အင်ဖရာရှော့

အင်ဖရာရှော့
Published 24 May 2019

၂၀၁၈ ခုနှစ် မတ် ၁၅ ရက်တွင် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ တစ်စောင်က တုန်လှုပ်ဖွယ်ရာ တစ်ရပ်ကို ဖော်ပြခဲ့သည်။ ဝင်ငွေ နိမ့်ပါးသောနှင့် အလယ်အလတ်ရှိသော နိုင်ငံများ၌ အင်စတီးကျူးရှင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ ပါဝင်မှု နည်းပါးခြင်းကို ထောက်ပြခဲ့ခြင်း ဖြစ်သည်။ အခြေခံ အဆောက်အအုံ၌ ပုဂ္ဂလိက အခန်းကဏ္ဍများ ပါဝင်မှု (PPI) တွင် စုဆောင်းထားသော အချက်အလက်များမှနေ၍ ကောက်ချက် ဆွဲယူထားသော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာသည် ယင်းကဲ့သို့သော အခြေခံ အဆောက်အအုံသို့ အင်စတီကျူးရှင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ ထိတွေ့မှုသည် စိုးရိမ်ဖွယ် ကောင်းလောက်အောင် နိမ့်ပါးပြီး ထိထိရောက်ရောက် တိုးတက်ရန် လိုအပ်ကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။

အင်စတီကျူးရှင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ ပါဝင်မှု (၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ် ပထမနှစ်ဝက်၌ အခြေခံ အဆောက်အအုံ ကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ ပါဝင်မှု) နှင့် ပတ်သက်သော အဆိုပါ အစီရင်ခံစာသည် စွမ်းအင်ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ အများပြည်သူအတွက် ရေနှင့် သန့်ရှင်းရေး စီမံကိန်းများ အစရှိသည်တို့အပြင် သဘာဝဓာတ်ငွေ့ လွှဲပြောင်းမှုနှင့် ဖြန့်ဝေမှုတို့ကို အဓိက ထားသော်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူမှုတို့ကို ထည့်သွင်း မထားပေ။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၂၀၁၄ မှ ၂၀၂၀ အတွင်း လက်ရှိ ဝန်ဆောင်မှု အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်ရန်နှင့် အခြေခံ အဆောက်အအုံ လိုအပ်ချက် အသစ်များကို ပြည့်မီစေရန် နှစ်စဉ် အမေရိကန်ဒေါ်လာ ၈၃၆ ဘီလျံ (လက်ရှိ GDP ၏ ၆ ဒသမ ၁ ရာခိုင်နှုန်း) ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း အဆိုပါ အစီရင်ခံစာက ဖော်ပြခဲ့သည်။

သို့သော် ယခုလက်ရှိတွင် ၀ ဒသမ ၆၇ ရာခိုင်နှုန်းသာ ရှိနေသည့် ယင်းကဲ့သို့သော စျေးကွက်များသို့ အင်စတီကျူးရှင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၎င်းတို့၏ ထိတွေ့မှုကို ထိထိရောက်ရောက် တိုးမြှင့်ရန် လိုအပ်မှုကို ယင်းအစီရင်ခံစာက ဖော်ပြရုံသာမက ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် ၎င်းတို့၏ သုံးစွဲမှုကို ဒေါ်လာ ၄၅၂ ဘီလျံသို့ ရောက်အောင် နှစ်စဉ် နှစ်ဆ တိုးမြှင့်ရန် လိုအပ်ကြောင်းလည်း ဖော်ထုတ်ပြခဲ့သည်။ လွန်ခဲ့သည့် ၂၇ နှစ်အတွင်း (၁၉၉၀ မှ ၂၀၁၆ ခုနှစ်) ဖွံ့ဖြိုးဆဲ နိုင်ငံများ၌ အခြေခံ အဆောက်အအုံကဏ္ဍတွင် စုစုပေါင်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို PPI Database အရ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ထရီလျံသာ ရှိကြောင်းလည်း ဖော်ပြထားသည်။ ယင်းမှာ သယ်ယူ ပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍနှင့် ရေအရင်းအမြစ် ကဏ္ဍတို့၌ ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။

အဆိုပါ အစီရင်ခံစာတွင် ဝင်ငွေနိမ့်ပါးသောနှင့် အလယ်အလတ် ရှိသော နိုင်ငံများ၌  အခြေခံ အဆောက်အအုံကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန် အင်စတီကျူးရှင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ အနေနှင့် သက်သောင့် သက်သာဖြစ်မည့် ဝန်းကျင်တစ်ရပ်ကို ဖန်တီးနိုင်ပုံကိုလည်း ဖော်ထုတ်ပြသခဲ့သည်။ မူဝါဒရေးရာနှင့် ပတ်သက်၍ အဓိက အချက်တစ်ရပ်မှာ အစိုးရအဖွဲ့များနှင့် ဘက်အသီးသီးတို့ အနေဖြင့် အခြေခံ အဆောက်အအုံကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုကို အားပေးသည့် အင်စတီကျူးရှင်းဆိုင်ရာ ဝန်းကျင်တစ်ရပ် ထောက်ပံ့ရေးကို ကူညီရန် ဖြစ်သည်။ သို့သော် အင်စတီကျူးရှင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ ပါဝင်ရန်အတွက် မှန်ကန်သော အနေအထား တစ်ရပ်ကို တည်ဆောက်ရန် စည်းမျဉ်း စည်းကမ်းဆိုင်ရာ ထိန်းချုပ် ကန့်သတ်မှုများနှင့် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် သစ္စာရှိရှိ တာဝန်ယူရန် လိုအပ်မှုများကို နားလည် သဘောပေါက်ရန်လည်း လိုအပ်ကြောင်း ဖော်ပြထားသည်။

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အခြေခ ံအဆောက်အအုံကဏ္ဍ၌ လိုအပ်ချက် များပြားပြီး ရင်းနှီးမြှုပ်နှံမှု နည်းပါးလွန်းနေခြင်းကို အင်ဖရာရှော့ (infra shock) ဟု ခေါ်ဆိုရမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မေ ၂၄ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent