ပွဲကစားခွင့်ဆုံးရှုံးလျှင် ကစားသမားများ ဒေါသထွက်ရမည်ဟု အူနိုင်းအမ်မရီ ဆို

ပွဲကစားခွင့်ဆုံးရှုံးလျှင် ကစားသမားများ ဒေါသထွက်ရမည်ဟု အူနိုင်းအမ်မရီ ဆို
Published 17 September 2018

 

Photos: Getty Images

အာဆင်နယ်အသင်း၏ စပိန်လူမျိုးနည်းပြ အူနိုင်းအမ်မရီက မိမိအသင်းမှ ကစားသမားများအနေဖြင့် ပွဲကစားခွင့်ဆုံးရှုံးလျှင် ဒေါသထွက်ရမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

မနေ့က ကစားခဲ့သော နယူးကာဆယ် (၁-၂) အာဆင်နယ်ပွဲတွင် ပွဲချိန် (၆၈) မိနစ်၌ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းကို အူနိုင်းအမ်မရီက လူစားလဲခဲ့ရာ ၎င်းက စိတ်ဆိုးဒေါသထွက်သည့်အမူအရာများ ပြသခဲ့သည်။

သို့ဖြစ်ရာ ပွဲအပြီးတွင် ၎င်း၏အပြုအမူနှင့်ပတ်သက်၍ အူနိုင်းအမ်မရီအား သတင်းထောက်များက မေးမြန်းခဲ့သည်။ အူနိုင်းအမ်မရီက ယင်းဖြစ်ရပ်မှာ ပုံမှန်ဖြစ်ကြောင်းနှင့် ကစားသမားအနေဖြင့် ကစားခွင့်မရလျှင် ဒေါသထွက်မည်မှာ သဘာဝသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ဒါဟာ ဘာမှမထူးခြားတဲ့ ပုံမှန်ဖြစ်ရပ်တစ်ခုပါ။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့အာဆင်နယ်ကစားသမားတွေကို ကွင်းထဲက အခုလိုလူစားလဲခံရတာဖြစ်စေ၊ ပွဲထွက် (၁၁)ယောက်စာရင်းမှာ ပါဝင်ခွင့်မရတာဖြစ်စေ ဒေါသထွက်စေချင်ပါတယ်။ ကစားသမားတွေအနေနဲ့ ပွဲကစားခွင့်ရဖို့အမြဲရည်မှန်းချက်ထားပြီး အသင်းကို ကူညီပေးနိုင်ရပါမယ်။ သူတို့အတွက် ကွင်းထဲမှာ ကစားခွင့်ရဖို့က အမြဲဦးစားပေးဖြစ်နေရပါမယ်။ ကျွန်တော့်အတွက်ကတော့ (အူဘာမီယန်း၏) ဒီဖြစ်ရပ်က ပုံမှန်ဖြစ်ရပ်တစ်ခုပါပဲ" ဟု အူနိုင်းအမ်မရီက ပြောကြားခဲ့သည်။

ယင်းပွဲတွင် ပွဲချိန် (၈၀)မိနစ်၌ လူစားလဲခံခဲ့ရသည့် ကွင်းလယ်လူ ရမ်ဆေးမှာ မည်သည့်ဒဏ်ရာပြဿနာမှမရှိကြောင်း၊ ၎င်းပင်ပန်းနွမ်းနယ်နေ၍ လူစားလဲခဲ့ခြင်းဖြစ်ကြောင်းလည်း အူနိုင်းအမ်မရီက ပြောကြားခဲ့သည်။

Most Read

Most Recent