စီရော်နယ်လ်ဒိုကို တိုက်စစ်တွင် အဓိကနေရာပေးပြီး ဂိုး ၄၀ အထိသွင်းယူနိုင်ရန် ဆာရီ မျှော်မှန်းထား

စီရော်နယ်လ်ဒိုကို တိုက်စစ်တွင် အဓိကနေရာပေးပြီး ဂိုး ၄၀ အထိသွင်းယူနိုင်ရန် ဆာရီ မျှော်မှန်းထား
Photos : Juventus Facebook
Photos : Juventus Facebook
Published 24 June 2019

ဂျူဗင်တပ်စ်အသင်းနည်းပြသစ် ဆာရီသည် လာမည့်ရာသီတွင် စီရော်နယ်လ်ဒိုကို တိုက်စစ်၌ အဓိကနေရာပေးပြီး တစ်ရာသီ အတွင်း ဂိုး ၄၀ အထိသွင်းယူပေးနိုင်ရန် မျှော် မှန်းထားကြောင်း သိရသည်။

ဆာရီသည် ချယ်လ်ဆီးအသင်းကို တစ်ရာသီသာကိုင်တွယ်ပြီးနောက် လမ်းခွဲ၍ ဂျူ ဗင်တပ်စ်အသင်းသို့ သုံးနှစ်စာချုပ်ဖြင့် ပြောင်း ရွှေ့လာခြင်းဖြစ်ပြီး ဇွန် ၂၀ ရက်က မီဒီယာ များနှင့် မိတ်ဆက်ပွဲအခမ်းအနားပြုလုပ်ခဲ့ သည်။

ယင်းနေ့အပြီး တစ်ရက်အကြာမှာပင် ဆာရီနှင့် အားကစားဒါရိုက်တာ ပါရာတီချီ သည် စီရော်နယ်လ်ဒို အပန်းဖြေအနားယူနေသည့် ဂရိနိုင်ငံတောင်ပိုင်း Peloponnese ကျွန်းဆွယ်ရှိ ၎င်း၏ဇိမ်ခံသင်္ဘောသို့သွား ရောက်တွေ့ဆုံခဲ့ကြောင်း La Stampa၊ Corriere della Sera၊ Gazzetta dello Sport  သတင်းဌာနများက ရေးသားဖော်ပြသည်။

ဆာရီနှင့် စီရော်နယ်လ်ဒိုသည် အချင်းချင်း မိတ်ဆက်ပြီးနောက် နည်းဗျူဟာပိုင်းဆိုင်ရာ အပြောင်းအလဲပြုလုပ်မည့်အချက်များကို လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Gazzetta dello Sport  သတင်းစာ၏ဖော်ပြချက်အရ ဆာရီသည် စီရော်နယ်လ်ဒိုကို အဓိကထား၍ ဖန်တီးပုံဖော်မည်ဖြစ်ပြီး ၎င်းင်းအား တောင်ပံကစားသမားနေရာထက် နာပိုလီအသင်း၌ မာတင်၊ ချယ်လ်ဆီးအသင်း၌ ဟာဇက်တို့ကစားခဲ့သည့် False 9 ပုံစံ တိုက်စစ်နေရာတွင် ပိုမိုကစားစေရန် ရည်ရွယ်ထားကြောင်း သိရသည်။

ထို့အပြင် ဆာရီသည် နာပိုလီအသင်းအား ၎င်းတာဝန်ယူစဉ် တစ်ရာသီအတွင်း စီးရီးအေသွင်းဂိုးအများဆုံးအဖြစ် ဟီဂွါအင်စံချိန်တင်ခဲ့သည့် ၃၆ ဂိုးစံချိန်ကို စီရော်နယ်လ်ဒိုချိုးဖျက်နိုင်ရန် ဆန္ဒရှိနေကြောင်းလည်း ယင်းသတင်းတွင် ဆက်လက် ဖော်ပြထားသည်။

ဇွန် ၂၀ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စီရော်နယ်လ်ဒိုနှင့်ပတ်သက်၍ ဆာရီက ''တကယ်ကြံ့ခိုင်သန်မာတဲ့ ကစား သမားတွေကို ကျွန်တော် လေ့ကျင့်ပေးဖူးပါတယ်။ ဒါပေမဲ့ သူ့ကိုသာ လေ့ကျင့်ပေးလိုက်ရင် နောက်ထပ်တစ်ဆင့်ကို ထပ်ရောက်သွားမှာပါ။ စံချိန်မှတ်တမ်းသစ်တွေ သူထပ်ပြီးချိုး ဖျက်နိုင်ဖို့ ကျွန်တော်ကူညီပေးနိုင်မှာပါ''ဟု ပြောကြားထားသည်။

၂၀၁၈ ခုနှစ် နွေရာသီတွင် ရီးယဲလ် အသင်းမှ ယူရိုသန်း ၁၀၀ ဖြင့် ပြောင်းရွှေ့လာသည့် စီရော်နယ်လ်ဒိုသည် ၂၀၁၈-၂၀၁၉ ရာသီ စီးရီးအေပြိုင်ပွဲ၌ ၂၁ ဂိုးနှင့် ပြိုင်ပွဲစုံ ၂၈ ဂိုးသွင်းယူပြီး ဂျူဗင်တပ်စ်အသင်းအတွက် ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင် ခဲ့သည်။

သို့သော် ယင်းအရေအတွက်မှာ စီရော်နယ်လ်ဒိုအတွက် ရီးယဲလ်အသင်းသို့ မပြောင်းရွှေ့မီ ၂၀၀၈-၂၀၀၉ ရာသီနောက်ပိုင်း သွင်းဂိုးအနည်းဆုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent