နည်းပညာ၏ ခြိမ်းခြောက်မှုခံလာရသော ဒီမိုကရေစီ

နည်းပညာ၏ ခြိမ်းခြောက်မှုခံလာရသော ဒီမိုကရေစီ
Published 22 May 2019

“နည်းပညာဆိုင်ရာ စိတ်ကူးယဉ်လောက” (Techno – utopianism) ဟုခေါ်သည့် အိုင်ဒီယိုလိုဂျီအမြင့်ဆုံးအမှတ်ကို ရောက်နေပြီဟု အနာဂတ်မျိုးဆက်များအနေဖြင့် ရှုမြင်လာနိုင်သော၂၀၀၉ ခုနှစ်တွင် ဂေါ်ဒွန်ဘရောင်းသည် TED ကွန်ဖရင့် စင်မြင့်ပေါ်သို့ ရောက်ရှိလာခဲ့သည်။ အိုင်တီလောက၏ အတွေးအခေါ်ဆိုင်ရာပွဲကို ဗြိတိန်၌ ပြုလုပ်ခဲ့ပြီး ဘရောင်းက နိိုင်ငံရေး၊ နည်းပညာနှင့် (သူ့အခေါ်) ‘စစ်မှန်သော ကမ္ဘာ့လူ့အဖွဲ့အစည်းဖန်တီးရေး’ ဟူသည်များကိုပြောကြားရန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သူက အလွန်အားကောင်းသည့် မက်ဆေ့ချ်တစ်ရပ်ကို ဖြန့်ဝေခဲ့သည်။ “ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အသိတရားရဲ့ ပါ၀ါက ဆက်သွယ်ရေးဆိုင်ရာ ပါ၀ါနဲ့ မဟာမိတ်ပြုခဲ့ပါတယ်။ နိုင်ငံတကာကို စည်းရုံးနိုင်တဲ့ ကျွန်တော်တို့ရဲ့ စွမ်းရည်နဲ့အတူ ကမ္ဘာကို အခြေခံအုတ်မြစ်ကနေ ပြောင်းလဲလိုက်ပါတယ်”ဟု ဘရောင်းက ဆိုသည်။ ယင်းသည် နည်းပညာနှင့်ဆိုင်သည့် လူအစုအဝေးကို နိုင်ငံရေးသမားတစ်ဦး ပြောလိုက်သည့် စကားဖြစ်သည်။ ဘရောင်း၏သဘောတရားမှာ “လူတွေဟာ မရှိမဖြစ်သဘောအရကို ကောင်းမွန်တဲ့သူတွေပါ၊ ကျွန်တော်တို့နဲ့ ဘဝတူလူတွေအတွက် ခံစားနိုင်ပြီး နည်းပညာဟာ ပိုမိုကောင်းမွန်မှုတွေကို ဆောင်ရွက်ပေးနိုင်တဲ့အရာပါ။ နည်းပညာက ကျွန်တော်တို့နဲ့ပတ်သက်တဲ့ အကောင်းဆုံးကို ကြိုးကိုင်ပေးပါလိမ့်မယ်” ဟူ၍ ဖြစ်သည်။

ယင်း TED ကွန်ဖရင့်မှာပင် နောက်ထပ်အသံတစ်သံကို ကြားရသည်။ မထင်မရှား ဘီလာရုစ်လူငယ်ပညာရှင်တစ်ဦးဖြစ်သော ယဲ့ဂန်နီမိုရိုဇော့ဗ်၏ အသံဖြစ်သည်။ သူက ကွဲပြားခြားနားသော မက်ဆေ့ချ်တစ်ခုကို ပေးခဲ့သည်။ သူက အာဏာရှင်အစိုးရများသည် နည်းပညာကို သူတို့၏ရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်ကြောင်း၊ အသုံးပြုခဲ့ကြောင်း ပြောပြသည်။ “နည်းပညာနဲ့ လွတ်လပ်ခွင့်တို့ဟာ မဖြစ်မနေ အတူယှဉ်တွဲလာတာမျိုး မဟုတ်ခဲ့ဘူး။ ခင်ဗျားသာ ဘီလာရုစ်မှာ မွေးလာတယ်ဆိုရင် သောက်သုံးမကျတဲ့ဟာကို တစ်မိုင်အကွာလောက်ကတည်းက အနံ့ရမှာပဲ” ဟု သူက နာကြည်းစွာပြောခဲ့သည်။

နည်းပညာသည် နိုင်ငံခြားရေးမူဝါဒကို ထာဝရပြောင်းလဲပစ်ခဲ့ရုံသာမက နိုင်ငံရေးကိုပါ ထာဝရ ပြောင်းလဲပစ်ခဲ့ကြောင်းနှင့် ရွေးကောက်ပွဲများကိုလည်း ထာဝရပြောင်းလဲပစ်ခဲ့ကြောင်း ၂၀၁၆ခုနှစ်က သင်ခန်းစာပေးခဲ့သည်။ စီအိုင်အေအစီရင်ခံစာက ရုရှားအစိုးရသည် အမေရိကန်ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ အမေရိကန်သည် စီအိုင်အေကို နိုင်ငံရပ်ခြားမှ ရွေးကောက်ပွဲများအား စွက်ဖက်နှောင့်ယှက်ရာ၌ အသုံးပြုခဲ့မှုက ဝဋ်ပြန်လည်သည်ဟု ဆိုရမည်ဖြစ်သည်။ ထိုမျှမက ဒီမိုကရေစီကိုယ်တိုင် နည်းပညာ၏ စွက်ဖက်နှောင့်ယှက်ခြင်းခံခဲ့ရသည်။ Google နှင့်  Facebook တို့အား မိမိတို့၏ ဘုရင်အသစ်များအဖြစ် ရှုမြင်ပြီး ကြောက်နေရမည်လား။ မည်သူ့အီးမေးလ်မဆို ခိုးယူခံရပြီး ပေါက်ကြားနိုင်၊ သက်သေအထောက်အထားအဖြစ် ချသုံးနိုင်၊ မိိမိကို ဒုက္ခရောက်အောင်လုပ်ရန် မိမိ၏ အီးမေးလ်နှင့် Facebook အကောင့်ကို သုံးနိုင်ဆိုသည်မျိုးကို လက်ခံရမည်လား။ ယင်းကဲ့သို့သော အနေအထား၌ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဟူသည် ဖြစ်နိုင်ပါ့မလား အစရှိသောမေးခွန်းများ ပေါ်ထွက်လာသည်။

Facebook ၌ သတင်းအတုများ ဖြန့်သည့် ပြဿနာသည်လည်း မသေးလှပေ။ Facebook သည် သတင်းအတုများ၏ ကြီးမားလှသော ဂေဟစနစ်မျက်နှာစာကြီးတစ်ခု ဖြစ်နေသည်။ မြောက်ကယ်ရိုလိုင်းနားပြည်နယ် အယ်လွန်တက္ကသိုလ်မှ ဆက်သွယ်ရေးပညာတွဲဖက်ပါမောက္ခ ဂျိုနသန်အောဘရိုက်က “တကယ့်သက်ရှိလောကကို တုပထားတဲ့ အဲဒီဂေဟစနစ်တစ်ရပ်ဟာ နေ့စဉ်နဲ့အမျှ ကြီးထွားလာ၊ အားကောင်းလာနေတာ ကင်ဆာရောဂါလိုပါပဲ” ဟုပင် ဆိုလေသည်။ နည်းပညာကြောင့် မည်သည့်အရာများ ဆက်ဖြစ်လာဦးမည်ဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။ သို့သော် မီးပျက်ည၌ အမှောင်ထုကြီးက လွှမ်းမိုးသွားသည့်အချိန်မှာပင် ပြည်သူတို့သည်ကား ပွတ်ကြည့်စရာဖုန်းများ တကိုင်ကိုင်ဖြင့်သာ ရှိနေမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(မေ ၂၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်)

Most Read

Most Recent