နောက်ဆုံးအုပ်စု

နောက်ဆုံးအုပ်စု
Photo :wikipedia
Photo :wikipedia
Published 24 May 2019
အေးမင်းစော

ပညာရှင်များက ဘေးမှာ လျှောက်သွား ရင်း စားပွဲဝိုင်းမှာ ၀ိုင်းထိုင်နေကြသူများကို စေ့ငုလျက်ရှိ၏။ ထိုင်နေသူထဲမှ တစ်ယောက်  က ရှေ့မှ စာရွက်ကို ကြည့်ရင်း သူ့စိတ်ထဲ ရှိသမျှ ကြက်တူရွေးတစ်ကောင်လို အဆက် မပြတ် ရေရွတ်လျက်ရှိ၏။ နောက်တစ် ယောက်က ထုံပေပေမျက်နှာထားနှင့် စာ ရွက်လည်း မကြည့်၊ ဘာဆို ဘာမှ စိတ်မဝင် စားဟန် ကျောက်ရုပ်တစ်ခုပမာ မလှုပ်မ ယှက်။ နောက်တစ်ဦးကမူ စားပွဲမှာ ထိုင်နေ သူများဆီ မလိုတမာဟန်ဖြင့် “ချို” ကြည့် ကြည့်လျက်။ နောက်ဆုံးတစ်ယောက်က တော့ ကုလားထိုင်ကို အတည့်မထိုင်ဘဲ  ကားယားခွလျက် စားပွဲကို နောက်ကျောပေး ထိုင်နေသည်။

ထိုအချိန်မှာပင် ပညာရှင်တစ်ယောက် က ခေါင်းဆတ်ပြလိုက်သည့်အခါ ဘေးရှိ လိုက်ကာနောက်မှနေ၍ နောက်ထပ်ပညာ ရှင်တစ်ယောက် ထွက်လာပြီး စားပွဲမှာ ထိုင် နေသူများအနားသို့ သွားသည်။ ပြီးနောက် လက်ထဲ၌ ပါလာသော ကိရိယာကို အသုံး ပြု၍ တွက်ချက်ခြင်းများကို ပြုလုပ်သည်။ ခဏအကြာတွင် သူ၏အလုပ် ပြီး၍ ရှိနေ သော ပညာရှင်များနှင့် ခေါင်းချင်းဆိုင်  တိုင် ပင်ကြသည်။

အချို့ ခေါင်းတညိတ်ညိတ်နှင့် ရှိသကဲ့ သို့ တစ်ခါတစ်ခါလည်း ခေါင်းတခါခါ။  ပြီး တော့  စာရွက်ထဲ ရေးမှတ်ကြ၊ ကွန်ပျူတာထဲ ဖြည့်သွင်းကြနှင့် အခန်းတစ်ခုလုံးက တိတ် ဆိတ်သွားပြန်သည်။ ထိုအချိန်သည် သီယေ တာ၏ ခုံတန်းအသီးသီးတွင် ရှိနေကြသော လေ့လာသူများအတွက် တစ်ကမ္ဘာမက  ကြာ သော အချိန်ပင်ဖြစ်၏။

သူတို့၏ သိလိုစိတ်တို့သည် ဦးခေါင်း များအတွင်းမှ ခုန်ပေါက်ထွက်လာတော့မ လား ထင်ရလောက်အောင် သူတို့၏မျက်လုံး များက သိလိုစိတ်နှင့် အရောင်တဖျတ်ဖျတ်  လက်နေကြကုန်၏။ အချို့က မနေနိုင်တော့ သည့် အားလျော်စွာ ဘေးမှလူကို မေးသည်။ ထင်မြင်ချက်များ ပေးကြသည်။ မလှမ်းမကမ်းမှ လူဆီ မေးငေါ့ခြင်းများ၊ ခေါင်းညိတ်  ခေါင်းခါခြင်းများ ပြုပြီး မရိုးမရွဖြစ်မှုကို ပြ သနေကြ၏။

မကြာပါချေ၊ ပညာရှင်အစု၏ ခေါင်းဆောင်က ရှေ့ထွက်လာချိန်တွင် အခန်းသည်  အပ်ကျသံပင်  မကြားရလောက်အောင်  တိတ်ဆိတ်သွားသည်။ သူက လည်ချောင်း တစ်ချက် ရှင်းရင်း စင်ရှေ့ဆီ၌ ရပ်သည်။ “အ ဟမ်း ၊ အားလုံးကို အနူးအညွတ် တောင်းပန်ပါတယ်ခင်ဗျား။ ကျွန်တော်တို့ဟာ လုပ်ရိုး လုပ်စဉ်အတိုင်း ဟောဒီ သုတေသနပြုမှုကို  ချဉ်းကပ်ခဲ့ပါတယ်။ အဆင့်လိုက် နည်းစဉ်တွေ၊ တွေ့ရှိချက်တွေကို စနစ်တကျ အုပ်စု ခွဲတာကစလို့ လုပ်သင့်လုပ်ထိုက်တာတွေ  အကုန်လုံးကို လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဟာ ဒီလိုသုတေသနပေါင်း ရာထောင်ချီမက လုပ်ခဲ့ကြဖူးပါတယ်။ ဒီတော့ ဒီနယ်ပယ်မှာ အတွေ့အကြုံများပါတယ်။ ဒီသုတေသနနဲ့ ပတ်သက်လို့လည်း ဒီလိုပဲ ချဉ်းကပ်ခဲ့တာပါ။ ဒါပေမဲ့ ဒီတစ်ခါဟာဖြင့် ကျွန်တော်တို့အ တွက်  မထင်မှတ်မှုတွေကို အထူးပဲ ကြုံတွေ့ခဲ့ရတာ သေချာပါတယ်။ ဆိုပါတော့၊ သုတေသနဆိုတာ အသစ်ထပ်မံတွေ့ရှိမှုတွေဆီ သွားတဲ့ခရီးပါပဲ။ ဒီတော့ ပါဝင်ပတ်သက်နေသူ တွေဟာ နား၊ မျက်စိ အစွမ်းကုန်ဖွင့်ထားနိုင် မှ တန်ကာကျတာမျိုးပါ။ ကျွန်တော်တို့ဟာ  နားတွေ ဖွင့်ထားခဲ့ပါတယ်၊ မျက်စိတွေကိုလည်း မပိတ်ခဲ့ပါဘူး။ သေချာပါတယ်၊ ကျွန် တော်တို့ရဲ့ ဒီပညာရပ်နယ်ပယ်ဟာဖြင့် ဒီနေ့၊ ဒီအချိန်မှာ စိန်ခေါ်မှုအကြီးကြီးနဲ့ မျက်နှာချင်းဆိုင် ဝင်တိုးတိုက်မိခဲ့တာဖြင့် သေချာ လှပါတယ်။ စိန်ခေါ်မှု၊ ဟုတ်တယ် ရိုးရိုး စိန်ခေါ်မှုမဟုတ်တဲ့ မဟာစိန်ခေါ်မှု။ ကျွန် တော်တို့ဟာ ကိုယ့်ပညာရပ်နယ်ပယ်ရဲ့ သိမှု လောက်နဲ့ မလုံလောက်တော့လို့  ပြင်ပ ပညာ ရှင် အကူအညီကို တောင်းခံရတဲ့အထိပါပဲ။  သူဟာ သူ့ပညာရပ်နယ်ပယ်မှာ အနှစ် ၅၀ ကျော် အတွေ့အကြုံရှိသူဖြစ်လို့ သူ့ရဲ့တွေ့ရှိ  ချက်ကို မူလ ကျွန်တော်တို့ရဲ့ တွေ့ရှိချက်မှာ  ထပ်ပေါင်းလို့ ခုအတည်ပြုချက်ကို ကြေညာ ပါတော့မယ်”

ထိုအချိန်တွင် လူများထဲမှ အသံတစ် ခု ပေါ်လာသည်။ “လုပ်ပါတော့ဗျို့၊ သိချင်လှ ပြီ”။

ပညာရှင်က  သူ့ဆီ ကြည့်ရင်း ပြုံးလျက် က ခေါင်းညိတ်ပြသည်။ ယင်းနောက် သူက  စကားကို ဆက်၏။ “ကျွန်တော်တို့ဟာ ပထ မဆုံး စာရွက်ပေါ်မှာ ပြဿနာတချို့ကို ပေး ထားပြီး ဆွေးနွေးစေပါတယ်။ သူတို့ ပြောဆို နေစဉ်မှာ သူတို့ရဲ့ စကားလုံးအသုံးအနှုန်း တွေကို သရုပ်ခွဲ မှတ်တမ်းတင်ပါတယ်။ ပြီး တော့ သူတို့အပြုအမူတွေကို ခွဲခြမ်းစိတ်ဖြာ ပါတယ်။ အကြိမ်များစွာကို လုပ်ခဲ့ကြတာပါ။  ဒါ့ကြောင့်လည်း အချိန် ကြာသွားတာပါ။  နောက်ဆုံး ကျွန်တော်တို့အချင်းချင်းကြား  အပြန်အလှန် တိုင်ပင်ဆွေးနွေးတဲ့တိုင် တိ ကျတဲ့ အဖြေထုတ်ဖို့ ခက်ခဲနေခဲ့ပါတယ်။ ဒါ့ ကြောင့်ပဲ နောက်ဆုံးမှာ ပညာရှင်တစ်ဦး အ ကူအညီ ယူခဲ့ရတော့တာပါ။ သူကတော့ ခန္ဓာဗေဒနဲ့  ဇီဝကမ္မဗေဒကြားက အဆက်အ စပ်ကို လိုက်လံတူးဆွရင်း စိတ်ပညာနဲ့ ချိန် ထိုးကြည့်တဲ့နည်းကို သုံးခဲ့ပါတယ်။ ကျန်တာ တွေမှာ ရှေ့က အုပ်စုတွေနဲ့  ခုစမ်းသပ်ခံ အုပ်စုကြား သိပ်ကြီးမားတဲ့ ကွာဟချက်မျိုး မတွေ့ရပေမဲ့ နှစ်နေရာမှာဖြင့် သူဟာ ကြီး မားတဲ့ ထူးခြားချက်ကြီးနှစ်ခုကို ရှာဖွေတွေ့ ရှိခဲ့ပါတယ်။ ပထမအချက်က ခုအုပ်စုရဲ့ ပါး စပ်ဟာ ရှေ့အုပ်စုတွေထက် သိသာစွာ ပို ကျယ်နေတာပါ။ ဆိုပါစို့၊  ‘တိဗက်တို’အုပ်စု ရဲ့ ပျမ်းမျှပါးစပ်အကျယ်ဟာ ခြောက်စင်တီ မီတာရှိတယ်ဆို၊ အခုအုပ်စုက သုံးစင်တီမီ တာတိတိ ပိုကျယ်နေပါတယ်။ ပြီးတော့ လျှာ အရှည်ပါ။ တိဗက်တိုတွေရဲ့ ပျမ်းမျှထက်  ငါးစင်တီမီတာတိတိ ပိုရှည်နေပါတယ်။ ဒီ့ ထက် ထူးခြားတာကတော့ သူတို့ရဲ့ ဦးနှောက် အဖွဲ့အစည်းပါ။ သူတို့ရဲ့ဦးနှောက်တွေဟာ  ပုံမှန်ရှိသင့်တာထက် ၂၀ ရာခိုင်နှုန်း ကျုံ့ဝင် နေတာပါပဲ။ ဒါဟာ အတော်ကြီးမားတဲ့ ကွာ ဟချက်ပဲ။ ဒီမှာပဲ ကျွန်တော်တို့ရဲ့ ပိတ်ဆို့နေ တဲ့ ဦးခေါင်းတွေ အလိုလို ဖျန်းကနဲ ပွင့်ထွက် သွားသလို အဖြေတစ်ခုကို ဆုပ်ကိုင်မိလိုက် ကြပါတော့တယ်။ ဟုတ်ပါတယ် ...”

ပညာရှင်က စကား မဆက်သေးဘဲ နောက်လှည့်ကြည့်ချိန်၊ အခန်းထဲမှ လူများ က သိလိုစိတ်ဖြင့် အကုန် မတ်တတ်ရပ်ကုန် ကြပြီ။ အခန်းသည် အာကာသဟင်းလင်းပြင် တစ်ခုကဲ့သို့ တိတ်ဆိတ်မှုဖြင့် အတိပြီးလျက်။

ပညာရှင်က လူများဘက်သို့ ပြန်လှည့် လာပြီး “ဘယ်လိုလဲ စိတ်လှုပ်ရှားနေကြပြီ လား၊ ခင်ဗျားတို့ ထင်မြင်ချက်တွေ မှန်လား မှားလား အဖြေတိုက်ကြည့်ကြပေတော့။ ဟုတ်ပါတယ်၊ ဒီမျိုးနွယ်စု၊ အထူးပြုပြောရ ရင် ကျွန်တော်တို့လို ပညာရှင်တွေကို ခေါင်း ခြောက်အောင်နဲ့  ရူးမတတ် စဉ်းစားခြင်းတွေ  ပေးစွမ်းနိုင်တဲ့ ဟောဒီအုပ်စုဟာ တခြား တော့ မဟုတ်ပါဘူး။ အရှေ့တောင်အာရှ ကျွန်းဆွယ်ကြီးရဲ့ အနောက်ဖက်ဆုံးမှာ နေ တဲ့အုပ်စု၊ တစ်နည်းပြောရရင် ...” ပညာ ရှင်မှာ စကားဆက်ခွင့်မသာဘဲ သူ့အသံက ရှေ့ကလူများ၏ ကောင်းချီးသြဘာသံများ အောက် ပျောက်သွားသည်။

“ဟေး ဟေး ၀ိုး ၀ါး”

အသံများက အလွန်ပင် ကျယ်လောင် သကဲ့သို့ အချိန်အားဖြင့်လည်း အတော်ကြာ လျက်ရှိရာ ပညာရှင်များမှာ ခေါင်းတညိတ် ညိတ်ပြုရင်း ရှိနေကြ၏။ ထိုသို့ဖြင့် နှစ်မိ နစ်သာသာအကြာခန့်ကျမှ အသံများက တဖြည်းဖြည်း စဲသွားသည်။

သို့ရာတွင် ထိုအချိန်ထိတိုင် အသံမစဲ နိုင်သူတစ်စုကဖြင့် အခန်းထဲတွင် ရှိနေလေ ၏။ ထိုသူတို့မှာ အခြားတော့မဟုတ်၊ စား ပွဲဝိုင်း၌ ပုံစံမျိုးစုံဖြင့် အကျအန ထိုင်နေ ကြသော အစမ်းသပ်ခံအုပ်စုဝင်များ ဖြစ်ကြ သည်။ သူတို့သည် မတ်တတ်ရပ်ရင်းက ပရိ သတ်ဆီ မျက်နှာမူလျက် အားပါးတရ လက် ခုပ်လက်ဝါးတီးလျက်ရှိလေသည်။ ထိုအထဲ က တစ်ယောက်ကမူ အားမရ၍ထင့်၊ စားပွဲ ပေါ် ခုန်တက်ရင်း လက်ခုပ်တီးသည်။ ထိုအ ခါ တစ်ယောက်ကလည်း အားကျမခံ လက် ခေါက်မှုတ်သည်။ “ရွှီး ရွှီး”။ ထိုအချိန်တွင်  ကျန်တစ်ယောက်က အားကျမခံ ရှေ့ ထွက်ပြီး သူ့အကျႌလက်မောင်းကို တံတောင် ဆစ်ထိ ပင့်တင်ရင်း အော်သည်။

“သာကီမျိုးဟေ့”ထိုအချိန်တွင် ပရိ သတ်ကြီးက လက်ခုပ်လက်ဝါးတီး၍ သြဘာ ပေးကြသည်။ “ဟေး ၀ိုး”။ ဤအချိန်တွင်မူ  စားပွဲဝိုင်း၌ ရှိနေသော အုပ်စုဝင်များသည် ဝမ်းသာအားရဟန်နှင့် စားပွဲကို ၀ိုင်းပတ်ရင်း  ကခုန်မြူးတူးလျက် ရှိနေတော့သည်။

Most Read

Most Recent