြည်တွင်းပြည်ပ စျေးဝယ်သူတွေဆီက ဝယ်လိုအားတွေ ဆက်ပြီး အရှိန်ရ တိုးလာခဲ့တဲ့နောက်ပိုင်း ထုတ်လုပ်မှုနဲ့ လုပ်ငန်းသစ်တွေ ဦးမော့မှုက အရှိန်ကောင်းနေတုန်း ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပေးသွင်းတဲ့ ကုန်ပစ္စည်းစျေးနှုန်းတွေ မြင့်လာတာကြောင့် အမြတ်အစွန်း ရရှိမှုအပေါ် ဖိစီးနေကြပြီး ထည့်သွင်းကုန်စရိတ် ဖောင်းပွမှု မြင့်မားနေပါတယ်။ တစ်ချိန်တည်းမှာပဲ လျှပ်စစ် ပြတ်တောက်မှုတွေကြောင့် ထုတ်လုပ်မှု အခြေအနေ ဆုတ်ယုတ်လာခဲ့ပြီး မပြီးစီးဘဲ ကျန်နေတဲ့ အလုပ်တွေ များလာပါတယ်”ဟု ပြောကြားသည်။

ထုတ်ပြန်ထားသော စစ်တမ်းကို IHS Markit က စက်မှု ကုန်ထုတ်လုပ်ငန်းများထံ မှ ကောက်ယူ စုစည်းရရှိသည့် စစ်တမ်း မူလကိန်းဂဏန်းများကို အခြေခံ ပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးထားခြင်း ဖြစ်သည်။

Most Read

Most Recent