အစိုးရသစ် သုံးနှစ်တာကာလအတွင်း နှစ်စဉ်လျှပ်စစ်ဓာတ်အား ၁၂ ရာခိုင်နှုန်း တိုးတက်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး တတိယတစ်နှစ်တာအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု အမြင့်ဆုံးမဂ္ဂါဝပ် ၃၇၀၀ အထိရှိခဲ့ဟုဆို

အစိုးရသစ် သုံးနှစ်တာကာလအတွင်း နှစ်စဉ်လျှပ်စစ်ဓာတ်အား ၁၂ ရာခိုင်နှုန်း တိုးတက်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး တတိယတစ်နှစ်တာအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု အမြင့်ဆုံးမဂ္ဂါဝပ် ၃၇၀၀ အထိရှိခဲ့ဟုဆို
Published 10 May 2019
ဇေယျာငြိမ်း

အစိုးရသစ်သုံးနှစ်တာကာလအတွင်း နှစ်စဉ် လျှပ်စစ်ဓာတ်အား ၁၂ ရာခိုင်နှုန်း တိုးတက်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး တတိယနှစ်အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု အမြင့်ဆုံးမဂ္ဂါဝပ် ၃၇၀၀ အထိ ရှိခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မေ ၉ ရက် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားချက်များကို မေ ၁၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

တတိယတစ်နှစ်တာကာကလအတွင်း လျှပ်စစ်ကဏ္ဍတိုးတက်လာအောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် အဆိုပါနှစ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအနေဖြင့် ယူနစ်သန်း ၂၂၃၀၀ ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားပေးစက်ရုံ အသစ်တည်ဆောက်မှုအနေဖြင့် ၂၂၅ မဂ္ဂါဝပ်နှင့် မဂ္ဂါဝပ် ၉၀ ရှိ မြင်းခြံသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံနှစ်ရုံ၊ ၁၄၅ မဂ္ဂါဝပ်ရှိ ကျောက်ဆည် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ ၁၁၈ ဒသမ ၉ မဂ္ဂါဝပ်ရှိ သထုံသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ၊ ၃ ဒသမ ၂ မဂ္ဂါဝပ်ရှိ အထက်နမ့်ထွမ် ရေအားလျှပ်စစ်စက်ရုံ၊ ၄ မဂ္ဂါဝပ်ရှိ ရာဇဂြိုလ်ရေးအားလျှပ်စစ်စက်ရုံများ တည်ဆောက်ပြီးစီးခဲ့သည့်အတွက် စုစုပေါင်း ၅၈၆ မဂ္ဂါဝပ် တိုးချဲ့ထုတ်လုပ်ဖြန့်ဖြူးနိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်အနေဖြင့် တစ်နှစ်လျှင် ၁၉ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိကြောင်း၊ လက်ရှိအခြေအနေတွင် တစ်နှစ် မဂ္ဂါဝပ် ၃၀၀ မှ ၅၀၀ ကြား တိုးတက်လိုအပ်လျက်ရှိသည်ကို တွေ့ရကြောင်း၊ အဆိုပါဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ရေတိုရေရှည်အစီအမံများ ချမှတ်ကာ ကြိုတင်စီမံဆောင်ရွက်မှသာ နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်ကို နှစ်စဉ် အချိန်မီ ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အမျိုးသားလျှပ်စစ်ဓာတ်အားစီမံကိန်း NEP အရ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် အမြင့်ဆုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ၃၃၀၃ ဒသမ ၉ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် မေ ၅ ရက်တွင်မှု အမြင့်ဆုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ၃၀၇၈ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ခဲ့သဖြင့် လေးလအတွင်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ၂၅၅ ဒသမ ၉ မဂ္ဂါဝပ်အထိ လျော့ကျခဲ့ကြောင်း သိရသည်။

လက်ရှိလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ပမာဏ ၃၀၇၈ မဂ္ဂါဝပ်ကျော်အနက် ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲမှုသည် ၁၂၈၂ မဂ္ဂါဝပ်အထိရှိပြီး တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိသုံးစွဲမှု၏ ၄၁ ရာခိုင်နှုန်းကျော်အထိရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၅၁၆ ဒသမ ၂ မဂ္ဂါဝပ်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၁၆ ရာခိုင်နှုန်းကျော်အထိရှိပြီး နေပြည်တော်နယ်မြေ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၁၆၁ မဂ္ဂါဝပ်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ငါးရာခိုင်နှုန်း ကျော်ရှိကြောင်း သိရသည်။

အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၁၂၁၄ ဒသမ ၇ မဂ္ဂါဝပ်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃၉ ရာခိုင်နှုန်းကျော်အထိရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

 

Most Read

Most Recent