မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားကုမ္ပဏီများ အခက်အခဲ မရှိစေရန်အတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း (MIPP) ကို စတင်မိတ်ဆက် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားကုမ္ပဏီများ အခက်အခဲ မရှိစေရန်အတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း (MIPP) ကို စတင်မိတ်ဆက် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ဇွန် ၂၆ ရက်ကပြုလုပ်သည့် စီမံချက်မိတ်ဆက်ပွဲ အခမ်းအနားကို တွေ့ရစဉ်
နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ဇွန် ၂၆ ရက်ကပြုလုပ်သည့် စီမံချက်မိတ်ဆက်ပွဲ အခမ်းအနားကို တွေ့ရစဉ်
Published 26 June 2019

မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားကုမ္ပဏီများ အဆင်ပြေလွယ်ကူပြီး အခက်အခဲ မရှိစေရန်အတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (MIPP) ကိုစတင်မိတ်ဆက် ဆောင်ရွက်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောကြားသည်။

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ဇွန် ၂၆ ရက်ကပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော စက်မှုလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံှံမှု မြှင့်တင်ရေး စီမံချက် မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့် ခေတ်မီဖွံ့ဖြိုးပြီး သာယာဝပြောသည့်နိုင်ငံ ဖြစ်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ လိုအပ်သည့်အပြင် လက်ရှိတွင် JICA အကူအညီဖြင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (MIPP) ကို ချမှတ်လုပ်ဆောင်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

“ဒီဟာ (MIPP) ကို ဦးစီးကော်မတီလည်း ဖွဲ့ထားတယ်။ သက်ဆိုင်ရာလုပ်ငန်း ကော်မတီလည်း ငါးခုဖွဲ့ပြီးတော့ အောင်မြင်အောင် စီမံကိန်းတွေ အောင်မြင်အောင် ဒီနေ့ကစပြီးတော့ မိတ်ဆက်ပြီးတော့ စလုပ်တာ ဖြစ်ပါတယ်။ ဒီဟာကို အောင်မြင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံပေါင်းစုံက ကုမ္ပဏီတွေလည်း လာရောက်တဲ့ အခါမှာ အဆင်ပြေအောင်ပေါ့။ ဒီမှာလာရောက်တဲ့ အခါမှာလည်း လွယ်ကူအောင်၊ အခက်အခဲတွေလည်း မရှိအောင် ကျွန်တော်တို့က လုပ်နေတာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း (MIPP) သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် မူဝါဒလမ်းညွှန်ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံှံမှု စီမံကိန်း၏ အခြေပြုကိစ္စရပ်ပေါ် အခြေခံ တွက်ချက်ထားသည့် ရင်းနှီးမြှုပ်နှံှံမှု ဦးတည်ချက်များဖြစ်ကြောင်း  ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ယင်းဦးတည်ချက်များမှာ၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ နှစ်စဉ် ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ၊ ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိနှစ်စဉ် ဒေါ် လာ ၈ ဒသမ ၅ ဘီလျံ၊ ၂၀၂၆-၂၀၂၇ မှ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ နှစ်စဉ် ဒေါ်လာ ၁၂ ဒသမ ၃ ဘီလျံနှင့် ၂၀၃၁-၂၀၃၂ မှ ၂၀၃၅-၂၀၃၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလျံအသီး သီးခန့်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဆိုသည်။

ထို့ပြင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စက်မှုလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံချက်ကို စက်မှုဖွံ့ဖြိုး တိုးတက်မှု မူဝါဒများ ခိုင်မာစေရန်၊ ပြည်တွင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအကြား ချိတ်ဆက် ဆောင်ရွက်မှုများ မြှင့်တင်ရန်၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆွဲဆောင်ရန်၊ စီမံချက်၏ သတ်မှတ်နယ်ပယ် အတွင်းရှိ စက်မှုလုပ်ငန်းများ၏ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်လုပ်မှု၊ ဖြန့်ဖြူးမှုလုပ်ငန်းများ ပိုမိုအားကောင်း လာစေရန်နှင့် မြန်မာနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စက်မှုလုပ်ငန်းများကို မြှင့်တင်ရန် ရည်ရွယ်၍ ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ခဲ့သည့် ဥရောပခရီးစဉ်တွင် ဟန်ဂေရီနိုင်ငံနှင့် ချက်နိုင်ငံတို့မှ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းမှုများရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

နေရိုင်း၊ ဇေယျာထွန်း

Most Read

Most Recent