အေြကွးဝယ်ကတ် Credit Card များအပေါ် ကောက်ခံနိုင်သည့် အမြင့်ဆုံး အတိုးနှုန်းကို တစ်နှစ်လျှင် ရာခိုင်နှုန်း ၂၀ အထိ တိုးမြှင့်သတ်မှတ်ရန် နိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြား

အေြကွးဝယ်ကတ် Credit Card များအပေါ် ကောက်ခံနိုင်သည့် အမြင့်ဆုံး အတိုးနှုန်းကို တစ်နှစ်လျှင် ရာခိုင်နှုန်း ၂၀ အထိ တိုးမြှင့်သတ်မှတ်ရန် နိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြား
Published 26 April 2019
  စည်သူအောင်

အေကွးဝယ်ကတ် Credit Card များအပေါ် ကောက်ခံနိုင်သည့် အမြင့်ဆုံး အတိုးနှုန်းကို တစ်နှစ်လျှင် ရာခိုင်နှုန်း ၂၀ အထိ တိုးမြှင့်သတ်မှတ်ရန် နိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ဘဏ်များက အေကွးဝယ်ကတ် Credit Card ဖြင့် ဝန်ဆောင်မှုပေးသည့် ချေးငွေပမာဏအပေါ် ကောက်ခံနိုင်သည့် အမြင့်ဆုံး အတိုးနှုန်းကို တစ်နှစ်လျှင် ရာခိုင်နှုန်း ၂၀ သတ်မှတ်လိုက်ကြောင်း ညွှန်ကြားချက်အမှတ် ၁၄/၂၀၁၉ ထုတ်ပြန်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြည်တွင်းဘဏ်များမှ Credit Card ဝန်ဆောင်မှု ပေးအပ်ခြင်းကို ၂၀၁၅ ခုနှစ်အတွင်း စတင်ခွင့်ပြုခဲ့ပြီး အတိုးနှုန်းကို ၁၃ ရာခိုင်နှုန်း စတင် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၁၆ ရာခိုင်နှုန်းအထိ အတိုးနှုန်းမြှင့်တင်ခဲ့ပြီး ယခု အမြင့်ဆုံး အတိုးနှုန်းကို ရာခိုင်နှုန်း ၂၀ အထိ ကောက်ခံရန် ညွှန်ကြားချက် ထပ်မံထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပုဂ္ဂလိက ဘဏ်များသည် အေကွးဝယ်ကတ်များကို ၂၀၁၅ ခုနှစ်မှ စတင် ဝန်ဆောင်မှုပေးခဲ့ကြပြီး ကတ်အမျိုးအစား အမျိုးမျိုး ထုတ်ဝေခဲ့ကြသည်။ အသက် ၂၁ နှစ် ပြည့်ပြီးသူတိုင်း Credit Card လျှောက်ထားနိုင်ပြီး MPU အမှတ်တံဆိပ်ပါရှိသော နေရာများ ဖြစ်သည့် စျေးဝယ်စင်တာများ၊ ဓာတ်ဆီဆိုင်များ၊ စားသောက်ဆိုင်များနှင့် ဟိုတယ်များ စသည့် POS (Point of Sale) စက် တပ်ဆင်ထားသော နေရာများနှင့် ATM စက်များတွင် ငွေသားထုတ်ယူ အသုံးပြုနိုင်သည်။ ထို့ပြင် ပြည်တွင်း e-Commerce Website များတွင်လည်း သုံးစွဲနိုင်ပြီး နိုင်ငံတကာတွင်လည်း ငွေပေးချေမှုများ၊ ပြည်ပ ATM စက်များတွင် ငွေသားထုတ်ယူ သုံးစွဲမှုများလည်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ဘဏ်များသည် ၎င်းတို့ ထုတ်ဝေသော Credit Card များအတွက် ကတ် အမျိုးအစားအလိုက် ကတ်တန်ဖိုးနှင့် နှစ်စဉ်ကြေးများ ကောက်ခံလျက်ရှိပြီး အနည်းဆုံး ကျပ် ၃၀၀၀၀ မှ အများဆုံး ကျပ် ၁၇၀၀၀၀ ဝန်းကျင်အထိရှိ သည်။ Credit Card မှ POS  သုံးစွဲသည့် ငွေပမာဏကိုလည်း အတိုးကင်းလွတ်ခွင့်ကာလ ပေးထားပြီး အများဆုံး ကာလမှာ ၄၅ ရက် ဖြစ်သည့်အတွက် သတ်မှတ်အတိုးနှုန်း ကင်းလွတ်ခွင့်ကာလ မကျော်လွန်မီ သုံးစွဲထားသည့် ငွေအား ဘဏ်သို့ပြန်ဆပ်ပါက အတိုးကင်းလွတ်ခွင့် ရှိသော်လည်း ကင်းလွတ်ခွင့်ကာလ ကျော်လွန်သွားပါက သုံးစွဲထားသည့် ငွေပမာဏပေါ်တွင် အတိုး တွက်ချက်သွားမည်ဖြစ်ပြီး ယခု တွက်ချက်မည့် အတိုးနှုန်းမှာ ရာခိုင်နှုန်း ၂၀ အထိ ဘဏ်များက ကောက်ခံနိုင်မည် ဖြစ်သည်။ Credit Card ဖြင့် ATM စက်မှ ငွေသားထုတ်ယူပါက သတ်မှတ် ဝန်ဆောင်ခ (ဘဏ်အလိုက် ကောက်ခံမှုနှုန်း ကွာခြားသည်) ကို ထုတ်ယူချိန်ကတည်းက ပေးဆောင်ရမည်ဖြစ်ပြီး အဆိုပါငွေ ပြန်မဆပ်မချင်း သတ်မှတ်အတိုးနှုန်း ပေးဆောင်ရမည် ဖြစ်သည်။

ဘဏ်များသည် Credit Card များကို  ချေးငွေထုတ်ယူ သုံးစွဲနိုင်မှုပမာဏ အနည်းအများအလိုက် ခွဲခြား ထုတ်ဝေထားကြခြင်း ဖြစ်ပြီး အနည်းဆုံး ကျပ် သုံးသိန်းမှစ၍ အများဆုံး ကျပ်သိန်း ၅၀၀ ဝန်းကျင်အထိ အသုံးပြုနိုင်သည်။ Credit Card သုံးစွဲသူများ၏ အသုံးစရိတ် စစ်ဆေးခြင်းကို လကုန်တိုင်းတွင် ဘဏ်များက ကတ်သုံးစွဲမှုစာရင်း ပေးပို့ပြီး စာရင်းပေးပို့ချိန်မှစ၍ သတ်မှတ်ကာလအတွင်း ငွေပြန်ဆပ်ပါက အတိုးကင်းလွတ်ခွင့် ပေးထားကြောင်း သိရသည်။                   

Most Read

Most Recent