နိုင်ငံတော်သမ္မတနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့၏ လုပ်ပိုင်ခွင့်များနှင့် သက်ဆိုင်သည့် အချက်များ ပါဝင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း

နိုင်ငံတော်သမ္မတနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့၏ လုပ်ပိုင်ခွင့်များနှင့် သက်ဆိုင်သည့် အချက်များ ပါဝင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း
မေ ၂၉ ရက်က ပြည်ထောင်စုလွှတ်တော် ကျင်းပစဉ်
မေ ၂၉ ရက်က ပြည်ထောင်စုလွှတ်တော် ကျင်းပစဉ်
Published 29 May 2019
စိုးမင်းထိုက်၊ စည်သူ

နိုင်ငံတော်သမ္မတနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့၏ လုပ်ပိုင်ခွင့်များနှင့် သက်ဆိုင်သည့် အချက်များ ပါဝင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြည်ခိုင်ဖြိုးပါတီမှ မိတ္ထီလာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်း အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြလာသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ နေပြည်တော်၌ မေ ၂၉ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်သို့ အသိပေး တင်ပြခဲ့ခြင်းဖြစ်သည်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၄၈ ပုဒ်မခွဲ(ဂ)တွင် နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် (၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ်ဝန်ကြီးဌာန များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ပြုနိုင်သည်၊ (၂) တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်ဝန်ကြီးဦးရေကို လိုအပ်သလို သတ်မှတ် နိုင်သည်။ ထို့ပြင် သတ်မှတ်ဦးရေကို တိုးခြင်း၊ လျှော့ခြင်း ပြုနိုင်သည်ဟု ပြဋ္ဌာန်းထားခြင်းကို နိုင်ငံတော် သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့်ဟူ၍ အစားထိုးလိုကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ဆက်လက်၍ အခြေခံဥပဒေ၏ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (ခ) တွင် နိုင်ငံတော်သမ္မတသည် (၁) လုပ်ငန်းတာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအား ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှ ရပ်စဲရမည်ဟု ပြဋ္ဌာန်းထားခြင်းကို ပြည်ထောင်စုသမ္မတ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရန် ပျက်ကွက်သော သို့မဟုတ် လုပ်ငန်းတာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအား ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှ ရပ်စဲရမည်ဟူ၍ အစားထိုးလိုကြောင်း ဥပဒေကြမ်းတွင် ပါရှိသည်။

ထို့ပြင် အခြေခံဥပဒေပုဒ်မ ၃၂၂၊ ပုဒ်မ ခွဲ (ခ) တွင် ပြည်ထောင်စုလွှတ်တော်၊ တိုင်း ဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီး အဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့တို့က ပြဋ္ဌာန်းသည့် ဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ခြင်းဟု ပြဋ္ဌာန်းထားခြင်းကို ဥပဒေ ပြုအာဏာပိုင်ဖြစ်သော လွှတ်တော်များနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ အနက် အဓိပ္ပါယ်ဖွင့်ဆိုခြင်းဟူ၍ အစားထိုးလို ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၀၂ တွင် ပြဋ္ဌာန်းထားသော ရွေးကောက်တင် မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ၊ ရွေး ကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများနှင့် နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရ ဆောင်ရွက်သော ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက် ချက်များသည် အပြီးအပြတ် အတည်ဖြစ်စေရမည်ဟု ပြဋ္ဌာန်းထားခြင်းကို အထက်ပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များအပေါ် ဥပဒေနှင့်အညီ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အယူခံဝင်ခွင့် ရှိစေရမည်ဟု အစားထိုးလိုကြောင်း ဥပဒေကြမ်းတွင် ပါရှိသည်။

အဆိုပါ ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေကြမ်းကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၄၀ နှင့် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် ၁၀၅ ဦးတို့ က ထောက်ခံတင်ပြလာခြင်းဖြစ်ပြီး မတ် ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်က လက်ခံရရှိကာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးခြင်း မပြုမီ အသေးစိတ်လေ့လာ စိစစ်နိုင်ရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော် ဥပဒေကြမ်းကော်မတီဝင်အားလုံး ပါဝင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီကို ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၅ နှင့်အညီ ဖွဲ့စည်းတာဝန်ပေးအပ်ထားကြောင်း သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁ နှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်ကို တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်က ရွေးချယ်နိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် တင်သွင်းခဲ့ဖူးသော်လည်း ယင်းကိစ္စကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်သွင်းလာမည့် မူကြမ်းတွင် တပေါင်းတည်း လေ့လာစိစစ်ရန် ပြည်ထောင်စု လွှတ်တော်၌ ဆုံးဖြတ်ထားသည်။                               

 

Most Read

Most Recent