ရှမ်းပြည်နယ် ဟိုပုံး-မိုင်းပွန် ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက် လုံခြုံရေးတပ်ဖွဲ့များက ပြန်လည် ထိန်းချုပ်ခဲ့ပြီး မိုင်းပွန်မြို့မှ တောင်ကြီးမြို့အထိ ပုံမှန်အတိုင်းသွားလာနိုင်ပြီဖြစ်ကြောင်း နစကထုတ်ပြန်

ရှမ်းပြည်နယ် ဟိုပုံး-မိုင်းပွန် ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက် လုံခြုံရေးတပ်ဖွဲ့များက ပြန်လည် ထိန်းချုပ်ခဲ့ပြီး မိုင်းပွန်မြို့မှ တောင်ကြီးမြို့အထိ ပုံမှန်အတိုင်းသွားလာနိုင်ပြီဖြစ်ကြောင်း နစကထုတ်ပြန်
Published 1 March 2024

ရှမ်းပြည်နယ် ဟိုပုံး-မိုင်းပွန် ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက် လုံခြုံရေးတပ်ဖွဲ့များက ပြန်လည်ထိန်းချုပ်ခဲ့ပြီး မိုင်းပွန်မြို့မှတောင်ကြီးမြို့အထိ ပုံမှန်အတိုင်းသွားလာနိုင်ပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသအတွင်း အဓိက ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သော ပြည်ထောင်စုလမ်းမကြီးအား ဖြတ်တောက် ပိတ်ဆို့ရန်  NCA တွင် လက်မှတ်ရေးထိုးထားသည့် PNLA အဖွဲ့မှ ငြိမ်းချမ်းမှုကို မလိုလားသူအချို့နှင့် KNDF ၊ KNPP ပူးပေါင်းအဖွဲ့များသည် ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်၍  ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ လုံခြုံ ရေးတပ်ဖွဲ့ဝင်များကို  ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လမ်းကြောင်းတစ်လျှောက်ရှိ အဓိကနေရာများအား ပိတ်ဆို့မှုများ လုပ်ဆောင်လာခဲ့ကြောင်း နစက၏ ထုတ်ပြန်မှုအရသိရသည်။

ထိုသို့ပိတ်ဆို့မှုများကြောင့် ခရီးသွားလာမှုများ ခေတ္တရပ်တန့်ခဲ့ရပြီး ကုန်စည်စီးဆင်းမှုများ ပြတ်တောက်ခဲ့ရာ ဒေသခံပြည်သူများစိုးရိမ်ပူပန်မှုများဖြစ်ပေါ်ခဲ့သဖြင့် တိုက်ခိုက်ရေးစစ်ကြောင်းများအား စနစ်တကျ အင်အားစုဖွဲ့၍ ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ကာ ဆီဆိုင်-မိုင်းပွန် ကားလမ်းတစ်လျှောက်နှင့် ပြည် ထောင်စုကားလမ်းမကြီးတစ်လျှောက် ဘေးဝဲယာများကို ရှင်းလင်းမှုများဆောင်ရွက်ခဲ့ရာ လက်နက်ကိုင်အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၂၉ ရက်တွင် ပြည်ထောင်စုလမ်းမကြီးအား အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ကာ ယနေ့( မတ်လ ၁ ရက်)မှ စတင်၍ ယာယီရပ်တန့်ခဲ့သည့် ခရီးသွားယာဉ်များ၊ လူစီးယာဉ်၊ ကုန်သယ်ယာဉ်များ ပုံမှန်အတိုင်းသွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ကျဆုံး၊ ထိခိုက်ဒဏ်ရာများရရှိခဲပြီး လက်နက်ကိုင်များထံမှ အလောင်းအချို့၊ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ် ပြန်မှုအရသိရသည်။       

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် ဟိုပုံး-မိုင်းပွန်သွား ပြည်ထောင် စုကားလမ်းမကြီးတစ်လျှောက် လက်နက်ကိုင်အဖွဲ့၏ ပိတ်ဆို့ထားသည့် နေရာများအား ဖယ် ရှားရှင်းလင်းနိုင်ခဲ့ပြီး ယနေ့(မတ်လ ၁ ရက်)တွင် မိုင်းပွန်မြို့မှ တောင်ကြီးမြို့အထိ ပုံမှန်အတိုင်း သွားလာနိုင်ပြီးဖြစ်ကြောင်းနှင့် အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် လမ်းမကြီးအား ပိတ်ဆို့၍ ငွေကြေးကောက်ခြင်း၊ လက်နက်မှောင်ခိုလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးဖြန့်ချိရောင်းချရေးလုပ်ငန်းများကို လုပ် ကိုင်ပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိသည့် လက်နက်ကိုင်များအား အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်မှုတွင် ဖောြ်ပထားသည်။

Most Read

Most Recent