WBC ဟဲဗီးဝိတ်ချန်ပီယံ ဝိုင်လ်ဒါနှင့် တိုင်ဆန်ဖူရီတို့၏ စိန်ခေါ်ပွဲ ဒီဇင်ဘာ (၁) ရက် ကျင်းပမည်

WBC ဟဲဗီးဝိတ်ချန်ပီယံ ဝိုင်လ်ဒါနှင့် တိုင်ဆန်ဖူရီတို့၏ စိန်ခေါ်ပွဲ ဒီဇင်ဘာ (၁) ရက် ကျင်းပမည်
Published 23 September 2018

 

 

Photo: Boxing News

 

WBC ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အမေရိကန်လက်ဝှေ့သမား ဒီယွန်တေးဝိုင်လ်ဒါနှင့် ဗြိတိန်လက်ဝှေ့သမားတိုင်ဆန်ဖူရီတို့ ၏ စိန်ခေါ်ပွဲကို ဒီဇင်ဘာ (၁) ရက်တွင် အမေရိကန်နိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

WBC ချန်ပီယံ ဝိုင်လ်ဒါသည် မူလက ဗြိတိန်နိုင်ငံသားပင်ဖြစ်သည့် WBA (စူပါ)၊ IBF၊ WBO ချန်ပီယံအန်သိုနီဂျိုရှူအာနှင့် ချန်ပီယံခါးပတ်ပေါင်းစည်းပွဲ ထိုးသတ်ရန် စီစဉ်ထားသော်လည်း ပျက်ပြယ်ခဲ့သောကြောင့်တိုင်ဆန်ဖူရီနှင့် ပြောင်းလဲထိုးသတ်ခြင်းဖြစ်သည်။

ဝိုင်လ်ဒါနှင့် ဖူရီသည် ချန်ပီယံ စိန်ခေါ်ပွဲထိုးသတ်ရန် ပြီးခဲ့သည့်လကတည်းက သဘောတူညီမှုရရှိထားခြင်းဖြစ်ပြီးစက်တင်ဘာ (၂၂) ရက်တွင် သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း ပွဲစီစဉ်သည့် Haymon Boxing ကုမ္ပဏီက အတည်ပြုကြေညာခဲ့သည်။ " WBC ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဒီယွန်တေးဝိုင်လ်ဒါရဲ့ ချန်ပီယံကာကွယ်ပွဲကိုတိုင်ဆန်ဖူရီနဲ့ ထိုးသတ်သွားမှာပါ။ ဒီပွဲကို ဒီဇင်ဘာ (၁) ရက် စနေနေ့မှာ Pay-Per-View (တစ်ပွဲချင်းရုပ်သံအခပေး)စနစ်နဲ့ တိုက်ရိုက်ပြသသွားမှာပါ။ စာချုပ်တွေတော့ လက်မှတ်ရေးထိုးပြီးပါပြီ။ ပရိုမိုးရှင်းခရီးစဉ်ကို လန်ဒန်မှာအောက်တိုဘာ (၁) ရက် စတင်ပြုလုပ်မှာပါ။ နယူးယောက်စီးတီးနဲ့ လော့စ်အိန်ဂျလိစ်မှာလည်း ထပ်ပြီးတော့လုပ်သွားမှာပါ" ဟု Haymon Boxing ကုမ္ပဏီက ကြေညာခဲ့သည်။

WBC ချန်ပီယံ ဝိုင်လ်ဒါ (၃၂ နှစ်) သည် ၂၀၀၈ ဘေကျင်းအိုလံပစ်ပြိုင်ပွဲ၏ ဟဲဗီးဝိတ်တန်း ကြေးတံဆိပ်ဆုရှင်ဖြစ်ပြီး၂၀၁၅ ခုနှစ် ဇန်နဝါရီတွင် ချန်ပီယံခါးပတ်စတင်ရရှိကာ ချန်ပီယံကာကွယ်ပွဲ (၇) ပွဲ အနိုင်ရထားသည်။ ၎င်းသည်ပရော်ဖက်ရှင်နယ်ပွဲစဉ် စုစုပေါင်း (၄၀) ထိုးသတ်ရာ ပွဲအားလုံးအနိုင်ရထားပြီး WBC ချန်ပီယံခါးပတ် လွှဲပြောင်းရရှိသည့်တစ်ပွဲသာ အမှတ်ဖြင့်ဆုံးဖြတ်ရကာ ကျန် (၃၉) ပွဲစလုံး အလဲထိုးအနိုင်ရထားခြင်းဖြစ်သည်။

စိန်ခေါ်သူ တိုင်ဆန်ဖူရီ (၃၀ နှစ်) မှာလည်း ၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် နာမည်ကြီးကစားသမားဝလာဒီမာကလစ်ရှ်ကိုအား အမှတ်ဖြင့် အနိုင်ရကာ WBA (စူပါ)၊ IBF ၊ IBO နှင့် WBO ချန်ပီယံခါးပတ်များရယူနိုင်ခဲ့သူဖြစ်သည်။ သို့သော် ဖူရီသည် တားမြစ်ဆေးပြဿနာနှင့် စိတ်ကျဝေဒနာကြောင့် ချန်ပီယံခါးပတ်များ စွန့်လွှတ်ခဲ့ရပြီးယခုနှစ် ဇွန်နှင့် သြဂုတ်တွင် နှစ်ပွဲပြန်လည်ထိုးသတ်ရာ အနိုင်ရထားပြီး ထိုးသတ်ခဲ့ဖူးသည့် (၂၇) ပွဲ စလုံး ရှုံးပွဲမရှိအနိုင်ရထားသူဖြစ်သည်။